News

POST TYPE

TIP

လူတော်လေးတွေ ဖြစ်အောင် ဘယ်လိုလေ့ကျင့်ပေးမလဲ
05-Mar-2017 tagged as ကလေးငယ်

ကလေးတစ်ဦးနှင့်တစ်ဦး ဦးနှောက်ဖွံ့ဖြိုးမှုချင်း IQ ချင်း မတူညီနိုင်ပါ။ သို့ရာတွင် ခေတ်သစ်နည်းစနစ်များအရ ကလေးတစ်ဦးကို ပါရမီရှင်လေးများကဲ့သို့ တော်အောင် လေ့ကျင့်ပေးနိုင်ပါသည်။ 

၁။ ဦးနှောက်၏ ဘယ်၊ ညာဆက်သွယ်မှုကို သိထားပါ

ဦးနှောက်တွင် ညာဘက်နှင့် ဘယ်ဘက်အခြမ်း နှစ်ခြမ်းသည် တုံ့ပြန်မှုချင်း မတူညီသလို၊ လုပ်ဆောင်ပေးနိုင်မှုချင်းလည်း မတူညီပေ။ ဦးနှောက်ဘယ်ဘက်အခြမ်းသည် ပိုင်းခြားဝေဖန် ဆုံးဖြတ်ပေးနိုင်သည့်အပိုင်း ဖြစ်ပြီး ညာဘက်အခြမ်းသည် တီထွင်ဖန်တီးနိုင်စွမ်းများကို ထုတ်ပေးသည့်အပိုင်း ဖြစ်သည်။

ဦးနှောက် ဘယ်ဘက်အခြမ်းသည် ဘာသာစကား ကျွမ်းကျင်မှုကို အထောက်အကူပြုပြီး၊ ညာဘက်ခြမ်းသည် တွေးခေါ်နိုင်စွမ်းကို ကိုယ်စားပြုကြောင်း သိထားရန်လိုသည်။ မည်သို့ဆိုစေ ဦးနှောက်၏ ဘယ်ညာနှစ်ပိုင်းသည် ကွဲပြားနေသော်လည်း ဆက်စပ်နေသည်။ ထို့ကြောင့် လူတို့၏ နေ့စဉ်ဘဝ ပြဿနာများကို စဉ်းစားတွေးခေါ်၊ ပိုင်းဖြတ်ဆုံးဖြတ်ခြင်းများကို ချက်ချင်းတုံ့ပြန် ပြုလုပ်ပေးနေကြရသည်။ 

ကလေးတစ်ယောက်သည် လေးဖက်တွား အရွယ်ရောက်သည့်အခါ ဘယ်လက်ကို ရှေ့ထုတ်ရွေ့လျားလိုက်လျှင် ညာခြေကို ရှေ့ထုတ်လိုက်ရမည်ကို အလိုလိုသိသည်။ အလားတူ ညာလက်ကို ရှေ့ထုတ်လိုက်လျှင်လည်း ဘယ်ခြေကိုလိုက်ပြီး ရှေ့ထုတ်ရမည်ကို အလိုလိုသိသည်။ ယင်းအချက်နှစ်ချက်က ဦးနှောက်သည် တစ်ပိုင်းနှင့်တစ်ပိုင်း ဆက်စပ်နေကြောင်း အကောင်းဆုံး ပြဆိုနိုင်ခြင်း ဖြစ်သည်။

ကလေးတစ်ဦးသည် လေးဖက်တွားသွားခြင်း မလုပ်ဘဲ မတ်တတ်သွားခြင်း အလုပ်ကို တိုက်ရိုက်ပြုလုပ်နိုင်ခြင်း မရှိပေ။ လေးဖက်တွားခြင်းသည် မတ်တတ်ရပ် လမ်းလျှောက်ခြင်းအတွက် မဖြစ်မနေ ဖွံ့ဖြိုးရမည့် အခြေခံ ဖြစ်သည်။ 

လမ်းလျှောက်သည့် အရွယ်တွင်လည်း ညာလက်ရှေ့လွှဲလျှင် ဘယ်ခြေ လိုက်ရွှေ့ရသည်။ ညာခြေ ဘယ်လက်၊ ဘယ်ခြေ ညာလက်လိုက်ရသည်။ လမ်းလျှောက်ခြင်း ပုံစံက ကလေးတစ်ဦးအတွက် အကောင်းဆုံး ကျန်းမာစေသည့် ပုံစံတစ်ခုကို အခြေချပေးလိုက်ခြင်း ဖြစ်သည်။

ကလေးတစ်ဦးတွင် ဘယ်သန်၊ ညာသန် စာရေးခြင်း အမျိုးမျိုး တွေ့နိုင်ပါသည်။ စာရေးခြင်းကိစ္စတွင် ဘယ်သန် ညာသန် ပြဿနာ မရှိပါ။ ဘယ်သန်ကို ညာဖြင့်ရေးရန် အတင်းအဓမ္မ တိုက်တွန်းခြင်း၊ ညာသန်ကို ဘယ်ဖြင့်ရေးရန် အတင်းအဓမ္မ ခိုင်းစေခြင်းများ မပြုလုပ်ခိုင်းသင့်ပါ။ ကလေးကို ပိုပြီး ထက်မြက်စေလိုလျှင် နှစ်ဖက်စလုံးနှင့် ရေးတတ်စေရန် လေ့ကျင့်ပေး၍ ရနိုင်ပါသည်။ တစ်နေ့ နည်းနည်းစီ လေ့ကျင့်သွားခိုင်းနိုင်ပါသည်။

ကလေးတစ်ဦးကို ဦးနှောက်ဖွံ့ဖြိုးစေရန် အကောင်းဆုံးနည်းမှာ ဒရမ်တီးခိုင်းခြင်း ဖြစ်သည်ဟုလည်း ဆိုကြသည်။ ဒရမ်တီးခြင်း လေ့ကျင့်ခန်းတွင် ကလေးသည် ဦးနှောက်ကို ဘယ်ရောညာပါ တစ်ပြိုင်တည်း အမြန်ဆုံး လုပ်ဆောင်နေရသည့်အတွက် အကောင်းဆုံး လေ့ကျင့်ခန်းဟု ဆိုခြင်းဖြစ်သည်။

၂။ အောက်ဆီဂျင်များများ ရှူခိုင်းပါ

ဦးနှောက်သည် အောက်ဆီဂျင်များများ ရနေရန် အရေးကြီးသည်။ ထို့ကြောင့် ကလေးများကို ဉာဏ်ကောင်းပြီး ဦးနှောက်ဖွံ့ဖြိုးစေချင်လျှင် အပြင်ထွက်ပြီး လေကောင်းလေသန့်များများ ရှူခိုင်းသင့်သည်။ အပြင်ထွက် လမ်းလျှောက်ခိုင်းခြင်း၊ ဘောလုံးကစားခိုင်းခြင်း၊ ပြေးခိုင်းခြင်း၊ ကြိုးခုန်ခိုင်းခြင်း၊ လွတ်လပ်ပျော်ရွှင်စွာ အော်ဟစ်ကစားစေခြင်းများသည် အချိန်တိုတိုနှင့် အထိရောက်ဆုံးသော ဦးနှောက်လေ့ကျင့်ခြင်းနည်းများ ဖြစ်သည်။ သူတို့အဆုတ်များကို လေတွေအပြည့် ရှူသွင်းရှူထုတ် လုပ်စေခြင်းက ဦးနှောက်ကိုလည်း များစွာသက်ရောက်မှုများ ရှိနိုင်သည်။ 
ယနေ့ခေတ်တွင် ကလေးအများစုသည် အိမ်တွင်၊ တီဗီ၊ ကွန်ပျူတာ၊ ဖုန်းများဖြင့် အချိန်တွေ ကုန်နေကြသည်က များသည်။ ဦးနှောက်ဖွံ့ဖြိုးစေလိုလျှင် အားလုံးကို မျှတစွာ နေထိုင်နိုင်စေရန် လေ့ကျင့်ပေးဖို့ လိုသည်။ ကစားခြင်းက လူကို ကျန်းမာစေနိုင်သလို စိတ်ကိုလည်း ချမ်းသာစေနိုင်သည်။ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုသည် မည်မျှလှုပ်ရှားသနည်း ဆိုသည့် အချက်နှင့်လည်း ဆက်စပ်နေသည်။ 

ကလေးများအတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုမှာ ရေကူးခြင်း ဖြစ်သည်။ ရေကူးခြင်းက အဆုတ်ကို အားကောင်းစေပြီး ဦးနှောက်ကိုလည်း သွေးလှည့်ပတ်စီးဆင်းမှု အကောင်းဆုံး ဖြစ်စေကာ ဉာဏ်ရည်ကိုလည်း ထက်မြက်စေသဖြင့် ယောဂနည်းများတွင်ပါ ရေကူးနည်းများကို ထည့်သွင်းလေ့ကျင့်စေကြောင်း တွေ့ရသည်။ 

အဆုပ်ကများများ အလုပ်လုပ်၊ ဦးနှောက်ကို အောက်ဆီဂျင်ပို့၊ ဦးနှောက်ကရွှင် ဉာဏ်ထက်မြက် ပျော်ရွှင်ဟု ယောဂနည်းများတွင် ဉာဏ်ကောင်းစေကြောင်း အထောက်အကူပြု နည်းများကို ထည့်သွင်းသင်ကြားလျက် ရှိကြသည်။

၃။ အစားအသောက်

ကိုယ်စားသမျှ ကိုယ်ခံစားရဆိုသည့် စကား ရှိပါသည်။ ကလေးများ ဖွံ့ဖြိုးတိုးတက်စေလိုလျှင် ကိုယ်ခန္ဓာကိုလည်း ဖွံ့ဖြိုးစေရုံမက ဦးနှောက်ကိုပါ အချိုးညီ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ပေးရမည်။ အာဟာရ ပြည့်ဝသည့် အစားအစာများကို စားသောက်ခြင်းသည် ကိုယ်ခန္ဓာကို သာမက ဦးနှောက်ကိုလည်း ဖွံ့ဖြိုးတိုးတက်စေပါသည်။ ကလေးများအနေနှင့် ဆန့်ကျင်ဘက်အားဖြင့် အာဟာရမပြည့်သည့် အစားအစာများ၊ ဓာတုဆေးဝါး ပါသည့် အစားများ စားမိကာ ရောဂါရသွားနိုင်ကြောင်းကိုလည်း သတိပြုသင့်ပါသည်။

ဦးနှောက်ဖွံ့ဖြိုးမှု နောက်ကျသည့် ကလေးများကို တရားထိုင်ခိုင်းခြင်း၊ အာဟာရ ပြည့်ဝသည့် အစားအစာများ ကျွေးမွေးကာ စောင့်ရှောက်ခြင်းဖြင့် ပုံမှန်ပြန်ဖြစ်လာစေသည့် သက်သေအထောက်အထားများ ရှိပါသည်။ ထို့ကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသည်ကို လက်ခံရမည် ဖြစ်သည်။

အစားအစာ ဆိုရာတွင်လည်း ကောင်းသောအစာ၊ ဆိုးသောအစာ ဟူ၍ ခွဲခြားနိုင်ရမည် ဖြစ်သည်။ မည်သည့်အစားအစာများက ကောင်းသနည်း ဆိုသည်မှာ အထူးပြောစရာ မလိုပါ။ 
သန့်ရှင်းလတ်ဆတ်သည့် သဘာဝအစားအစာများက လူကို ကျန်းမာစေနိုင်ပါသည်။ အသား၊ ငါး၊ အသီးအနှံ မျှတအောင်စားခြင်းဖြင့် အကျိုးရှိပါသည်။ 

ကလေးများအား အသင့်ထုပ်ပိုး အစားအစာများ မစားစေသင့်ပါ။ ထို့ပြင် သကြားဓာတ်၊ ဆားဓာတ်များသော အစားအစာများကိုလည်း မကျွေးသင့်ပါ။ အစားအသောက်သည် ကလေးတစ်ယောက်၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို များစွာအထောက်အကူပြုကြောင်း စိတ်ထဲတွင် မှတ်ထားသင့်ပါသည်။

၎။ လေ့လာချိန် မျှတပါစေ

လေ့လာနည်းမျိုးစုံ ရှိပါသည်။ ကလေးများကို အသံဖြင့် လည်းကောင်း၊ အရုပ်များပြ၍သော် လည်းကောင်း၊ ကစားရင်း သင်ကြားခြင်းဖြင့် လည်းကောင်း ပိုပြီးအတတ်မြန်ကြောင်း တွေ့ရပါသည်။ မည်သို့ဆိုစေ ကလေးတစ်ယောက်၏ သင်ယူတတ်မြောက်မှုသည် သူတို့၏ စိတ်သက်သောင့်သက်သာ ဖြစ်မှုနှင့် များစွာ ဆက်စပ်ပတ်သက်နေသည်။ 

ကလေးများကို စာတွေ့သင်ကြားခြင်းထက် လက်တွေ့ မြင် သိ ကြား ကိုင်တွယ်ဖြေရှင်းနိုင်သည့် စနစ်များက ပိုပြီးဦးနှောက်ကို ထက်မြက်စေကာ ဉာဏ်ရည်ကိုလည်း ထက်မြက်စေနိုင်သည်။ ကျောင်းများတွင် သင်ကြားမှု နည်းစနစ်များမှာ မှတ်ဉာဏ်ကို စစ်ဆေးခြင်းနည်းများ ဖြစ်နေပြီး အလွတ်ကျက် ပြန်ရွတ်ခိုင်းနေလျှင် ဦးနှောက်သည် ထင်သလောက် မဖွံ့ဖြိုးနိုင်ပါ။

ဆရာက တစ်ချိန်လုံး အတန်းရှေ့က ရပ်နေပြီး ပျင်းစရာ ကောင်းလောက်အောင် သင်ပြနေခြင်းကလည်း ကလေးများကို ထက်မြက်သွက်လက်သူများ ဖြစ်မလာနိုင်ပါ။ ကလေးများ၏ ကိုယ်ပိုင်တီထွင် အားထုတ်ရခြင်းများ မပါသော အနာအကြားတစ်ခုတည်း သက်သက် သင်ကြားနေခြင်းကလည်း မထိရောက်နိုင်ပါ။

အိမ်တွင် မိဘများက ကလေးများ၏ ဉာဏ်ရည်ထက်မြက်စေနိုင်သော နည်းလမ်းများကို ရှာဖွေပေးသည့် အနေဖြင့် သင်ယူမှုပုံစံများကို လမ်းကြောင်းပြောင်းပေးနိုင်ပါသည်။ ကလေးများအတွက် စာများများ ဖတ်လာစေရန် စာအုပ်များ ဝယ်ပေးခြင်း၊ ကလေး၏ ပိုင်ဆိုင်မှုတစ်ခု အနေနှင့် သတ်မှတ်ပေးထားခြင်းများဖြင့် စတင်သင့်ပါသည်။

ကလေးများ စာဖတ်လာပြီဆိုလျှင် ဉာဏ်ရည်ကို ထက်မြက်စေသည့် ပုစ္ဆာများမေးခြင်း၊ ဉာဏ်စမ်းပဟေဠိများ ဝှက်ခြင်းတို့ကိုလည်း ကလေးနှင့်အတူ ပြုလုပ်နိုင်ပါသည်။ ကလေးများ စိတ်ရွှင်လန်းကျန်းမာစေရန် အခြားနည်းတစ်နည်းမှာ သီချင်းများ နားထောင်ခြင်း ဖြစ်သည်။ ကိုယ်တိုင်တူရိယာ တစ်ခုခုကို တီးမှုတ်နိုင်ခြင်းကိုလည်း အားပေးသင့်သည်။ ဂီတသည် ထက်မြက်မှုကို များစွာ အထောက်အကူပြုပါသည်။ 

ထို့ပြင် ကလေးများကို ဂီတ၊ အနုပညာ၊ ပန်းချီ စသည်တို့နှင့်လည်း မကင်းကွာအောင် မိဘများက အိမ်တွင် လုပ်ဆောင်ပေးသင့်သည်။ ကျောင်းတွင် လိုအပ်ချက်မှန်သမျှ မိဘများက အိမ်တွင် ဖြည့်ဆည်းပေးခြင်းဖြင့် ဉာဏ်ရည်ထက်မြက်အောင် လုပ်ဆောင်နိုင်ပါလိမ့်မည်။

၅။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါစေ

ကလေးတစ်ယောက် အောင်မြင်ခြင်းသည် သူတို့၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းနှင့်လည်း ဆက်စပ်နေသည်။ လူတစ်ယောက် အောင်မြင်မှုသည် ယုံကြည်စိတ်ရှိခြင်းနှင့် ဆက်စပ်နေသည်။ လူတစ်ယောက် ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်ခြင်း၊ အခြားသူများ ပြောဆိုသမျှကို ပိုင်းဖြတ်နိုင်ခြင်းတို့ကို လေ့ကျင့်ပေးနိုင်ပါသည်။ အများက ဝေဖန်မှုများသည် အရေးမကြီး၊ ကိုယ်ဘာတွေ လုပ်ဆောင်ထားသလဲ ဆိုသည်က အရေးကြီးကြောင်းကိုလည်း သူတို့ကို နားချပေးနိုင်ပါသည်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသည့်အခါ ကလေးများသည် လုပ်ဆောင်လိုစိတ်များ အားနည်းလာတတ်သည်။ ရှက်ကြောက်ခြင်း၊ မဝံ့မရဲ ဖြစ်နေခြင်းများကို ဦးစွာပြုပြင်ရမည်။ လူကြီးများကိုယ်တိုင်က တာဝန်ပေးခြင်း၊ တာဝန်ယူခိုင်းခြင်း၊ လုပ်ပိုင်ခွင့်ပေးခြင်း၊ ရဲရဲတင်းတင်း ဆုံးဖြတ်ပိုင်ခွင့် ပေးခြင်းများဖြင့် သူတို့ကို စမ်းသပ်သင့်ပါသည်။

ကလေးတစ်ယောက်ကို အခြားသူတစ်ဦးဦးနှင့် နှိုင်းယှဉ်ပြီး ချိုးနှိမ်မပြောသင့်ပါ။ မလုပ်နိုင်ဘူး ဆိုတာ မရှိ၊ မလုပ်နိုင်သေးသည်သာ ရှိသည်ကို သဘောပေါက်အောင် ထောက်ပြသင့်ပါသည်။ ကလေးတစ်ယောက် ရန်ဖြစ်လာတိုင်း ‘အသုံးမကျတဲ့အကောင်’ ဟု မပြောသင့်ပါ။ ရန်ဖြစ်ရသည့် အကြောင်းများကို ကိုယ့်ကလေး နှင့်ကိုယ် ပူးပေါင်းအဖြေရှာကြည့်စေချင်သည်။ ကိုယ့်ကိုထိုးလိုက်သည့်အတွက် ပြန်မထိုးနိုင်သည့် ကလေးအား အသုံးမကျဟုလည်း မပြောသင့်ပါ။ ကိုယ့်ကလေးဘက်က ရပ်တည်နိုင်အောင် ကြိုးစားပေးပါ။

ကလေးတစ်ယောက် ကောင်းလာစေရန် လူကြီးက မည်မျှကောင်းသနည်းဆိုသည့် အချက်ကလည်း အရေးကြီးပါသည်။ အကောင်းမြင်စိတ် မရှိသည့် သူများက အကောင်းမြင်စိတ် ရှိသူများ မွေးထုတ်နိုင်မည် မဟုတ်ပါ။

အကောင်းမြင်စိတ်ဖြင့် ဆင်ခြင်စဉ်းစားနိုင်စွမ်းများကို လေ့ကျင့်ထူထောင်ပေးခြင်းကလည်း သင့်ကလေးကို ထက်မြက် ဉာဏ်ကောင်းသူတစ်ဦး ဖြစ်လာစေနိုင်ပါလိမ့်မည်။            
                                  
E01 
(Ref : Developing Your Child's Genius, Esther Andrews)