News

POST TYPE

TIP

ဂျိမ်းစ် ကန်း
02-Apr-2017 tagged as

“စိတ်ကူးတွေ ဘယ်လောက်ကောင်းကောင်း၊ လူကောင်းမရှိရင် အလကားပဲ”

သူ့ကို ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် လာဟိုးတွင် မွေးဖွားခဲ့သည်။ သူအသက် ၂ နှစ်သားလောက်ကတည်းက မိဘများနှင့်အတူ ဗြိတိန်ကို ရောက်ရှိလာခဲ့သူ ဖြစ်သည်။ 

ဂျိမ်းစ်ကန်း (James Cann) သည် အင်္ဂလန် လန်ဒန်တွင် အခြေစိုက်ထားသည့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သော Hamilton Bradshaw ၏ အကြီးအကဲ CEO တာဝန်ကို ယူထားရသူတစ်ဦး ဖြစ်သည်။ အေးဆေးတည်ငြိမ်ပြီး စူးရှထက်မြက်သည့် မျက်လုံးပိုင်ရှင် စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ သူ့ကို BBC ရုပ်သံက ထုတ်လွှင့်သည့် Drangons' Den အစီအစဉ်ကြောင့် လူသိများသည်။

သူ့ကို ကုမ္ပဏီကြီးများ၊ လုပ်ငန်းကြီးများအတွက် အလွန်တော်ပြီး အရည်အချင်းရှိသူ ခေါင်းဆောင်များ ရှာပေးသူအဖြစ်လည်း လူသိများသည်။ သူက ထိပ်ပိုင်းခေါင်းဆောင် ရှာဖွေပေးသည့်အလုပ်ကို ၁၉၈၅ ခုနှစ်ကတည်းက Alexander Mann Group ကုမ္ပဏီအနေနှင့် ထူထောင်ပြီး လုပ်ကိုင်ခဲ့သည်။ သူ့လုပ်ငန်းသည် နိုင်ငံပေါင်း ၅၀ တွင် ရုံးခွဲများ ဖွင့်လှစ်ထားရပြီး စတာလင်ပေါင် သန်း ၃၀ဝ ခန့်အထိ လည်ပတ်နိုင်သည့် လုပ်ငန်းကြီးတစ်ခု ဖြစ်လာသည်။ 

ကန်းသည် Doug Bugie နှင့်ပူးပေါင်းပြီး ၁၉၉၃ ခုနှစ်တွင် Humana International ကုမ္ပဏီကို ထပ်မံ ထူထောင်ပြန်သည်။ ထိုခေါင်းဆောင်ရှာဖွေမှု လုပ်ငန်းကြီးကလည်း ၁၉၉၉ ခုနှစ်တွင် နိုင်ငံပေါင်း ၃၀ ၌ ရုံးခွဲပေါင်း ၁၄၇ ခုအထိ ဖွင့်လှစ်နိုင်ခဲ့သော လုပ်ငန်းကြီး ဖြစ်လာခဲ့သည်။

သူက လန်ဒန်အခြေစိုက် Hamilton Bradshaw ရုံးကို ၂၀ဝ၄ ခုနှစ်မှ ထူထောင်ခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိကပိုင် ရှယ်ယာအစုများ ရောင်းချထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ရှယ်ယာများ ဝယ်ယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း စသည့်လုပ်ငန်းများကိုလည်း လုပ်ကိုင်ခဲ့ပြီး သူထူထောင်ထားသည့် လုပ်ငန်းတိုင်းကို စတာလင်ပေါင် ၁၀ သန်းဖြင့် စတင်ရင်းနှီးကာ ထူထောင်နိုင်ခဲ့သူလည်း ဖြစ်သည်။

သူ၏ လုပ်ငန်း အောင်မြင်ခဲ့မှုများနှင့်ပတ်သက်ပြီး -

“လုပ်ငန်းမှာ အောင်မြင်ချင်ရင် သူများတွေနဲ့ မတူတဲ့ နည်းလမ်းတွေနဲ့ ရှာလုပ်ဖို့ လိုတယ်။ စိတ်ကူးတွေ အများကြီး ကူးနိုင်ကြတာပဲ။ ဒါပေမဲ့ သူလိုကိုယ်လို စိတ်ကူးတွေ ဖြစ်နေရင် ဘာလုပ်မှာလဲ။ ကျွန်တော် Alexander Mann လုပ်ငန်းကို စတင် ထူထောင်တုန်းက လူသစ်ရှာတဲ့လုပ်ငန်း လေးမျိုးလောက်ပဲ ရှိတာ။ အလယ်အလတ်တန်းစား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေက ကြော်ငြာတွေ ထုတ်ပြီးတော့ ကုမ္ပဏီတွေအတွက် အလယ်အလတ်တန်းအဆင့် မန်နေဂျာတွေကိုပဲ ရှာဖွေပေးကြတယ်။ တကယ့် ထိပ်တန်းရာထူးတွေအတွက် ဆိုရင်လည်း စတာလင်ပေါင် တစ်သိန်းနဲ့ အခြားခံစားခွင့်တွေ ကြော်ငြာထုတ်ပြီး ခေါ်လိုက်ကြတာ များတယ်။ ကျွန်တော်ကတော့ အလယ်အလတ်တန်းစား မန်နေဂျာတွေကိုပဲ ရှာဖွေပေးတယ်ဆိုပေမယ့် ကျွန်တော် ရှာပေးတဲ့သူတွေဟာ သူများတွေ ရှာပေးတာနဲ့ မတူရဘူး”

ဂျိမ်းစ် ကန်းသည် ဟားဗတ် စီးပွားရေး ကျောင်းဆင်းတစ်ဦး ဖြစ်သည်။ အစောပိုင်းကာလ မအောင်မြင်ချိန်တွင် သူလုပ်ဆောင်ခဲ့ရပုံများကို -

“လူတွေ သိဖို့နဲ့ အသိအမှတ် ပြုလာဖို့ အရေးကြီးတယ်။ အဲဒါကို ဆုံးရှုံးသွားလို့ မရဘူး။ ပုံမှန်အတိုင်း သွားနေနိုင်အောင်ကို ကြိုးစားသွားရမှာ။ အဖွဲ့အစည်း လုပ်ငန်းတွေမှာ စွန့်ဦးတီထွင် လုပ်ဆောင်ချင်သူတွေနဲ့ အကောင်းဆုံး လုပ်ဆောင်ချင်သူတွေကြားမှာ ကွာခြားချက်တွေရှိတယ်။ အဲဒီနှစ်ယောက်ကြားမှာ ကွာခြားချက်တွေက အရမ်းကြီးတယ်။ ကျွန်တော်က လူတွေကို ခေါ်တဲ့အခါမှာ ကျွန်တော့်ထက် တော်တဲ့သူတွေကိုပဲ ခေါ်လေ့ရှိတယ်”

ကန်းက သူ့လုပ်ငန်းများ အောင်မြင်လာခဲ့ရခြင်းမှာ လူတွေကို မက်လုံးပေးပြီး ဆွဲဆောင်နိုင်စွမ်းကြောင့်ဟု ဆိုသည်။ သူက လုပ်ငန်းဆိုင်ရာ ခံစားခွင့်တွေကို မက်လုံးပေးသည်။ ဥပမာ- လုပ်ငန်းတွင် ရှိနေသည့် ရှယ်ယာတွေကိုပေးပြီး ဆွယ်သည်။ သူတို့လုပ်ငန်းလို မှတ်ယူလာသည့်အခါတွင် ထိုလုပ်ငန်းတိုးတက်မှ သူတို့ဘဝတွေလည်း တိုးတက်လာမည်ဟု ခံယူလာစေခြင်းက သူလူရှာသည့်လုပ်ငန်းကို တိုးတက် အောင်မြင်စေခဲ့ခြင်း ဖြစ်သည်။ 

သူ့ဘဝတွင် အမှားတွေ မရှိခဲ့ဘူးလား ဆိုသည်ကို သူက -

“ကျွန်တော် ဆုံးဖြတ်ချက်တွေကို မြန်မြန်ချတဲ့အခါ အမှားတွေ လုပ်မိတတ်ပါတယ်။ စွန့်ဦးတီထွင် လုပ်နေရတဲ့သူတွေမှာ တစ်ခုပြီးတစ်ခု စဉ်းစား ဆုံးဖြတ်နေရတာတွေ ရှိနိုင်တယ်။ ဒါကြောင့် အမြန်ဆုံး ဆုံးဖြတ်ပြီး လုပ်ဆောင်ရတာတွေဆိုရင် သတိထားရတယ်”ဟုဆိုသည်။

သူ့ကို ၂၀ဝ၃ ခုနှစ်က Pricewaterhouse Coopers Entrepreneur ဆုပေးစဉ်က -

“ငွေရှာတယ်ဆိုတာ မလွယ်ပါဘူး။ တကယ့်ကို စီမံကိန်းတွေချပြီး လုပ်ဆောင်နိုင်ရမယ်။ အခက်အခဲတွေ ကြုံလာတာကိုလည်း နားလည်နိုင်ရမယ်။ အခက်အခဲတွေကို လျော့ပါးသက်သာ သွားအောင်လည်း လုပ်ဆောင်နိုင်ပြီး ငွေကြေးဘက်ကလည်း အောင်မြင်အောင် လုပ်နိုင်ရမယ်”ဟု သူက ပြောကြားခဲ့သည်။

“အောင်မြင်တဲ့ လုပ်ငန်းရှင် အများစုဟာ စိတ်ကူးကောင်းကောင်း၊ အတွေးကောင်းကောင်း နောက်ကိုပဲ လိုက်နေကြတာ။ ဒါပေမဲ့ သူတို့ စိတ်ကူးကောင်းတွေကို အကောင်အထည်လိုက် ဖော်ပေးနိုင်မယ့် လူကောင်းတွေကို လိုအပ်တယ်ဆိုတာ သိပ်ပြီးတော့ သတိမပြုမိကြဘူး။ သူတို့က စိတ်ကူးနောက် တောက်လျှောက် လိုက်နေကြရင်းက၊ အောင်မြင်အောင် လုပ်ပေးနိုင်မယ့်သူတွေကို မေ့နေကြတာ။ စိတ်ကူး ဘယ်လောက်ကောင်းကောင်း၊ လူကောင်းတွေ မရှိရင် အလကားပဲ”
 
သူက “လုပ်ငန်းတစ်ခု အောင်မြင်ချင်ရင်၊ အကောင်အထည် ဖော်နိုင်သူကို ဦးစားပေး ရွေးချယ်နိုင်ရမယ်”ဆိုသည့် သဘောတရားကို ပြောလည်းပြော၊ လက်ကိုင်လည်းထားသူတစ်ဦးဖြစ်သည်။

“ခင်ဗျားတို့ ထုတ်ထားတဲ့ထုတ်ကုန်ကို အမည်ကောင်းကောင်း ပေးပြီး ဈေးကွက် တင်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လို ဈေးကွက်ကို တင်မလဲဆိုတာ အရေးကြီးတယ်။ အဲဒီပစ္စည်းကို ဘယ်သူက ဝယ်မှာလဲ။ သူတို့ ဘာကြောင့် ပိုက်ဆံပေး ဝယ်ကြမှာလဲ၊ သူတို့ ဘယ်လို ဝယ်ကြမှာလဲ။ စိတ်ကူးရတာ လွယ်လွယ်လေး။ စိတ်ကူးကို အကောင်အထည် ဖော်ရတာ ခက်တယ်။ စီးပွားရေး လုပ်တယ်ဆိုတာ စိတ်ကူးတွေကို အကောင်အထည်ပေါ်အောင် ဖော်နိုင်မှ အောင်မြင်တာ”

သူသည် ၂၀၁၃ ခုနှစ်တွင် International Business Awards ကို ရရှိခဲ့ပြီး Chairman of the Year အဖြစ်လည်း သတ်မှတ်ခြင်း ခံခဲ့ရသည်။

  • TAGS