News

POST TYPE

TIP

သင့်ကို လူတွေ ယုံကြည်လာစေမယ့် အချက် (၅) ချက်
15-Aug-2016

လုပ်ဖော်ကိုင်ဖက်တွေ နဲ့ မိတ်ဆွေတွေ သာမက သူစိမ်းတွေကပါ သင့်ကို ယုံကြည်လာအောင် သင့်ရဲ့ နေ့စဉ်ဘဝမှာ ဒီအချက် (၅) ချက်ကို အသုံးချကြည့်ပါ။

(၁) စိတ်မကောင်းပါဘူး

ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေကို စိတ်မကောင်းဘူးလို့ ပြောရတာ အဓိပ္ပာယ် မရှိဘူးလို့ ထင်စရာပါ။ ဒါနဲ့ပတ်သက်ပြီး ဟားဗတ်တက္ကသိုလ်က သုတေသန ပညာရှင်တွေက လူငယ်တစ်ယောက်ကို မိုးရွာတဲ့နေ့မှာ ဘူတာရုံသွားပြီး သူစိမ်းတွေဆီက ဖုန်းငှားဆက်ခိုင်းပါတယ်။ အဲဒီမှာ “မိုးတွေရွာနေတာ စိတ်မကောင်းစရာပဲ” လို့ ပြောပြီးမှ “ဒါနဲ့ ကျွန်တော်ကို ဖုန်းခဏပေးဆက်ပါလား” လို့ ပြောတဲ့အခါ ၄၉ ရာခိုင်နှုန်းက ငှားကြပြီး “ကျွန်တော့်ကို ဖုန်းခဏပေးဆက်ပါလား” လို့ပဲ တိုက်ရိုက်ပြောတဲ့အခါမှာတော့ ၉ ရာခိုင်နှုန်းကသာ ငှားတဲ့အကြောင်း တွေ့ရှိခဲ့ပါတယ်။

(၂) ပုတ်သင်ညို

ပုတ်သင်ညိုတွေ ပတ်ဝန်းကျင်ရဲ့ အရောင်ကို လိုက်ပြီး ပြောင်းလဲကြသလိုပဲ သင်လည်း တစ်ဖက်လူရဲ့ ကိုယ်ဟန်အမူအရာကို အတုခိုးပါ။ သင် လူတစ်ယောက်နဲ့ စကားပြောတဲ့အခါ သူ့ဆီက ယုံကြည်စိတ်ချရမှု ရချင်ရင် သူကိုယ်နေဟန်ထားအတိုင်း နေကြည့်ပါ။ ဥပမာ- သူက စားပွဲပေါ် လက်တင်ထားရင် သင်လည်း တင်ထားတာမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ သိပ်သိသာလာအောင် တစ်သဝေမတိမ်းတော့ လိုက်မလုပ်ပါနဲ့။

(၃) ရှက်ရွံ့ပါ

ရှက်ရွံ့ကြောင်းပြတာဟာ အားနည်းချက် မဟုတ်ပါဘူး။ ဥပမာ သင့်ကို လူတစ်ယောက်က သင့်ရဲ့ အောင်မြင်မှုအကြောင်း ဂုဏ်ယူစကား လာပြောပြီ ဆိုပါစို့။ သင်က ရှက်ရွံ့ဟန် အမူအရာနဲ့ ကျေးဇူးတင်ကြောင်း တုံ့ပြန်ပါ။ တကယ်လို့ ဂုဏ်ယူဟန်နဲ့ တုံ့ပြန်မယ်ဆိုရင် နောက်ထပ်လာမယ့် ပြောဆိုဆက်ဆံမှုတွေမှာ သင့်အပေါ် ယုံကြည်မှု နည်းသွားနိုင်ပါတယ်။

(၄) မွှေးရနံ့

သင့်အိမ်မှာ လာဗင်ဒါပန်းရနံ့လို ခပ်သင်းသင်း မွှေးရနံ့မျိုး ဆောင်ထားပါ။ ဧည့်သည်တစ်ယောက်ယောက် လာဖို့ရှိတဲ့အခါ သင့်အိမ်ဟာ ရနံ့သင်းသင်း ရှိနေပါစေ။ သုတေသနတစ်ခုအရ လူငယ်တွေကို အုပ်စုခွဲပြီး ငွေကြေးအပ်နှံမှုတွေ လုပ်ခိုင်းတဲ့အခါ မွှေးရနံ့ရရှိတဲ့ လူငယ်တွေက ငွေပမာဏ ပိုများများ အပ်နှံကြတာကို တွေ့ရှိထားပါတယ်။

(၅) သူငယ်ချင်းကတစ်ဆင့်

သူစိမ်းတစ်ယောက်နဲ့ မိတ်ဖွဲ့ချင်တဲ့အခါ သူနဲ့သိတဲ့ ကိုယ့်သူငယ်ချင်း တစ်ဦးက တစ်ဆင့်သွားပါ။ တခြားနည်းလမ်းတွေနဲ့ မိတ်ဖွဲ့တာထက်စာရင် သင့်အပေါ် ပိုယုံကြည်စိတ်ချပါလိမ့်မယ်။

Ref: rd.com