POST TYPE

TIP

Genius(ရုပ်ရှင်ခံစားမှု)
07-Jan-2017 tagged as ရုပ်ရှင် movie


ပါရမီရှင် ဆိုတဲ့ အဓိပ္ပါယ်မှာ ထပ်ဖန်တလဲလဲ ကြိုးစားအားထုတ်သူဟု အများစုက မှတ်ယူကြသည်။ တိတ်ဆိတ်ညထဲက လေပြည်ကလေး တိုးဝှေ့သံကို ရှာဖွေဖို့ သိပ်မခဲယဉ်းလှပေမယ့် မွန်းကျပ်နေသူ တစ်ယောက်ရဲ့ အခန်းကျဉ်းထဲမှာတော့ ကိုယ့်ရင်ဘတ်ထဲက သက်ပြင်းမှုတ်ထုတ်သံက လွဲ၍ လေပြည်ညင်း၏ ရနံ့ကို ရရှိဖို့ ခက်ခဲလှပေမည်။

ငိုယိုအော်ဟစ် မွေးဖွားခဲ့။ ကြီးပြင်းခဲ့ရ။ အဓိပ္ပါယ် ရောင်စုံခြယ်သသော ဘဝမျက်နှာပြင်ထဲက အဓိပ္ပါယ်တွေကို လင်းပွင့်ပေါက်ခွဲပစ်ဖို့က မွန်းကျပ်လှသည့် အခန်းထဲက လေပြည်ငွေ့ကို လိုက်ရှာရသလိုမျိုး မောလှပေမည်။ ခက်ခဲလှပေမည်။ သို့ဖြစ်စေကာမူ ကလေတွန်ဆိုတဲ့ လူရွယ်အဖို့တော့ စကားလုံးတွေထဲက အသက်ရှုသံတွေကို လူသား အားလုံး၏ မျက်နှာတွေထက်၊ ဒါထက်ပို၍ နှလုံးသားပေါ်ထက် ဖြတ်ပြေး၍ အရောင်ခြယ်စေလိုတာ သူ့ဆန္ဒပင်ဖြစ်ပေမည်။

အထိုင်ကျ လူ့ဘောင် အနုပညာ ရေစီးကြောင်းထဲမှာ သူကိုယ်တိုင် ပဲ့ကိုင်လာခဲ့တဲ့ လှေငယ်ရဲ့ ဆန်တက်လာပုံက အခြားသော လှေငယ်တွေ၏ လားရားတွေနှင့်မတူ။ ဆန်းပြားသည်။ နက်နဲဖွယ်အတိဖြစ်သော။ ဖတ်ရှုသူတွေအတွက် သစ်လွင်တောက်ပသော လူလုပ်ကောင်းကင်ဘုံ တစ်ခုမြင်လိုက်ရသလိုမျိုး စကားလုံးတွေထဲမှာ ခုန်ပေါက်မြင့်တက်နေတာကို တစ်ချိန်မှာ ကလေတွန်ရဲ့ ဘဝအတွက် အဓိက ကမ်းကပ်ပေးနိုင်သူ မီးပြတိုက်ပုဂ္ဂိုလ်တစ်ဦးဟု တင်စားလာရမည့် ထုတ်ဝေသူ မက်စ်ဝဲ ပါကင်က သူ့ရဲ့ ပါရမီအရလည်း ဖမ်းဆုပ်တွေ့ရှိနိုင်ခဲ့သည်။ နာရီတွေ မေ့သည်။ အချိန်တွေ မေ့သည်။ ကလေတွန်၏ စကားလုံးတွေထဲမှာ အချိန်တွေ နာဖျားသွားကြရသည်။ အခစား ဝင်လိုက်ကြရသည်။

အဲသည်အချိန်က အမေရိက၏ စာပေမျက်နှာစာသည် အားနက်စ်ဟဲမင်းဝေး၊ စကော့ဖစ်ဂျရယ်(The Great Gatsby)တို့၏ စာပေများနှင့် လင်းပွင့်ဆဲကာလ ၁၉၂၀ ဝန်းကျင်။ ဆိုရလျှင် ယင်းပုဂ္ဂိုလ်များ၏ စာပေများအား ကမ္ဘာစင်မြင့်ထက်ရောက်အောင် တည်းဖြတ်သုတ်သင် အရောင်ခြယ်ပြီး ထုတ်လုပ်ပေးခဲ့သူကလည်း မစ္စတာ ပါကင်စ်ပဲဖြစ်ပါသည်။ သူ့လိုပုဂ္ဂိုလ်မျိုး၏ စိတ်သဏ္ဍာန်မှာ ကလေတွန်၏ စာတွေကို ကြိုက်နှစ်သက်သွားခြင်းက ကလေတွန်အတွက် ကံကောင်းသော အခါကာလဟု ပြောလို့ရသည်။

မူလ ပထမက မည်သည့် စာအုပ်တိုက်ကမှ ရှည်းလျားဆန်းကြယ်သော စကားလုံးများဖြင့် တစ်ပြွတ်တစ်သိပ် ဖွဲ့တည်ထားသည့် သူ့ဝတ္ထုအား လက်မခံခဲ့။ ပါကင်စ်အတွက်မူ ဖုန်ထူနေသည့် ရတနာ တစ်ခုအား အမှတ်မထင် ရခဲ့လေပြီ။ ထို့နောက်မှာ ရဲရဲရင့်ရင့် တည်းဖြတ်၍ Look Homeward, Angel ပထမဆုံး စာအုပ်အား ဖြန့်ချိပေးခဲ့တော့သည်။

ယခု ရုပ်ရှင်သည် ကလေတွန်နှင့် ထုတ်ဝေတည်းဖြတ်ပေးသူ မစ္စတာပါကင်တို့၏ အခြေအနေတို့အား အဓိက ထား၍ ရိုက်ကူးထားသည်ဟု ပြောလို့ ရနိုင်သည်။ စာရေးသူသည် အဟန့်အတားမရှိ ထောင့်အစုံအစုံ ကောင်းကင်ပြင်ဟာ ထိုထိုဆီကနေ တိုးဝှေ့ဖြတ်သန်းလာရသည့် အရိုင်းလေပြည်နှင့် ဆင်တူသည်။ ထိုလေပြည်ညင်းများထဲတွင် အမွှေးရနံ့ အမျိုးစုံ ပါနိုင်လာသလို။ ထိတွေ့လိုက်သူအဖို့ လန်းဆန်း တက်ကြွစေသော အကြောင်းတရားကို ပေးစွမ်းနိုင်စွမ်း ရှိသည့် လတ်ဆတ်သော လေပြည်တွေ ပါလာနိုင်သကဲ့သို့။ အခြား မလိုအပ်သော အညစ်အထေး လေပြည်ရိုင်းတွေလည်း ပါလာနိုင်သည်ပဲ မဟုတ်ပါလား။

ထိုအချက်ကို စာရေးသူတွေ အကဲဖြတ်တတ်ဖို့ ။ သွန်ချပစ်တတ်ဖို့ မလွယ်။ ထိုအရာကို မာလိန်မှူးနှင့်တူသည့် တည်းဖြတ်သော သူကသာ သိနိုင်သည်။ ယင်းလေပြည်ညင်းသည် ရွက်ကို ဘယ်လို ဖေးမတတ်မလဲ။ လိုရာခရီးကို မည်သို့မည်ပုံ ဆွဲပို့တတ်မလဲ စသည့်အရာတွေကို သူတို့ကပဲ သိနိုင်သည်။ မစ္စတာပါကင်စ်သည် ရဲရဲဝံ့ဝံ့နှင့်ပင် ကလေတွန်၏ စာမူများအား လက်ခံပြီး မလိုအပ်ဘူးဟု သူသတ်မှတ်သည့် စကားလုံးတွေကို ဖယ်ရှား သုတ်သင်ပစ်ခဲ့သည်။ ဆိုလိုရင်း ရောက်အောင်။ ခံစားသူ ထိတွေ့သူထံကို တန်းခနဲ ရောက်ရှိအောင်။ ခံတွင်းတွေ့စေအောင် ထပ်ဆင့် ပြုပြင်ပေးခဲ့သည်။ ထို့ကြောင့်ပင် အောင်မြင်လာခဲ့သည်။

သူတို့ နှစ်ဦးသား၏ အနုပညာ အလုပ်အပေါ် ပေးဆပ်အားထုတ်ပုံကို ကြည့်၍ ပါရမီရှင်တွေဟု အလိုလို သတ်မှတ်၍ ရနိုင်တာကို မြင်ရသည်။ ဒါပေမယ့် လက်တွေ့ဘဝတွေကတော့ ဆုံးရှုံးလိုက်ရတာပဲ မဟုတ်ပါလား။ မိသားစုနှင့် ပျော်ရွှင်ဖွယ် ဘဝကို စတေးခဲ့ကြသည်။ စကားလုံးတွေအတွက် နှစ်ဦးသား ပေးဆပ်ခဲ့ကြရသည်။ လက်တွေ့ဘဝနှင့် မမျှတ၍ လောက၏ ပေးစွမ်းသော အထီးကျန်မှုဒဏ်ကို သူတို့ခံကြရတာ သိသာသည်။

နောက်ဆုံးမှာ ကလေတွန် သူသိပ်ခင်သော ပါ့ကင်စ်အပေါ် အထင်လွဲသည်။ စွန့်ခွာသည်။ သူ၏ စည်းစနစ်များဖြင့် သူ့ဘဝကို သင်းသတ်သူဟု သူစွပ်စွဲသည်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ဦးသားကြားမှာတော့ ဖခင်နှင့်သားတစ်ယောက်လိုမျိုး မိတ်ဆွေရင်းချာလို ခင်သောစိတ်ခံစားချက်ရှိသည့် ညီအစ်ကို နှစ်ယောက်အသွင်လိုမျိုး သံယောဇဉ်တွေက ရှိနေဆဲပဲဆိုတာ နှစ်ဦးသားသိပါသည်။

ခန္ဓာ၏ ခံနိုင်ရည်စွမ်းကို စွန့်ပယ်သော အနုပညာသည်ပီပီ ၁၉၃၈ (အသက် ၃၇) အရွယ်လောက်မှာ စာရေးဆရာ ကလေတွန် ဦးနှောက်တီဘီ ရောဂါဖြစ်ပြီး ဆေးရုံတင်ရသည်။ သို့ဖြစ်စေကာမူ မျက်ဝန်းထဲမှာ သူ့ကိုချစ်သော အယ်လင် ဘန်းစ်စတိန်းထက် မစ္စတာ ပါ့ကင့်စ်ကို မြင်နေတာ အံ့သြစရာ။ တီဘီဖြစ်နေသော ဦးနှောက်သည် နှလုံးသား၏ အလိုကို မတွန်းလှန်နိုင်ရှာ ဆေးရုံပေါ်မှာပင် မစ္စတာ ပါ့ကင့်ဆီသို့ ရည်ညွှန်း၍ စာတစ်စောင် ရေးသွားခဲ့သည်။

ချစ်သော မက်စ်ရေ။ ကျွန်တော်ကတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ခင်ဗျားနဲ့ စဆုံခဲ့တဲ့ ဂျူလိုင် လေးရက် နေ့စွဲကလေးကို မှတ်မိနေတုန်းပဲ။ လှေကလေးပေါ်မှာ စတွေ့ခဲ့တာလေ။ ပြီးတော့ မြစ်ဘေးက ကော်ဖီဆိုင်မှာ ကော်ဖီတွေသောက်ပြီး တိုက်ခေါင်မိုးပေါ်ကို နှစ်ဦးသား တက်ခဲ့ကြတာ။ မြို့ပြရဲ့ အောက်ဖျားမှာတော့ စွမ်းအင်တွေ ပြည့်နေတဲ့ဘဝ တစ်ခုနဲ့ ထူးဆန်းအံ့သြဖွယ်ရာတွေ။ ကျက်သရေ မင်္ဂလာရှိတဲ့အရာတွေ ဖြစ်တည်လို့ပေါ့။

အဲသည်စာကို မစ္စတာပါ့ကင် တစ်ယောက် ဖတ်နေချိန်မှာ လက်ကလေးတွေ တုန်ရီလို့။ မျက်ဝန်းဝမှာ ယောက်ျားဆန်တဲ့ အသံတိတ် မျက်ရည်ပူကလေးတွေ စီးကျလို့။

ကြယ်တစ်ပွင့် သေဆုံးသွားမှုအတွက် ကောင်းကင် တစ်ခုလုံးနှင့်ပြန်ရင်းလိုက်ရင်တောင် အစားပြန်မရတော့တဲ့ ခံစားချက်မျိုးတွေနဲ့ ဝမ်းနည်းနေမည်ဆိုတာ ခံစားသူ ကျွန်တော်တို့ရော။ ကျန်ခဲ့ရသူ မစ္စတာ ပါကင့်စ်မှာရော ပြောဖို့လိုတော့မည် မထင်တော့။

ညီလင်းအိမ်