News

POST TYPE

TIP

စွန့်ပစ်ခံကလေးများကို ကယ်တင်ပါ
19-Feb-2017 tagged as


ယခုနှစ်ပိုင်းအတွင်း မကြာခဏ ဖတ်လာရသည့် သတင်းများမှာ မွေးကင်းစ ကလေးသူငယ်များကို စွန့်ပစ်သည့် သတင်းများဖြစ်သည်။ ယခင်ကတည်းက ဤသို့သော စွန့်ပစ်မှုများ ရှိနိုင်သော်လည်း ဆိုရှယ်ကွန်ရက်များက အားကောင်းလာသောကြောင့် နေ့စဉ်လိုပင် အစွန့်ပယ်ခံကလေးများ အကြောင်းကို သတင်းမီဒီယာများတွင် ဖတ်နေကြရသည်။

ကလေးစွန့်ပစ်ခြင်းများသည် ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှု၊ ရက်စက်မှုသာမက စိတ်ပိုင်းဆိုင်ရာ အားနည်းလာသည့် လူ့ဘောင် အဖွဲ့အစည်းတစ်ခုအနေနှင့် ကြည့်မြင်သုံးသပ် စဉ်းစားလာရမည့်အရေး ဖြစ်ပါသည်။ စွန့်ပစ်ကလေးများကို အဘယ်ကြာင့် လူ့ဘောင် အသိုင်းအဝိုင်းတွင် အတွေ့များလာရသနည်း။

ကလေးစွန့်ပစ်ခြင်းများကို အကြောင်းရင်းရှာလျှင် ဆင်းရဲခြင်း အဓိက ဖြစ်နေကြောင်း တွေ့ရသည်။ ဆင်းရဲသည့် လူ့ဘောင်ဝန်းကျင်တွင် ကလေးတစ်ယောက်ကို မွေးရန်သာ တတ်နိုင်ပြီး ကျွေးမွေးစောင့်ရှောက်ရန် မဖြစ်နိုင်သည့်အခါ စွန့်ပစ်မှုများကို လုပ်ဆောင်လာကြသည်။ နိုင်ငံရေးအနေနှင့်လည်း နိုင်ငံတော်အတွင်း မိဘမဲ့ကလေးများ ထိန်းသိမ်းစောင့်ရှောက်သည့် ဂေဟာများ ဖွင့်ပေးထားသည်ဆိုစေ စွန့်ပယ်ခံကလေးတိုင်းမှာ တရားဝင် ဖွင့်လှစ်ထားသည့် ကျောင်းတိုင်းကို ရောက်လာကြသည်တော့ မဟုတ်ပေ။

ကလေးသူငယ်များ စွန့်ပစ်ရသည့် အခြားအကြောင်းရင်းတစ်ရပ်မှာ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ကြရခြင်းဖြစ်သည်။ အရွယ်မရောက်မီ လိင်ပညာပေး အားနည်းသော ဝန်းကျင်များတွင် လွန်ကျူးမိပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် မဖုံးနိုင်မဝှက်နိုင်ဖြစ်လာ၊ ကလေးတွေကို ဖြစ်သလို မွေးလိုက်ပြီး လွယ်လွယ်နှင့် စွန့်ပယ်မှုများကို လုပ်ဆောင်လာကြသည်။

အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်းများသည် စိတ်ဓာတ်များကိုပါ သိမ်ငယ်ပျက်စီးစေမှုများ ဖြစ်နိုင်ပါသည်။ ကိုယ့်ဘဝကို ကိုယ်တိုင်မည်သို့ ထူထောင်ရမှန်း မသိသေးချိန်တွင် နောက်ထပ် ကလေးတစ်ယောက်ကို ရင်ခွင်ပိုက်ရမည့်အရေးမှာ မည်သို့မှ မဖြစ်နိုင်တော့လျှင် အပြစ်မဲ့သည့် ကလေးများမှာ အစွန့်ပယ်ခံများဘဝ ရောက်ကြရန်သာ ရှိတော့သည်။ 

အခြားသော စွန့်ပယ်ရခြင်း အကြောင်းများတွင် မွေးလာသည့်ကလေးကို ယောက်ျားလေးဖြစ်သောကြောင့်၊ မိန်းကလေးဖြစ်သောကြောင့်ဆိုသည့် မကြိုက်သောကြောင့် စွန့်ပစ်မှုများကိုလည်း တွေ့ရပါသည်။ ထို့ပြင် မွေးဖွားလာသည့်ကလေးမှာ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့ပျက်ယွင်းခြင်း၊ မသန်စွမ်းခြင်းတို့ကို အခြေခံပြီး စွန့်ပယ်လိုက်ခြင်းများလည်း ရှိတတ်သည်။ 

သနားစရာ ကောင်းလှသည့် အပြစ်မဲ့သော ကလေးများကို စွန့်ပစ်ခြင်းက ကာကွယ်ရန်မှာ ပညာပေးရန် လိုပါသည်။ ကျောင်းများမှာကတည်းက လိင်ပညာပေးမှုများကို စနစ်တကျ ပြုလုပ်ပေးသင့်သည်။ မိသားစု စီမံချက်များ ချမှတ်ထားရန်လိုသည်။ ဥပမာ- ကလေးနှစ်ဦး ရပြီးလျှင် နောက်ထပ် ဆိုင်းငံ့ထားခြင်းမျိုး ဖြစ်သည်။ အစိုးရကလည်း ဆင်းရဲပြီး အနေအထား မကောင်းသည့် မိသားစုများအတွက် စီမံချက်များ လုပ်ဆောင်ပေးရန်လိုသည်။ ထို့ပြင် ကလေးသူငယ်များကို စွန့်ပစ်မည်ဆိုလျှင်လည်း အန္တရာယ်ကင်းစွာ စွန့်ပစ်နိုင်သည့် အနေအထားများကို ဖန်တီးပေးထားရန်လိုသည်။ မိခင်များကို ကလေးမွေးပြီးလျှင် စောင့်ကြည့် အကဲခတ်ခြင်း၊ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်မည့်သူများကို စောင့်ရှောက်အားပေးခြင်း၊ မွေးလာမည့် ကလေးများအပေါ်တွင် စီစဉ်ဆောင်ရွက်ပေးခြင်းများဖြင့်သာ ကလေးစွန့်ပစ်ခြင်းများကို တားဆီးနိုင်မည်ဖြစ်ပါသည်။

ယနေ့ခေတ်တွင် ကလေးများကို စွန့်ပစ်ခြင်းမှာ ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ပါသည်။ ဆေးရုံများတွင် မွေးပြီး စွန့်ပယ်ခဲ့လျှင်လည်း အရေးယူ အပြစ်ပေးနိုင်ပါသည်။ ဗြိတိန်တွင်လည်း အသက် ၂ နှစ်အောက် ကလေးကို စွန့်ပယ်ခဲ့ခြင်းကို ရာဇဝတ်မှုဟု သတ်မှတ်ထားသည်။ 

အရှေ့တောင်အာရှတွင် ကလေးသူငယ် စွန့်ပစ်မှု အများဆုံးမှာ မလေးရှားနိုင်ငံ ဖြစ်နေသည်။ ၂၀ဝ၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း စွန့်ပယ်ခံ ကလေးပေါင်း ၅၁၇ ဦးရှိသည်။ ယင်းတို့အနက် အမှိုက်ပုံများတွင် စွန့်ပစ်ခဲ့သောကြောင့် သေဆုံးသူ ၂၈၇ ဦးရှိသည်။ ၂၀၁၂ ခုနှစ်တွင် ၃၁ ဦးသို့ ကျဆင်းသွားသည်။ မလေးရှားတွင်လည်း တိုက်ပေါ်က ပစ်ချသည့် ကလေးစွန့်ပစ်မှု များစွာရှိနေသည်။ 

မြို့ပြလူနေမှုစနစ်ကို အထင်ကြီးပြီး ကျေးလက်တောရွာများမှ မိန်းကလေးငယ်များသည် မြို့ကြီးများကို ရောက်လာကြသည်။ သူတို့သည် ရရာအလုပ်ကို လုပ်ကိုင်နေကြရပြီး ဖြစ်သလို စုပေါင်း ငှားရမ်းနေထိုင်ကြရသည်။ လူငယ်များဖြစ်သဖြင့် စိတ်နောက်ကိုယ်ပါ မှားယွင်းမှုများ ဖြစ်ကြသည်။ ထိုမှားယွင်းမှုများ နောက်ကွယ်တွင် အစွန့်ပယ်ခံ ကလေးတွေက တိုးပွားများပြား လာနေဦးမည်သာဖြစ်သည်။

မြန်မာ့လူ့ဘောင်တွင် ကလေးများကို စွန့်ပစ်နေမှုများမှာ မြို့ပြရောဂါတစ်ခုလို အမြစ်တွယ်လာပြီ ဖြစ်သည်။ ယခင်ခေတ်များဆီက ကိုယ်ဝန်ကိုမွေးရန် တောဆင်းပြီး ခြေရာ ဖျောက်ကြသည်။ သို့သော် ခေတ်သစ်တွင် မြို့တက်လာပြီး တစ်နေရာတွင်ခိုကာ ကိစ္စများကို အချိန်တိုတိုရှင်းပြီး နေရာပြောင်းနေကြသည်။

ထမင်းစားရေသောက်သလို ဖြစ်လာသည့်၊ ထမင်းစားရေသောက်သလို သဘောထားလာသည့် လိင်ဆက်ဆံရေး ကိစ္စများအတွက် ပညာပေး ထိန်းသိမ်းရန် လိုအပ်လာပြီဟု ထင်ပါသည်။ ကလေးတစ်ယောက်သည် အပြစ်မဲ့စွာ လူ့လောကကို ရောက်လာမည့်သူ များ ဖြစ်ပါသည်။ သူတို့တွင် အပြစ်မရှိပါ။ သို့သော် တာဝန်ယူလိုစိတ် ကင်းသူများကြောင့် အပြစ်မဲ့သူများ အစွန့်ပယ်ခံဘဝ ရောက်ကြရသည်ဆိုလျှင် တရားမျှတသည့် ဆုံးဖြတ်ချက်တစ်ခု မဟုတ်နိုင်ပါ။ ပိုဆိုးသည်က ခွေးစားစား ကျီးစားစားဘဝ ရောက်သွားရသည်ဆိုခြင်းမှာ လူသားမဆန်သည့် တာဝန်မဲ့သော ရာဇဝတ်မှုတစ်ခုကို ကျူးလွန်လိုက်ခြင်းသာ ဖြစ်ပါသည်။

မိသားစု၊ အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်၊ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ စောင့်ရှောက်ခြင်းဖြင့်သာ အပြစ်မဲ့သော လူ့ဘဝထဲ ရောက်လာသည့် ကလေးများဘဝကို ကယ်တင်နိုင်မည်ဖြစ်သည်။ အစိုးရအနေနှင့် ကလေးများအတွက် မည်မျှသော အတိုင်းအတာဖြင့် အလေးတယူပြုကာ စောင့်ရှောက် ကာကွယ်ပေးနေသည်ဆိုခြင်းမှာ ပိုပြီး အရေးကြီးမည်ဟု ထင်ပါသည်။

E-01

  • TAGS