News

POST TYPE

TIP

တိုနီ မာ့စ်ကိုလို
23-Jan-2017


“ပညာ ... ပညာ ... ပညာ”

အီတလီနိုင်ငံသား တိုနီ မာ့စ်ကိုလို (Toni Mascolo) တစ်ယောက် သူ၏ပထမဆုံး ဆံပင်ညှပ်ဆိုင်ကို ၁၉၆၃ ခုနှစ်တွင် ညီဖြစ်သူ ဂိုင်တာနိုနှင့်အတူ ပူးပေါင်း ဖွင့်လှစ်ခဲ့သည်။ ယနေ့ Toni & Guy ဆိုသည့် ဆံသဆိုင်ပေါင်း ၂၃၀ ကျော်ကို ဗြိတိန်နိုင်ငံအနှံ့ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။ ကမ္ဘာ့အနှံ့ သူဖွင့်နိုင်ခဲ့သည့် ဆံသဆိုင်ပေါင်းကလည်း ၁၇၅ ဆိုင်ရှိသွားပြီ။ ဆံသဆိုင်လုပ်ငန်းမှ သူ၏ နှစ်စဉ်ဝင်ငွေမှာ စတာလင်ပေါင် ၁၇၅ သန်းဖြစ်သည်။

ဆံပင်ညှပ်လုပ်ငန်း သင်တန်းကျောင်းပေါင်း ကမ္ဘာအနှံ့ သူဖွင့်ထားသည်မှာ ၂၇ ကျောင်းရှိသည်။ ထိုသင်တန်းကျောင်းများမှ နှစ်စဉ် ဆံသဆရာပေါင်း သိန်းချီပြီး မွေးထုတ်ပေးနေသည်။ ထို့ပြင် သူ၏ သင်တန်းကျောင်းများက ကော်ဖီဆိုင်ဖွင့်လိုသူများ၊ မျက်မှန်လုပ်ငန်း လုပ်လိုသူများကိုလည်း သင်တန်းတွေပေးပြီး မွေးထုတ်ပေးထားသည်။

မာ့စ်ကိုလိုသည် အီတလီနိုင်ငံသား ဖြစ်သော်လည်း ထူးချွန်သည့် စီးပွားရေးသမား တစ်ဦးဖြစ်သောကြောင့် ဗြိတိန်နိုင်ငံက သူကောင်းပြုထားသည့် သူရဲကောင်းဘွဲ့ (OBE) များကို ၂၀ဝ၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀ဝ၈ ခုနှစ်တွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် ရရှိထားသူလည်း ဖြစ်သည်။

သူနှင့်ဇနီးဖြစ်သူ ပေါ်လင်းတို့သည် လှူဒါန်းမှုများကို ပြုလုပ်နိုင်ရန်အတွက် ဖောင်ဒေးရှင်း တစ်ခုလည်း ထူထောင်ထားသည်။ စတာလင်ပေါင် ၆ သိန်းကို ဖောင်ဒေးရှင်းအတွက် မတည်ထားပြီး လန်ဒန်ရှိ ကလေးဆေးရုံ၊ ကောလိပ်ကျောင်းများကို လှူဒါန်းထောက်ပံ့ ပေးခဲ့သည်။ အီတလီနိုင်ငံ နေပယ်မှ ရောက်လာသော ကောင်လေး တစ်ယောက်သည် လန်ဒန်တွင် အလွန် အောင်မြင်သော လုပ်ငန်းရှင်ကြီး တစ်ယောက် ဖြစ်လာခဲ့ပြီ။

“ကိုယ့်ဖောက်သည်တွေအပေါ်ကို ထူးကဲတဲ့ ဝန်ဆောင်မှုတွေပေးဖို့ သိပ်အရေးကြီးတယ်။ ကိုယ့်ဆီကိုလာတဲ့ ဖောက်သည် တစ်ယောက်ဟာ နောက်လည်း ကိုယ့်ဆီကိုပဲ ထပ်လာဖို့ ပုံမှန်ဖောက်သည် ဖြစ်သွားဖို့ လိုတယ်”

မာ့စ်ကိုလိုက သူကြိုးစားတည်ဆောက်ခဲ့ရသည့် ဘဝအစကို ပြန်ပြောင်း ပြောပြနေခြင်း ဖြစ်သည်။ သူ၏ အစောပိုင်းကာလ ဘဝကို ထူထောင်ခဲ့ရပုံများအား -

“၁၉၆၄ ခုနှစ် ခရစ္စမတ် အကြိုညကို မှတ်မိသေးတယ်။ ကျွန်တော့်မှာ ဆံပင်လာညှပ်သူ ၅၉ ယောက်။ ညီလေး ဂိုင်းဆီမှာ ၆၆ ယောက် ရောက်လာတယ်။ မနက် ၅ နာရီခွဲကတည်းက ဆိုင်ဖွင့်ရတယ်။ ည ၉ နာရီ ထိုးတဲ့အထိ တစ်စက်မှ မနားကြရဘူး”

ယင်းသည် သူတို့ညီအစ်ကို နှစ်ယောက်ထားသည့် လုပ်ငန်းနှင့် ပတ်သက်သော ကိုယ်ကျင့်တရား ဖြစ်သည်။ သူတို့ လုပ်ငန်းတူသော်လည်း သူ့ဖောက်သည် ကိုယ့်ဖောက်သည် ခွဲထားသည်။ အီတလီ လူမျိုးတွေ၏ ချစ်စရာ ကောင်းသည့် ဓလေ့လည်း ဖြစ်သည်။

ညီအစ်ကို နှစ်ယောက်နှင့် လုပ်ငန်း မနိုင်တော့။ နောက်ထပ် ညီနှစ်ယောက်ဖြစ်သည့် ဘရူနိုနှင့် အန်သိုနီတို့ကို ထပ်ခေါ်ရသည်။ သူတို့ညီအစ်တွေ ပထမဆံပင်ညှပ်နေသည်မှာ အမျိုးသမီးများ ဖြစ်သည်။ နောက်ပိုင်း သူတို့ဖောက်သည် အမျိုးသမီးများက ခင်ပွန်းသည်တွေကိုလည်း ခေါ်လာချင်သည်၊ ဆံပင်ညှပ်ပေးရန် တောင်းဆိုကြသည်။ သို့ဖြင့် ယောက်ျားရော မိန်းမပါ ဆံသပေးသည့်ဆိုင်ကို ကမ္ဘာပေါ်တွင် ပထမဆုံး ဖွင့်နိုင်ခဲ့ပြီး ကမ္ဘာကျော်အောင် ပေါက်သွားခဲ့တော့သည်။

“ကျွန်တော်တို့ ပွဲတွေ အများကြီး လုပ်ရတယ်။ စိတ်ကူးတွေလည်း အများကြီး ထုတ်ရတယ်။ ဆံပင်လူးတဲ့ ဂျယ်တွေ၊ ဆံပင်ပုံသွင်း ဆေးတွေ ထွင်ရတယ်။ ကျွန်တော်တို့ ညှပ်ပေးနိုင်တဲ့ ဆံပင်စတိုင်တွေကိုလည်း စာအုပ်တွေ ထုတ်ရတယ်။ အမေရိကနဲ့ ဂျပန်နိုင်ငံတွေအထိ ခရီးတွေ ထွက်တယ်”

တိုနီတစ်ယောက် အမေရိကသို့ ရောက်ခဲ့ပြီးနောက် ဆိုင်ခွဲဖွင့်ရန် စိတ်ကူး ရသွားသည်။ လူငယ်တွေကလည်း သူဆိုင်ခွဲလာ ဖွင့်မည်ကိုကြိုဆိုပြီး အကူအညီ ပေးကြသည်။ ယင်းသည်ပင် ကမ္ဘာပတ်ပြီး စီးပွားရေး လုပ်ရန် စိတ်ကူးအစဖြစ်ခဲ့သည်။ အမေရိကတွင် ဆိုင်ပေါင်း ၂၀ ကို သူဖွင့်နိုင်ခဲ့ပြီ။

နိုင်ငံပေါင်း ၄၀ ကျော်တွင် Toni & Guy ဆိုသည့် ကုန်အမှတ်တံဆိပ်ကို သူ ထူထောင်နိုင်ခဲ့ပြီဖြစ်သည်။ အမေရိက၊ တရုတ်နှင့် ဩစတြေးလျ နိုင်ငံများအထိ ခရီးပေါက်ခဲ့ပြီဖြစ်သည်။ ဂျပန်တွင် သူဒုက္ခရောက်ခဲ့ရပုံကို တိုနီက -

“တိုကျိုမှာ ဆိုင်ဖွင့်တုန်းကတော့ တကယ့်ကို ရှုံးမလိုဖြစ်ခဲ့ရတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိရလောက်အောင် ဖြစ်သွားခဲ့ရတယ်။ ဒါနဲ့ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး ဆံပင်ညှပ်ဆိုင် တစ်ဆိုင်ကိုသွားပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရတယ်။ ကျွန်တော် တိုနီပါပေါ့။ ကျွန်တော့် ဆိုင်နာမည်ကိုလည်း ပြောရတယ်။ အဲဒီဆိုင်က ဝန်ထမ်းက ကျွန်တော်တို့ အမှတ်တံဆိပ်ကို ကောင်းကောင်း သိတယ်။ သူတို့စောင့်ရှောက်ဖေးမမှုနဲ့ ရှေ့ဆက်နိုင်ခဲ့တာ။ အဲဒါကတော့ တကယ့်ကို အမှတ်တရပါပဲ”ဟု ဆိုသည်။

အီတလီလူမျိုးများ၏ ထုံးစံအတိုင်း တိုနီသည် မိသားစု၏ အကြီးအကဲ။ လုပ်ငန်းတွင်လည်း အရေးပါသူ ဖြစ်လာသည်။

“လုပ်ငန်းတစ်ခုမှာ မိသားစု ပုံစံနဲ့လုပ်ရတာ အကျိုးအမြတ် အများကြီး ရှိတယ်။ အဖွဲ့အစည်း တစ်ခုအသွင်နဲ့ လုပ်ရတယ်။ ရလာတဲ့ အကျိုးအမြတ်တွေကိုလည်း သစ္စာရှိရှိနဲ့ ခွဲဝေခံစားစေဖို့ ကိုယ့်မှာ တာဝန် ရှိလာတယ်။ ဒါပေမဲ့ ကိုယ်က ခေါင်းဆောင်ဆိုတော့ လမ်းညွှန်ပေးဖို့တော့ လိုတယ်။ လုပ်ငန်းကြီး တစ်ခုအသွင် ငွေရေးကြေးရေး ကိစ္စတွေပါလာတော့ ဆုံးဖြတ်ပေးနိုင်ဖို့ အရေးကြီးလာတယ်”

“ကျွန်တော်တို့ ညီအစ်ကိုတွေ အထူးသဖြင့် ဂိုင်းနဲ့ ကျွန်တော် အကျိုးအမြတ် ခွဲပုံကတော့ ရှင်းတယ်။ ရလာတဲ့ အကျိုးအမြတ်တွေကို အလယ်မှာ ပုံချလိုက်တာပဲ။ ကျွန်တော်က အကျိုးအမြတ်တွေကို ကုမ္ပဏီအတွက် ထည့်ထားချင်တယ်။ ဂိုင်းကတော့ သုံးချင်တယ်။ ဒါနဲ့ ကျွန်တော်တို့ ညီအစ်ကို ဆုံးဖြတ်ရတယ်။ လုပ်ငန်းထဲမှာ ဘယ်လောက် ထည့်ထားရမယ် ဆိုပြီးတော့ သတ်မှတ်ထားတယ်။ ကျန်တာတွေကို ခွဲယူကြတယ်။ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံထားတာတွေကိုတော့ ဘယ်တော့မှ မခွဲပါဘူး”

တိုနီက သူ၏လုပ်ငန်းနှင့် ပတ်သက်ပြီး အမြဲရွတ်ဆိုတတ်သည့် မန္တန်ရှိကြောင်း ပြောသည်။ ယင်းမှာ -

“ပညာ … ပညာ … ပညာ” ဟူ၍ဖြစ်သည်။

“အဲဒီစကားကို ကျွန်တော် အမြဲပြောတယ်။ လူတွေ သိန်းချီပြီး ပညာတွေ ပေးနိုင်အောင် ဘာအရေးကြီးဆုံးလဲလို့ ကျွန်တော့်ကို မေးလာရင် ပညာ အရေးကြီးဆုံးပဲလို့ ပြောရမယ်”

တိုနီက လုပ်ငန်းနှင့် ပတ်သက်သည့် အခက်အခဲကိုလည်း

“ပြဿနာက ကျွန်တော်တို့ ဝန်ထမ်းတွေကို ခိုးနေတာပဲ။ ကျွန်တော်တို့က ဝန်ထမ်းတွေကို အဆင့်အတန်းရှိရှိ ကျွမ်းကျင်အောင် လေ့ကျင့် သင်ကြားပေးတယ်။ ခိုးချင်တဲ့သူတွေက သူတို့ဝန်ထမ်းတွေအတွက် ငွေကုန်ခံပြီး သင်တန်း မပေးဘဲ ကျွန်တော်တို့ လေ့ကျင့်ထားသူတွေကို လာမသွားကြတာပဲ”ဟုဆိုသည်။

  • VIA