News

POST TYPE

TIP

စည်းကမ်းရှိမှ တိုးတက်မည် (Daily, Vol-4/No-251)
28-Jan-2017

ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းမှာ အမြဲလိုလို ပြောစရာ ဖြစ်နေတာက စည်းကမ်းမဲ့တဲ့ စရိုက်လို့ ပြောရင် လွန်မယ်မထင်ဘူး။ အဲလိုပြောစရာ ဖြစ်အောင်လည်း နေ့တိုင်း၊ အချိန်တိုင်း၊ နေရာတိုင်းမှာ စည်းကမ်းမဲ့ သူတွေချည်း တွေ့နေရတယ်။

ရန်ကုန်မှာရော၊ ကျန်တဲ့မြို့တွေမှာရော တစ်နိုင်ငံလုံးမှာပါ မြင်သာထင်သာ ရှိတာကတော့ တွေ့ကရာ အမှိုက်ပစ်တာပဲ။ အမှိုက်ဆိုတဲ့အထဲမှာ ကွမ်းတံတွေး မဆင်မခြင်ထွေးတာ၊ ဆေးလိပ်တို၊ ကွမ်းယာအိတ်၊ တစ်ရှူးစ၊ သောက်ပြီးသား ရေသန့်ဘူး၊ အချိုရည်ဘူးခွံ၊ သရေစာထုပ်၊ ပလတ်စတစ်အိတ် စတဲ့ အမှိုက်တွေ ပါတယ်။

ကားတွေကလည်း အရင်လိုပဲ စည်းကမ်းမဲ့မြဲ၊ မဲ့ဆဲ၊ စည်းကမ်းဖောက်မြဲ၊ ဖောက်ဆဲပဲ။ ဘတ်စ်ကားတွေကလည်း နာမည်သာ ပြောင်းသွားတယ်၊ ကားတွေနဲ့ ဒရိုင်ဘာ၊ စပယ်ယာက အဟောင်းတွေ ဆိုတော့ မယဉ်ကျေးမြဲ၊ ကားပြိုင်မောင်းဆဲ၊ မှတ်တိုင်မဟုတ်တဲ့ နေရာတွေမှာ ရပ်ပြီး လူအတင်၊ အချ လုပ်ဆဲပဲ။

ကိုယ်ပိုင်ကားတွေနဲ့ တက္ကစီတွေလည်း ဘာထူးလဲ။ မရပ်ရမယ့်နေရာမှာ နှစ်ထပ်၊ သုံးထပ်ရပ်ဆဲ၊ အလွတ်ချိုးကွေ့ကြောကနေ တည့်ဖြတ်မောင်းဆဲ၊ မီးပွိုင့်မှာ တန်းစီစောင့်နေတဲ့ အတည့်ယာဉ်ကြောထဲကို အလွတ်ချိုးကွေ့ကြောကနေ သူလိုငါလို တန်းမစီဘဲ ခေါင်းထိုးဖြတ်ဝင်ဆဲ၊ မျဉ်းဝါကြက်ခြေခတ်ဘောင်ပေါ်၊ မျဉ်းကျားပေါ်ကို ပိတ်ရပ်ဆဲ၊ မျဉ်းကျားကူးသူတွေကို ဦးစားမပေးဘဲ အရှိန်တင် မောင်းဆဲပဲ။

အကြည့်ရအဆိုးဆုံးကတော့ နံပါတ်ပြား မတပ်ရသေးတဲ့အတွက် အရောင်းပြခန်းနဲ့ က.ည.နရုံး အသွားခရီးကိုသာ မောင်းခွင့်ပြုထားတဲ့ ကားတွေနေရာ အနှံ့မှာ အဆီးအတားမရှိ ဥဒဟို မောင်းနေတာပဲ။ ညပိုင်းဆို ပိုတောင်များသေးတယ်။ အဲဒီကားတွေနဲ့ အကြမ်းဖက်လုပ်ရပ် လုပ်သွားရင်၊ လူတိုက်ပြီး ထွက်ပြေးသွားရင် ဘာမှစုံစမ်းထောက်လှမ်းလို့ မရဘဲ ခံရသူတွေသာ ကိုယ်ကျိုးနည်းမယ်။

လမ်းလျှောက်တဲ့ သူတွေကို သိပ်မပြောချင်ပေမယ့် စည်းကမ်းနဲ့ ပတ်သက်ရင်တော့ ချန်ထားခဲ့လို့ မရဘူး။ အန္တရာယ်ကင်းကင်း၊ စည်းကမ်းတကျ၊ နိုင်ငံကြီးသားပီပီ လမ်းကူးဖို့ ဆောက်ပေးထားတဲ့ လူကူးတံတားတွေပေါ်က မကူးဘဲ ကိုယ့်အလှည့် မရောက်သေးခင် အရှိန်နဲ့ မီးပွိုင့်ဖြတ်နေတဲ့ ကားတွေကြားထဲကနေ အသက်ကို မဓာနမထားဘဲ အလုအယက် လမ်းဖြတ်ကူးဆဲ၊ လူကူးမျဉ်းကျား မရှိတဲ့ တွေ့ကရာ နေရာကနေ အသက်လုပြီး ဖြတ်ကူးဆဲပဲ။ 

ရပ်ကွက်တွေ၊ လမ်းတွေထဲက အိမ်တွေလည်း နဂိုအတိုင်း စည်းကမ်းမဲ့မြဲ၊ ဖောက်မြဲပဲ။ ကိုယ့်အိမ်ရှေ့ စည်ပင်ပိုင်လမ်း တစ်နည်းဆိုရရင် အများပိုင်လမ်းကို ကိုယ်ပိုင်လိုလုပ်ပြီး အပင်စိုက်၊ ခြံခတ်၊ အုတ်ခုံရိုက် တချို့ဆိုင်ခန်းဆောက် ငှားစားတာမျိုးနဲ့တောင် နယ်ချဲ့ထားကြတယ်။ လိုအပ်လို့ လုပ်ထားတဲ့ နောက်ဖေး လမ်းကြား၊ မီးတားလမ်းကြားတွေဆို ကျောချင်းကပ်ရှိနေတဲ့ အိမ်တွေအချင်းချင်း တက်ညီလက်ညီ ဝေခြမ်းပြီး အပိုင်သိမ်းထားကြတာလည်း ရှိတယ်။ 

မြို့ထဲက အိမ်ဆိုင်တွေ၊ ဈေးဆိုင်တွေဆိုလည်း ပလက်ဖောင်းတစ်ခြမ်းလောက်အထိ ဆိုင်ခင်းလို့ရရင်ခင်း၊ အောက်မှာခင်းမရရင် အပေါ်ကနေ တန်းထုတ်၊ ပစ္စည်းတွေချိတ်ဆွဲပြီး ကျူးကြလို့ လူတွေက လမ်းပေါ်ဆင်းလျှောက်နေကြရတယ်။ တစ်လောကမှ ကမ်းနားလမ်းမှာ နေရာပြောင်းဖွင့်ပေးတဲ့ ညဈေးတန်းက ဆိုင်တွေက လမ်းဘေးရေမြောင်းထဲ ပစ်ထားခဲ့တဲ့ အမှိုက်တွေကို စည်ပင်လုပ်သားတွေက အပတ်တိုင်း ဆယ်ပေးနေရတာ အလုပ်တစ်ခု။

ဒါဆို အဲလို စည်းကမ်းတကျ ဖြစ်အောင် ထိန်းသိမ်းကြီးကြပ်ပေးတဲ့ သူတွေနဲ့ စံပြဖြစ်အောင် နေရမယ့် သူတွေကရော စည်းကမ်းရှိကြရဲ့လားလို့ မေးရင် မရှိသေးဘူးလို့ ဖြေရမယ်။ အဲတော့ သာမန်ပြည်သူတွေ စည်းကမ်းဖောက်တာ ဘာမှမဆန်းဘူးလို့ ပြောရမယ်။

တကယ်တော့ မြန်မာပြည်သူတွေ စည်းကမ်းပျက်လာတာ ဆယ်စုနှစ် တော်တော်များများတောင် ကြာနေပြီလို့ ဆိုရမယ်။ ကျောင်းသင်ခန်းစာတွေမှာ စည်းကမ်းရှိဖို့ သင်ပေးပေမယ့် ကျောင်းအပြင်ရောက်သွားရင် သင်ထားတာနဲ့ ပြောင်းပြန်ဖြစ်နေတဲ့အတွက် ငယ်စဉ်ကတည်းက ကျောင်းတွင်စည်းကမ်းရှိ၍ အပြင်တွင် စည်းကမ်းမဲ့နိုင်သည်လို့ သင်မပေးရုံတစ်မည်ပဲ ကျန်တော့တာကိုး။

နောက်တစ်ခုက ဥပဒေရဲ့ ကာကွယ်၊ ထိန်းသိမ်း၊ ကြီးကြပ်၊ အရေးယူမှုပေါ့။ ဥပဒေက မျက်နှာလိုက်၊ ဘက်လိုက်နေသမျှ၊ ဥပဒေအတိုင်း တိတိကျကျ၊ ပြတ်ပြတ်သားသား၊ ကျောသား၊ ရင်သားမခွဲဘဲ အရေးမယူနိုင်သေးသမျှ စည်းကမ်းမဲ့ နေကြဦးမှာပဲ။

အရေးကြီးတာက ငယ်စဉ်ကတည်းက ကျောင်းတွင်းနဲ့ ကျောင်းပြင် စည်းကမ်း အတူတူပဲဖြစ်အောင် ချိတ်ဆက်ပေးဖို့နဲ့ ဥပဒေစိုးမိုးမှု ရှိဖို့ နှစ်ချက်ပဲ။ အဲဒီနှစ်ချက်ပြည့်စုံရင် ကျွန်တော်တို့ မြန်မာတွေ စည်းကမ်းမရှိရင် ကြိုက်သလို ပြောနိုင်တယ်။ အဲလိုစည်းကမ်းရှိလာပြီ ဆိုရင် နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်ပြီလို့သာ မှတ်လိုက်တော့။ အဲလိုဖြစ်ဖို့ဆိုရင် နံပါတ်တစ်က အစိုးရမှာ တာဝန်ရှိတယ်။ နံပါတ်နှစ်က ပြည်သူတွေက ပူးပေါင်းဆောင်ရွက်ရမယ်။ အဲဒီနှစ်ခုမှာ အနိမ့်ဆုံးအဆင့် ကိုယ့်တာဝန် ကိုယ်ကျေကြရင် ကျွန်တော်တို့ သွားချင်ရောက်ချင်တဲ့ ပန်းတိုင် မြန်မြန်ရောက်မယ်လို့ ဆိုပါရစေ။

အယ်ဒီတာ (၂၈-၁-၂၀၁၇)