News

POST TYPE

TIP

အသက် ၃၀ ဝန်းကျင်မှာ ချမ်းသာနိုင်မယ့် လျှို့ဝှက်ချက် (၇) ချက်
11-Aug-2016

အသက် ၂၀ ကျော်နဲ့ ၃၀ တစ်ဝိုက်ဟာ စိန်ခေါ်မှုများတဲ့ အသက်အပိုင်းအခြား ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဘယ်အသက်မှာ ချမ်းသာမယ်ဆိုတာဟာ အတပ်ပြောလို့ရတဲ့ အရာတစ်ခု မဟုတ်ပေမယ့် ဒီနည်းဗျူဟာ (၇) ခုကို အခုကတည်းက လိုက်နာမယ်ဆိုရင် သင့်အနေနဲ့ ချမ်းသာကြွယ်ဝတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။


၁။ နေ့ရွှေ့ညရွှေ့လုပ်တာရပ်ပါ
အချိန်တွေအများကြီး ရှိပါသေးတယ်လေ ဆိုတဲ့အတွေးမှားဟာ ငယ်ရွယ်သူတွေမှာ အများဆုံးရှိပါတယ်။ အလုပ်အကိုင်၊ ငွေကြေး၊ ပိုင်ဆိုင်မှု အဲဒါတွေက သူ့အချိန်နဲ့သူ ဖြစ်လာလိမ့်မယ်လို့ လူငယ်တွေက ယုံကြည်တတ်ကြပါတယ်။ အဲဒီလိုနဲ့ တစ်လပြီးတစ်လ တစ်နှစ်ပြီးတစ်နှစ် အချိန်တွေရွှေ့ဆိုင်းရင်း ၁၀ စုနှစ်တစ်ခုစာ အချိန်တွေ ပုပ်သွားပါတော့တယ်။ ဒါကြောင့် ငယ်ရွယ်စဉ်ကတည်းက စုဆောင်းမှု ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပါ။

၂။ သူ့အလိုလိုဘာမှ ဖြစ်မလာဘူးဆိုတာ သိပါ
တစ်နေ့မှာ အခွင့်အရေးကြီးတစ်ခု ဘွားကနဲတွေ့ပြီး ချမ်းသာလာမယ်လို့ မယူဆပါနဲ့။ အဲဒါမျိုးတစ်ခုမှ မရှိပါဘူး။ သင်ချမ်းသာမယ် မချမ်းသာဘူးဆိုတာဟာ သင်ဝင်ငွေများများ ရဖို့နဲ့ ချွေတာသုံးစွဲနိုင်မှုပေါ်မှာပဲ အခြေတည်တယ်ဆိုတာ ရိုးရှင်းတဲ့အချက်တစ်ခုပါ။

၃။ သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ
ပညာရပ်တွေသင်ယူပြီး ပြည့်ဝသထက်ပြည့်ဝလာအောင် လေ့လာပါ။ သင့်မှာ အရည်အချင်းရှိလေလေ တန်ဖိုးရှိတဲ့ အခွင့်အလမ်းတွေ ပိုရနိုင်လေလေပါပဲ။

၎။ ဝင်ငွေထွက်ငွေ စာရင်းပြုလုပ်ပါ
နံပါတ်နှစ်မှာပြောတဲ့ ဝင်ငွေများများရှာပြီး ချွေတာသုံးစွဲဖို့နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဝင်ငွေထွက်ငွေစာရင်း လုပ်ပါ။ သင်ဘယ်လောက်သုံးမယ် ဘယ်လောက်ကုန်သွားတယ်ဆိုတာ မှတ်သားထားပါ။ သင်သုံးမယ့်ပမာဏထက် မကျော်ဘဲ သုံးနိုင်လာအောင် ကြိုးစားပါ။

၅။ အကြွေးတွေဆပ်ပါ
ပိုက်ဆံစုဆောင်းတာ ရင်းနှီးမြှုပ်နှံတာတွေ မလုပ်ခင် အကြွေးတွေ အရင်ဆုံးကျေအောင်ဆပ်တာ အကောင်းဆုံးပါပဲ။ အရစ်ကျစနစ်နဲ့ဝယ်ယူထားပြီး ပေးဖို့ကျန်နေသေးတာတွေနဲ့ အကြွေးတင်နေတာတွေက ရင်းနှီးမြှုပ်နှံမှုနဲ့ စုဆောင်းမှုမှာ အနှောက်အယှက်တွေ ပေးပါလိမ့်မယ်။

၆။ စွန့်စားပါ
သင့်အသက်ငယ်သေးတယ် ဆိုတာကို ဒီနေရာမှာ သတိရပါ။ စွန့်စားရမှာ လမ်းအသစ်လျှောက်ရမှာကို မကြောက်ပါနဲ့။ အလျော်အစားကြီးတဲ့ စတော့တွေ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြည့်ပါ။ ဝန်ထမ်းဘဝကထွက်ပြီး ကိုယ်ပိုင်အလုပ်စတင်ဖို့ စဉ်းစားပါ။

၇။ အခွင့်အလမ်းတွေ ဖြန့်ကျက်ထားပါ
အသက် ၂၀ ကျော် ၃၀ အချိန်မှာ စွန့်စားတာကနေ အကျိုးအမြတ်များများ ရလေ့ရှိပေမယ့် ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ ပညာရပ်တွေ များနိုင်သလောက်များများ သင်ယူပြီး နယ်ပယ် များနိုင်သလောက်များများ အဆက်အသွယ်ကောင်းတွေ တည်ဆောက်ထားပါ။ လမ်းကြောင်းတစ်ခုတည်း၊ အလုပ်တစ်ခုတည်း၊ ရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းပေါ်ပဲ မမှီခိုပါနဲ့။