News

POST TYPE

TIP

သင်မအောင်မြင်ရတဲ့ အကြောင်းရင်း
25-Dec-2016 tagged as

အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ အကြောင်းရင်းတွေ ရှိနေမြဲ ဖြစ်သလို မအောင်မြင်သေးတာမှာလည်း ခိုင်လုံတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ မအောင်မြင်ရတဲ့ အကြောင်းအရင်းတွေဟာ တစ်နည်းအားဖြင့် အောင်မြင်မှုရဲ့ အဟန့်အတားတွေဖြစ်ပြီး အချက် (၅) ချက်နဲ့ ဖွဲ့စည်းထားပါတယ်။

(၁) အောင်မြင်မှုကို မသိခြင်း

အောင်မြင်မှုကို နားမလည်တာဟာ မအောင်မြင်ရတဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ အောင်မြင်မှုကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့ နေရာမှာ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်သလို တူညီဖို့လည်း မလိုအပ်ပါဘူး။ သင့်အတွက် အောင်မြင်မှုဟာ တစ်ခြားလူတစ်ဦး တစ်ယောက်ကို ဒါမှမဟုတ် စိတ်ကူးယဉ် ဇာတ်လမ်းတွေကို အားကျအတုယူပြီး တည်ဆောက်တာထက် သင့်ရဲ့အားသာချက်တွေပေါ် အခြေခံဖို့ လိုအပ်ပါတယ်။ အဓိကကတော့ သင်တကယ်ဖြစ်ချင်တာကို တိတိကျကျ သိနေဖို့ပါပဲ။

(၂) ကိုယ့်ရဲ့စိတ်ပါဝင်စားမှုကို မသိခြင်း

သင်ဘာကို ဝါသနာပါလဲ ဘာကို စိတ်ဝင်စားလဲ ဆိုတာကို စဉ်းစားအဖြေရှာဖို့ လိုပါတယ်။ သင့်ရဲ့အောင်မြင်မှုနဲ့ အောင်မြင်မှုဆီသွားမယ့် လမ်းကြောင်းဟာ သင်တကယ်စိတ်ဝင်စားတဲ့ အရာတွေ သင့်ရဲ့အားသာချက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ရမှာပါ။ ဒီလိုမဟုတ်ဘဲ သင်စိတ်မဝင်စားတာတွေကိုပဲ လုပ်နေရမယ်ဆိုရင် ဘယ်လောက်ပဲ ကြိုးစားသည် ဖြစ်စေ ရေရှည်မှာ ခြေကုန်လက်ပမ်းကျပြီး အောင်မြင်မှုနဲ့ လွဲချော်ရမှာ ဖြစ်ပါတယ်။

(၃) အလုပ်မှာ အားမစိုက်ခြင်း

အောင်မြင်တဲ့ သူတွေဟာ ကိုယ်လုပ်တဲ့အလုပ်မှာ စိတ်ရောကိုယ်ပါ မြှုပ်နှံလုပ်ကိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ သူတို့ရဲ့ ပန်းတိုင်အတွက် လေ့လာမှုတွေ အများကြီး လုပ်သလို အလုပ်ကြိုးစားသူတွေ ဖြစ်ကြပါတယ်။ အောင်မြင်မှုက သင်လိုချင်ရုံနဲ့ ရောက်လာမယ့် အရာမျိုး မဟုတ်ဘဲ ကြိုးစားအားထုတ်မှု ရှိမှသာ ရရှိမယ့် အရာပါ။

(၄) လူပေါင်းမှားခြင်း

သင်ကိုယ်တိုင်က အောင်မြင်မှုကို ပြင်းပြင်းပြပြ လိုလားသူ ဖြစ်ဖို့လိုတဲ့အပြင် သင်အနီးကပ် ပေါင်းသင်းသူတွေဟာလည်း သင့်လိုပဲ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်နေသူတွေနဲ့ တိုးတက်မှု ရှာဖွေနေသူတွေ ဖြစ်ဖို့လိုပါသေးတယ်။ သင်နဲ့ထိတွေမှု များသူတွေဟာ တစ်နည်းအားဖြင့် သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေစိတ်ထားကို ပုံဖော်သူတွေ ဖြစ်ကြပါတယ်။ အောင်မြင်မှုဆီ သွားနေသူတွေကို ရွေးချယ်ပေါင်းသင်းခြင်းအားဖြင့် သူတို့ဆီက အကြံဉာဏ်သစ်တွေ အမြင်သစ်တွေနဲ့ အဆက်အသွယ်တွေကိုပါ ရရှိနိုင်ပါတယ်။

(၅) အပြုသဘောအမြင် မရှိခြင်း

ဘာကိုပဲကြည့်ကြည့် စိတ်ဓာတ်ကျစရာကိုပဲ မြင်နေမယ် ဘယ်လိုပဲလုပ်လုပ် အောင်မြင်မှာ မဟုတ်ဘူးလို့ တွေးတတ်တဲ့ အကျင့်ဟာ သင့်ခြေလှမ်းတွေကို တွန့်ဆုတ်နှေးကွေးစေပါတယ်။ အဆိုးမြင်တတ်သူဟာ အခွင့်အရေးကို တွေ့တဲ့အခါ ဖမ်းဆုပ်ဖို့ ကြောက်ရွံ့တတ်တာကြောင့် သူ့ရဲ့ကမ္ဘာကျဉ်းကျဉ်းလေးထဲမှာပဲ ပိတ်မိနေတတ်ပါတယ်။ ဒါကြောင့် အခြေအနေတိုင်းမှာ ကောင်းကွက်ကို ရှာဖွေတတ်အောင်နဲ့ အကောင်းကို မျှော်လင့်တတ်အောင် သင့်ကိုယ်သင် လေ့ကျင့်ပျိုးထောင်ပါ။

Ref : rd.com

  • TAGS