News

POST TYPE

TIP

ရုန်းကန်ရင်း ဘဝကို တည်ဆောက်ခဲ့သူ ဘရိုင်ယန် ဟန်ဒါဆင် (Brian Henderson)
02-May-2017 tagged as

“ကျွန်တော်တို့ ဈေးကွက်က နှုန်းထားတွေထက် ပိုပြီးတော့ ပေးတယ်။ ဝန်ထမ်းတွေနဲ့ အမြဲညှိနှိုင်းတယ်”

ဘရိုင်ယန် ဟန်ဒါဆင်ကို ဇင်ဘာဘွေနိုင်ငံတွင် မွေးဖွားသည်။ သူသည် တောင်ပိုင်းရှိ Falcon ကောလိပ်တွင် တက်ရောက် ပညာသင်ကြားခဲ့ရပြီး အားကစား အလွန် ထူးချွန်သော ကျောင်းသားတစ်ဦးလည်း ဖြစ်ခဲ့သည်။ ဝါတာပိုလို၊ ဟော့ကီနှင့် ရေကူးတို့တွင် ထူးချွန်သည့် အားကစားသမားတစ်ဦးဖြစ်သည်။  
“ကျွန်တော်တို့က ဘော်ဒါနေတာလေ။ ကျောင်းထဲက အချိန်မရွေး ထွက်နိုင်တာ အားကစားအဖွဲ့ပဲရှိတာ။ ဒါကြောင့် အားကစားအဖွဲ့ထဲ ပါအောင် လုပ်ကြရတယ်။ အားကစားအဖွဲ့တွေကလည်း ပြိုင်ဆိုင်အား အရမ်း ကြီးမားကြတယ်”

သူက ကျောင်းသားဘဝ အားကစားလုပ်ခဲ့ပုံများအကြောင်း ပြန်ပြောပြနေသည်။ အားကစားပြိုင်ပွဲများတွင် ပါဝင်ခဲ့ရပြီး အပြိုင်အဆိုင် စိတ်ဓာတ်များက သူ့ဘဝကို ရိုက်ခတ်နေသည်။ 

သူ ဇင်ဘာဘွေက ထွက်လာပြီးနောက် အီလက်ထရွန်နစ် အင်ဂျင်နီယာ ဘာသာရပ်ကို တောင်အာဖရိကတွင် သင်ကြားခဲ့ရာ၌လည်း အခက်အခဲတွေ ရင်ဆိုင်ခဲ့ရသည်။ ကျောင်းကိုရောက်ရန် လေးမိနစ်ခန့် တောင်တက်ရသည်။ နောက်ထပ် လေးမိနစ် တောင်ဆင်းလမ်းအတိုင်း ကောလိပ်အရောက် လျှောက်ရသည်။ သူပညာသင်ခဲ့ရသည်က အဆင်ပြေ ချောမွေ့လှသည်တော့မဟုတ်ပေ။

ဟန်ဒါဆင်သည် ကျောင်းပြီးသည့်အခါ ဇင်ဘာဘွေနိုင်ငံ ဟာရာရီကို ပြန်ရောက်လာသည်။ IBM ကုမ္ပဏီတွင် စတင် ဝင်ရောက် အမှုထမ်းသည်။ ထိုအချိန်တွင် နိုင်ငံရေး အခြေအနေများကလည်း ရှုပ်ထွေးလာသည်။ ဆိုးရွားလာသည့် နိုင်ငံရေး အခြေအနေများကြောင့် သူသည် ၁၉၈၉ ခုနှစ်တွင် ဗြိတိန်နိုင်ငံကို ထွက်လာခဲ့သည်။

ဗြိတိန်နိုင်ငံကို ရောက်လာပြီးနောက် Reuters Healthcare တွင် ဝင်ရောက် အလုပ်လုပ်ကိုင်သည်။ ရှစ်နှစ်ခန့် အိုင်တီနှင့် ဆက်နွှယ်သော လုပ်ငန်းများကို ထိုဌာနတွင် လုပ်ကိုင်ခဲ့သည်။ ထိုကာလများတွင် အင်တာနက်သည် သူ့ဘဝတစ်ခု ဖြစ်လာခဲ့သည်။ သူ၏ အသိပညာ ရှာလိုစိတ်၊ လုပ်ငန်းကျွမ်းကျင်မှုတို့က သူ့ကို ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ရန် တွန်းအားပေးခဲ့သည်။ သူက ကိုယ်ပိုင်လုပ်ငန်းအဖြစ် Swebtec ကုမ္ပဏီကို ထူထောင်လိုက်တော့သည်။

“ကျွန်တော်တို့ရဲ့ ပထမဆုံး အခက်အခဲက အွန်လိုင်း portal တစ်ခုကို ထူထောင်နိုင်ဖို့ပဲ။ ပထမအဆင့်မှာကတည်းက ကျွန်တော်တို့မှာ ငွေကြေးမရှိဘူး၊ ဖောက်သည် မရှိဘူး။ ဒါကြောင့် အလုပ်တွေကို အနည်းဆုံး ငွေကြေးတွေနဲ့ ဝန်ဆောင်မှုတွေ စပေးမယ်၊ ကျွန်တော်တို့ကို ပိုက်ဆံ မပေးရင်နေ ရှယ်ယာပေးရင် တော်ပြီဆိုတဲ့ သဘောနဲ့ စလုပ်ခဲ့တယ်”ဟု သူကဆိုသည်။

ဤနည်းဖြင့် Wesite တစ်ခုဖြစ်သော Swebtec ကို ၂၀ဝ၁ ခုနှစ်တွင် ထူထောင်နိုင်ခဲ့ကြသည်။ Primelocation.com အနေနှင့် ထူထောင်ခဲ့ပြီးမှ ၂၀ဝ၆ ခုနှစ်တွင် Daily Mail နှင့် General Holdings ကုမ္ပဏီကို စတာလင်ပေါင် ၄၇ သန်းဖြင့် လွှဲပြောင်း ရောင်းချလိုက်တော့သည်။ 

“ကျွန်တော် စိတ်မကောင်း ဖြစ်လိုက်တာက ရှယ်ယာများများ မရလိုက်တာပဲ”ဟု သူကဆိုသည်။

သူတို့ ရရှိထားသည့် ငွေကြေးများဖြင့် Swebtec ကို ရင်းနှီးမြှုပ်နှံမှုများ ထပ်မံ လုပ်ဆောင်ခဲ့သည်။ ဗြိတိန်နိုင်ငံ ဆေးဆိုင်ပေါင်း ၁၂၀ဝ၀ သို့ ဆော့ဖ်ဝဲများ ရေးပေးရန် စာချုပ်များ လက်ခံရရှိလိုက်သည်။ ဟန်ဒါဆင်က -

“Windows အခြေခံစနစ်တွေကို ဆေးဆိုင်တွေအတွက် ဆော့ဖ်ဝဲတွေ ရေးပေးရတယ်။ ကျွန်တော်တို့ သုတေသန လုပ်ငန်းတွေ အများကြီး လုပ်ရတယ်။ အွန်လိုင်းမှာ Web-based စနစ်ဆိုပြီးတော့ အကောင်းဆုံး လုပ်ဆောင်နိုင်အောင် စိတ်ကူးတွေ ထုတ်ရတယ်။ လက်ရှိ ဆေးဆိုင်တွေမှာ အသုံးပြုနေတဲ့ ဆော့ဖ်ဝဲတွေရဲ့ ဟာကွက်တွေကိုလည်း မြင်အောင် ကြည့်ရတယ်။ ဆေးဆိုင်တွေ ကိုယ်တိုင်က သူတို့ဖောက်သည်တွေဆီကို ပစ္စည်းတွေ ဖြန့်ပေးနေရာမှာ သဘောမကျတဲ့ အချက်တွေ ရှိနေတယ်ဆိုတာ သိရတယ်။ ကျွန်တော်တို့က Primelocation.com ကို ရောင်းလိုက်ပေမယ့် PharmaSys ဆိုတာကို ပြန်ပြီးတော့ အောင်မြင်အောင် တည်ထောင်နိုင်ခဲ့ပါတယ်”ဟု ပြောပြသည်။

လက်ရှိ အနေအထားတွင် ဆေးဆိုင်များ၌ အသုံးပြုနေသည့် ဆော့ဖ်ဝဲမှာ သိပ်ပြီး ကောင်းမွန်လှသည်တော့ မဟုတ်ပေ။ ဒေတာများ ကူးပြောင်းပေးပို့ရာတွင် မြန်သင့်သလောက် မမြန်သေးပေ။ ဗြိတိန်နိုင်ငံရှိ အမျိုးသား ကျန်းမာရေးဌာန (NHS) နှင့် ချိတ်ဆက်ရာတွင်လည်း အားနည်းချက်များ ရှိနေသေးသည်။ အထူးသဖြင့် အရေးပါသည့် ဆေးအရောင်းအဝယ်လုပ်သည့် ဌာနကြီးများနှင့် ချိတ်ဆက်မှုရရန် အရေးကြီးသည်။

ထို့ကြောင့် ဆေးအရောင်းအဝယ် လုပ်နေသည့်ဌာနများ၊ ထုတ်လုပ်သည့် ဌာနကြီးများ၏ ထုတ်လုပ်မှုများကို အမြဲတမ်း ဒေတာအသစ်များ ရရှိနိုင်ရန် လိုအပ်နေသည်။ Swebtec က တီထွင်ထားသည့် စနစ်သည် အင်တာနက်ကို ချိတ်ဆက်မှသာ အသုံးပြုနိုင်သည်။ အင်တာနက်ကို ချိတ်ဆက်လိုက်ခြင်းဖြင့် အဖွဲ့အစည်း အားလုံးနှင့် ချိတ်ဆက်မိကာ ဒေတာများကိုလည်း အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်မည်ဖြစ်သည်။ သို့မှသာ ဘယ်ကုမ္ပဏီက ဘာတွေ ထုတ်ထားကြောင်းကိုလည်း အချိတ်အဆက်မိမိ သိနိုင်သည်။

ဗြိတိန်ကျန်းမာရေးဌာန (NHS) သည် ဆေးထုတ်လုပ်သည့် စာရင်းများကို ကိုင်ထားရသည်။ ထို့ကြောင့် ဟန်ဒါဆင်လည်း NHS ကို ချိတ်ဆက်ပြီး ရရှိသည့် ဒေတာများကို သူဝန်ဆောင်မှု ပေးနေသည့် ဆေးအရောင်းဆိုင်များက ရရှိစေရန် ကြံဆောင်ပေးနိုင်ရေးအတွက် လုပ်ဆောင်ခဲ့ရပြန်သည်။

ယုံကြည်မှုနှင့် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခြင်းသည် အောင်မြင်မှုကို ရရှိလာစေခြင်း ဖြစ်သည်။ သူက မိမိတို့ အောင်မြင်မှုနှင့် ပတ်သက်ပြီး -

“ကျွန်တော်တို့ အောင်မြင်လာတာ ထိပ်ဆုံးကနေတဲ့သူတွေလည်း လုပ်ငန်းထဲ ဆင်းရတာတွေလည်း ပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေကို ဈေးကွက်က နှုန်းထားတွေထက် ပိုပြီးတော့ ပေးတယ်။ ဝန်ထမ်းတွေနဲ့ အမြဲ ညှိနှိုင်းတယ်”ဟု သူကဆိုသည်။

တစ်ချိန်က တောင်အာဖရိကတွင် မွေးဖွားခဲ့သူ ကောင်လေး တစ်ယောက်သည် ဗြိတိန်ကို ရောက်လာပြီး ရိုးသား ကြိုးစားစွာဖြင့် ကုမ္ပဏီတစ်ခုကို ထူထောင်နိုင်စေရန် ကြိုးစားခဲ့သည်။ သူ့အတွေးထဲတွင် ရှိနေသည်က တော်လှန် ပြောင်းလဲနိုင်သည့် နည်းပညာသာ ဖြစ်သည်။ သူသည် ဗြိတိန်နိုင်ငံ ဆေးရောင်းဝယ်သည့်စနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးပမ်းသည်။ အွန်လိုင်းကတစ်ဆင့် ဆေးအရောင်းအဝယ် လုပ်ငန်းကို အောင်မြင်စေရန် သူအထောက်အကူပြုခဲ့သည့် နည်းပညာ လုပ်ငန်းမှာ ယခုအခါ လမ်းကြောင်းတစ်ခုပေါ် ရောက်နေပြီဖြစ်သည်။

  • TAGS