News

POST TYPE

TIP

ဘာဘရာ ကာ့စာနီ (Barbara Cassani)
23-Apr-2017 tagged as


“ငါကိုယ်တိုင် အားမထုတ်၊ ငါမလုပ်ဘဲ ဖြစ်မှာမဟုတ်ဘူး”

ဘာဘရာ ကာ့စာနီတစ်ယောက် အဘယ်ကြောင့် ဗြိတိန်တွင် ထင်ပေါ်ကျော်ကြားလာရသနည်း။ ဗြိတိသျှ လေကြောင်းလိုင်းကို သူမ ထူထောင်ရာတွင် အများနှင့်မတူ ၁၉၉၈ ခုနှစ်တွင် ဘတ်ဂျက်လေကြောင်းလိုင်းခေါ် Go Fly ကို ထူထောင်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ၂၀၁၂ ခုနှစ်တွင် လန်ဒန်၌ကျင်းပသည့် နွေရာသီ အိုလံပစ် ပွဲတော်အတွက် အဆောက်အအုံများ တည်ဆောက်ရေးလုပ်ငန်းများတွင် ဦးဆောင်ခဲ့ရသူအဖြစ် ပိုပြီးကျော်ကြားလာခဲ့ပြန်သည်။ ယခုအခါ ဘာဘရာတစ်ယောက် Juries Inn ဆိုသည့် ဟိုတယ်လုပ်ငန်းစုကြီးကို ဦးဆောင်နေသူတစ်ဦး အနေနှင့်လည်း ထင်ရှားလာခဲ့ရသူ ဖြစ်သည်။

ကာ့စာနီက Go Fly ကို အဘယ်ကြောင့် သူ ထူထောင်ခဲ့ရကြောင်းကို ရှင်းပြသည်။ ရှင်းရှင်းဘွင်းဘွင်း ပြောတတ်သည့် သူ့ဝသီအတိုင်း -

“အလုပ်အမှုဆောင်အဖွဲ့က လူတွေကတော့ လေကြောင်းလိုင်းသစ် တစ်ခုကို ထူထောင်ရင် အခွင့်အလမ်းကောင်းတွေ အများကြီး ရလာလိမ့်မယ်လို့ ထင်ကြတယ်။ အဲဒီလို ထင်တဲ့နေရာမှာတင် ရပ်သွားပြီ။ ဒါပေမဲ့ ဗြိတိသျှ လေကြောင်းလိုင်းရဲ့ စီအီးအိုရာထူးကို ယူထားသူတစ်ယောက် အနေနဲ့ကတော့ သိနေတယ်။ ငါကိုယ်တိုင် အားမထုတ်၊ ငါမလုပ်ဘဲ ဖြစ်မှာမဟုတ်ဘူး ဆိုတာပေါ့”

ဗြိတိသျှလေကြောင်းလိုင်းတွင် အရေးပါသည့်ရာထူးကို ယူထားရသည့် ကာလများတွင် ကာ့စာနီတစ်ယောက် အရောင်းအဝယ် လုပ်ငန်းတွေ အများကြီး လုပ်ကိုင်ခဲ့ရသည်။ သူ အဘယ်ကြောင့် လုပ်ရသနည်း။ လုပ်ငန်းသစ်များကို ချဲ့ထွင်ချင်သောကြောင့်ဖြစ်သည်။

“ကျွန်မက ရာထူးတွေ အဆင့်ဆင့်နဲ့ ကန့်သတ်ထားတာတွေကို ဖြုတ်ချချင်တယ်။ စကားတွေ အများကြီးပြောတာ ကျွန်မ မကြိုက်ဘူး။ ကျွန်မတို့က ဝန်ထမ်းတွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောဆို ဆက်ဆံသင့်တယ်။ အဲဒါ အရေးအကြီးဆုံးပဲ။ ကျွန်မတို့က သူတို့ကို အကောင်းဆုံး ကြိုးစား လုပ်ဆောင်လာအောင် အားပေးတာတွေ လုပ်ရမယ်။ လူတိုင်း အမှား လုပ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ အမှားလုပ်ရင် အမှားလုပ်တာကို အမြန်ဆုံး တစ်ခုခု တုံ့ပြန်လိုက်ရင်ပြီးပြီ။ အဲဒါကို ဇာချဲ့ပြီးတော့ ဟိုလူ့ကို အပြစ်တင်၊ သည်လူ့ကို လက်ညှိုးထိုး လိုက်လုပ်ပြီး အချိန်ဖြုန်းတာတွေ မလုပ်သင့်ဘူး။ မန်နေဂျာ အများစုက အဲဒီလိုတွေချည်း လုပ်နေတာကို ကျွန်မ အရမ်း ခံစားရတယ်။ သူတို့ အကျင့်တွေကို ခုထိ ပျောက်အောင် မဖျောက်နိုင်သေးဘူး”

သူမ အဘယ်ကြောင့် အောင်မြင်ခဲ့ရသနည်းဆိုသည့် အကြောင်းကို ပြန်ပြောရာတွင် အဓိကကျသည့်အချက်မှာ လူကောင်းတွေကို အဖွဲ့ကောင်း တစ်ခုအဖြစ် လူမှန်၊ နေရာမှန် မွေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပြောသည်။ သူက သူမွေးသည့်လူများမှာ သူနှင့် မတူသည့်သူများ ဖြစ်ရမည်ဟုလည်း ဆိုသည်။

“ရှင်တို့ လူမှန် နေရာမှန်ဖြစ်အောင် ရွေးချယ်ဖို့ လိုတယ်။ ဒါမှလည်း ကျွမ်းကျင်အောင် လုပ်ဆောင်နိုင်လိမ့်မယ်။ လူတော်တွေနဲ့ ပေါင်းပြီးတော့ လုပ်မှ ကိုယ့်ရဲ့ အားနည်းချက်တွေ၊ ငါဒီလောက်ပဲ စွမ်းဆောင်နိုင်ပါလား ဆိုတာတွေ သိလာမယ်။ ရှင်တို့ လက်ရွေးစင် ရွေးချယ်ထားတဲ့ လူတွေနဲ့ အချိန်ဖြုန်းနေတာထက် ဝန်ထမ်းယူနီဖောင်း ဝတ်ထားသူတွေ၊ ကုမ္ပဏီ တံဆိပ်တပ်ဆင်ထားတဲ့ ဝန်ထမ်းတွေနဲ့ အချိန်ပေးပြီး နေထိုင်သင့်တယ်”

၂၀ဝ၁ ခုနှစ်တွင် ကာ့စာနီသည် 3i ဆိုသည့် ကုမ္ပဏီတစ်ခုကို ကျောထောက် နောက်ခံထားပြီး လုပ်ငန်းကြီး တစ်ခုလုံးကို သူပိုင်အဖြစ် ရှယ်ယာများ ဝယ်ကာ သိမ်းပိုက်လိုက်တော့သည်။ ဤသို့ဖြင့် ပထမဆုံး ဗြိတိသျှ လေကြောင်းလိုင်း၏ CEO ရာထူးကို ပိုင်ဆိုင်နိုင်ခဲ့ရသည်။ သို့သော် ၂၀ဝ၂ ခုနှစ်တွင် ပြိုင်ဘက် လေကြောင်းလိုင်း တစ်ခုဖြစ်သည့် EasyJet လိုင်းက အတိုက်အခံ လုပ်ပြီး ကာ့စာနီပိုင်သည့် လေကြောင်းလိုင်းကို ဝယ်ယူလိုက်တော့သည်။ ထိုအတွေ့အကြုံများက သူ့ဘဝအတွက် တန်ဖိုး မဖြတ်နိုင်သည့် အတွေ့အကြုံများပင်ဖြစ်သည်။ လုပ်ငန်းအတွက် နာကျင်ခါးသီးသော အတွေ့အကြုံများကို ရလိုက်ခြင်းဖြစ်သည်။

“ရှင်တို့ သူများဆီက ငွေကို ယူထားရင် သူတို့ကို ကျေးဇူးကြွေးတင်နေပြီ။ ကျွန်မတို့ လုပ်နိုင်တာထက် ပိုပြီးတော့ လုပ်ဖို့လိုသေးတယ်ဆိုတာ သိလိုက်တယ်။ ကျွန်မ ရောင်းလိုက်ပါတယ်။ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပဲ။ သင်ခန်းစာတွေ အများကြီး ရလိုက်တယ်။ ခုဆိုရင် ဘာလုပ်လုပ် အဲဒီအဖြစ်အပျက်က ကျွန်မကို သတိပေးနေတယ်”

ကာ့စီနီက စီးပွားရေးလုပ်ရာတွင် အရေးကြီးသည့်အချက်မှာ ဦးဆောင်သူများသည် ကိုယ့်လုပ်ငန်းခွင်တွင် တတ်နိုင်သမျှ များများ အချိန်ပေးပြီး လာရောက် နေထိုင်ရန်လိုကြောင်း ပြောကြားသည်။

“ကိုယ့်ရုံးခန်း ကျယ်ကြီးထဲမှာထိုင်ပြီး စိတ်ကူးထုတ်တာကတစ်ပိုင်း၊ အဲဒီစိတ်ကူးတွေကို ပြီးစီးအောင် ဘယ်လို လုပ်ရမလဲဆိုတာ နားလည်တာကတစ်ပိုင်း ဖြစ်နေသင့်တယ်။ ကိုယ့်အတွက် အလုပ် လုပ်ပေးနေတဲ့ လူတွေအကြောင်း၊ သူတို့လုပ်နေတဲ့ အလုပ်နဲ့ သူတို့ ပတ်ဝန်းကျင်တွေအကြောင်း ရှင်တို့ ကောင်းကောင်း သိထားသင့်တယ်”

သူက ဦးဆောင်သူများကို လုပ်ငန်းခွင်အတွင်း၊ စက်ရုံအတွင်း၊ ဝန်ထမ်းများအတွင်း၊ ဆိုင်များ၊ ရုံးခန်းများကြားသို့ မကြာခဏ သွားရောက်သင့်ကြောင်း တိုက်တွန်းသည်။ တစ်ခါတစ်ရံတွင်လည်း အတွေ့အကြုံရှိသည့် စီနီယာကြီးများနှင့် တိုင်ပင်ဆွေးနွေး၊ သူတို့ထံက အကြံဉာဏ်များယူပြီး သုံးလခန့် ကြိုတင်ကာ ဘာတွေ ပြင်ဆင် လုပ်ကိုင်ထားသင့်ကြောင့် လုပ်ငန်းနှင့် ပတ်သက်သည့် အစီအစဉ်များကို ဆွဲထားသင့်ကြောင်း ပြောကြားသည်။

“ပထမဆုံး ဦးစားပေး လုပ်ဖို့လိုတာက နေ့စဉ် လုပ်ဆောင်ရမယ့် အစီအစဉ် မှတ်တမ်းတွေပဲ။ ဒီလို အစီအစဉ် မှတ်တမ်းတွေ ရဖို့ဆိုတာ နေ့တိုင်း အစည်းအဝေးတစ်ခုခု ပြုလုပ်နေဖို့ လိုမယ်။ ဘုတ်အဖွဲ့ အစည်းအဝေး အရင်ဆုံးလုပ်၊ ပြီးရင် ဝန်ထမ်းတွေနဲ့ ပြန်ပြီးတော့ ဆွေးနွေးခိုင်း။ သူတို့ဆီက အကြံဉာဏ်တွေကိုတောင်း။ ဒီလိုလုပ်တာဟာ ကိုယ့်ဝန်ထမ်းတွေကို တခြားအလုပ်ကို ပြောင်းမသွားနိုင်အောင် ထိန်းချုပ်လိုက်တဲ့နည်းလည်း ဖြစ်တယ်”

နောက်ဆုံးအနေနှင့် သူမ၏ လုပ်ငန်းဆိုင်ရာ အကြံပြုချက်က ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါသည်။ လုပ်ငန်းတစ်ခု လုပ်ရာတွင် လုပ်ငန်းခွင်အတွင်း ရှိနေသည့်လူတိုင်းကို လွတ်လပ်စွာ ဆုံးဖြတ် လုပ်ပိုင်ခွင့်ပေးထားခြင်းဖြစ်သည်။

“ရှင်တို့ ကိုယ့်ဝန်ထမ်းတွေကို ကျေးဇူးတင်တယ်ဆိုတဲ့ စကားပြောကြည့်ပါ။ အလွန် လွယ်ပါတယ်။ ဘာမှလည်း ကြီးမားတဲ့ တန်ဖိုး မပေးရပါဘူး။ ဒါပေမဲ့ ရှင်တို့ ပြန်ရလိုက်တာက အကြီးကြီးဖြစ်လိမ့်မယ်”

သို့သော် ကာ့စာနီက မှတ်ချက်ပြုလိုက်သည်။

“ဒါပေမဲ့ အဲဒီလို ကျေးဇူးဆိုတဲ့စကား ပြောတတ်တဲ့ လုပ်ငန်းရှင်တွေကတော့ အနည်းသား”

  • TAGS