News

POST TYPE

TIP

ဒေးဗစ် ဂိုး
25-Dec-2016


“ကျွန်တော့်အတွက် အလုပ် လုပ်ပေးတဲ့သူတွေကို ယုံကြည်ဖို့နဲ့ အားပေးဖို့ ကျွန်တော် အမြဲ ကြိုးစားတယ်”

ဒေးဗစ် ဂိုး (David Gold) ကို လန်ဒန်မြို့အရှေ့ပိုင်းအစွန်းတွင် မွေးဖွားသည်။ သူ့အောင်မြင်မှုက ရိုးစင်းလှသည်။ သူက ဆင်းရဲခဲ့ပုံနှင့်ပတ်သက်ပြီး ဤသို့ပြန်ပြောပြသည်။

“ကျွန်တော်က ကမ်းကုန်အောင် ဆင်းရဲခဲ့ရတဲ့အကြောင်း ပြောပြပါ့မယ်။ ညတိုင်း ဆာလောင်ပြီး အိပ်ရာထဲ လှဲနေရတယ်။ အဝတ်အစား ဝတ်ထားတယ် ဆိုပေမယ့် အေးစိမ့်မှုကို ခံစားနေရတယ်။ ကိုယ့်ဘေးမှာလည်း ချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေတဲ့အပြင် ဆာလောင်လို့ အိပ်မပျော်တဲ့ ညီဖြစ်သူက ညတိုင်း ငိုနေတယ်။ နောက်တော့ ဟစ်တလာက ရောက်လာပြီးတော့ ကျွန်တော်တို့အိမ်က ခေါင်မိုးကို ဖောက်ခွဲပစ်လိုက်တယ်”

ယနေ့အချိန်တွင် ဂိုးသည် ဗြိတိန်နိုင်ငံ အချမ်းသာဆုံး စာရင်းတွင် နံပါတ် ၁၈၄ ဦးမြောက် ဖြစ်လာသည်။ သူ့ ပိုင်ဆိုင်မှုက စတာလင်ပေါင် သန်း ၄၅၀ ဖြစ်သည်။ သူ့ဖခင်က ဂျူးတစ်ယောက်ဖြစ်ပြီး မိခင်က ခရစ်ယာန် ဖြစ်သည်။ သူ့ဘဝ ငယ်စဉ်ကာလများသည် ထောင်ထဲတွင် ကျင်လည်ခဲ့ရချိန်ကများသည်။

ဂိုးသည် အသက် ၇၁ နှစ်အရွယ်တွင် လူကြီးဖတ် မဂ္ဂဇင်းများ ထုတ်ပြီး Ann Summers ဆိုသည့် လိင်ပိုင်းဆိုင်ရာ ပစ္စည်းများ ရောင်းကာ ကြွယ်ဝချမ်းသာလာခဲ့သူ ဖြစ်သည်။ သူ့သမီး ဂျက်ကလင်းက ထိုလုပ်ငန်များကို ဦးဆောင် လုပ်နေသည်။ နောက်သမီး တစ်ဦးဖြစ်သည့် ဗာနက်ဆာကလည်း သူ့လုပ်ငန်များတွင် အဝယ်တော် ဒါရိုက်တာ တစ်ဦးဖြစ်သည်။ လက်ရှိ သူတို့ ပိုင်ဆိုင်သည့် ဆိုင်ပေါင်းမှာ ၁၅၃ ဆိုင်ဖြစ်သည်။ ထိုလုပ်ငန်းများမှ နှစ်စဉ် ရရှိသော ဝင်ငွေမှာ စတာလင်ပေါင် သန်း ၁၅၀ ဖြစ်သည်။ 

သူချမ်းသာလာခြင်းမှာ စတိုးဆိုင် လုပ်ငန်းများကြောင့်သာ မဟုတ်။ Gold Air International ဆိုသည့် ဂျက်လေယာဉ် ကုမ္ပဏီ တစ်ခုလည်း ဖွင့်လှစ်ထားသေးသည်။ နောက်ပိုင်း လေကြောင်းပို့ဆောင်ရေး လုပ်ငန်းကို ရပ်ဆိုင်းလိုက်သည်။ Gold Air International ကို ၂၀ဝ၆ ခုနှစ်တွင် စတာလင်ပေါင် ၄ ဒသမ ၄ သန်းဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။ သူက-

“ကျွန်တော် အမှတ် ၄၄၂ ဂရင်းလမ်းကို ပြန်ရောက်လာစေခဲ့ပါတယ်။ ကျွန်တော် ဘန့်လေကို ရောက်နေပေမယ့် ကျွန်တော့် မူလ အလုပ်ကိုပဲ ပြန်ပြီးတော့ အမှတ်ရနေတာပါ။ လုပ်ငန်းတွေ ဆုံးရှုံးခဲ့ရတာမျိုး ဖြစ်ဖူးတယ်။ ကျွန်တော့်ကို ဒီအလုပ်တွေကနေ ထွက်ခွာချင်သွားလောက်အောင် ဖြစ်စေခဲ့ပါတယ်”ဟု ဆိုသည်။

သူ၏ စီမံခန့်ခွဲမှု စတိုင်နှင့် ပတ်သက်ပြီး ဂိုးက-

“ကျွန်တော်က ကျွန်တော့်အတွက် အလုပ် လုပ်ပေးတဲ့သူတွေကို ယုံကြည်ဖို့နဲ့ အားပေးဖို့ အမြဲ ကြိုးစားတယ်။ ဒါမှလည်း သူတို့ ကောင်းကောင်း အလုပ် လုပ်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဒါဟာ လုပ်ငန်းအတွက် အကောင်းဆုံး ဆက်ဆံရေး စနစ်ပဲ”ဟု ပြောခဲ့သည်။

“ကျွန်တော်က အောင်မြင်ဖို့ စိတ်ပဲရှိတယ်။ မအောင်မြင်ခဲ့တဲ့ အတွေ့အကြုံတွေကို အများကြီး နမူနာ ယူခဲ့တယ်။ လုပ်ငန်း တစ်ခုမှာ ဆုံးဖြတ်ချက်နဲ့ ဇွဲ အရမ်းအရေးကြီးတယ်။ ကျွန်တော်က ဆုံးရှုံးမှာကို အရမ်း ကြောက်တယ်”

သူသည် ဆုံးရှုံးမှု အရသာများကို ကောင်းစွာ ခံစားဖူးသူဖြစ်သည်။ ဘာမင်ဟန်စီတီး ဘောလုံး ကလပ်အသင်းကို တစ်ချိန်က သူ ဝယ်လိုက်သည်။ ယင်းဘောလုံး အသင်းကို ၂၀ဝ၇ ခုနှစ်တွင် ဝယ်လိုက်ခြင်း ဖြစ်သည်။ ထိုအသင်းကို ချောင်ထိုးထားခြင်း ခံခဲ့ရပြီး မအောင်မြင်ခဲ့သောကြောင့် ၂၀ဝ၉ ခုနှစ်တွင် ထိုအသင်း ရှယ်ယာများကို ပြန်ရောင်းလိုက်ရသည်။ ၂၀၁၀ ပြည့်နှစ်တွင် FA Cup အသင်းကို ထပ်ဝယ်ပြန်သည်။ ထပ်ပြီး ရှုံးပြန်သည်။ ဘောလုံးလောကနှင့် သူ အကျိုးမပေး။ ဘောလုံးအသင်းဆိုလျှင် ကြောက်ပါပြီ ဖြစ်သွားခဲ့သည်။ သို့သော် ၂၀၁၀ တွင် West Ham United ဘောလုံးအသင်း တွဲဖက်ဥက္ကဋ္ဌ ရာထူးကို ယခုအထိ ယူထားဆဲ ဖြစ်သည်။

ဂိုးသည် သူ လုပ်ဆောင်သမျှ လုပ်ငန်းတိုင်းကို အမြဲ ပြန်ပြီး သုံးသပ်တတ်သည်။ မအောင်မြင်ဟု ထင်လာလျှင် စွန့်ခွာသလို အောင်မြင်နိုင်မည့် စီမံချက်များကိုလည်း အမြဲ ချမှတ်နေတတ်သည်။ 

“၁၉၉၀ လောက်မှာ ကျွန်တော် လုပ်ငန်းတွေက အနားယူချိန်မှာ ပင်လယ်ကမ်းခြေကို ရောက်နေပြီ။ ဒါပေမဲ့ ကျွန်တော့် လုပ်ငန်းတွေကတော့ အောင်မြင်နေတုန်းပဲ”ဟု သူက ဆိုသည်။

ဂိုးသည် GGI (Gold Group International) လုပ်ငန်းစုကို ပိုင်ဆိုင်သည်။ သူ၏ လုပ်ငန်းခွဲများမှာ Ann Summers ဆိုသော စတိုးဆိုင်များနှင့် Knickerbox ဆိုသည့် အမျိုးသမီး အတွင်းခံများ ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းများ ဖြစ်သည်။

သူသည် ညီဖြစ်သူ Ralph ၏ လုပ်ငန်းများနှင့် လူကြီးဖတ်စာစောင်များ ထုတ်သည် GSP (Gold Star Publications)  ထုတ်ဝေရေး၊ ပုံနှိပ်ရေး လုပ်ငန်းများကိုလည်း ခွဲဝေ ပိုင်ဆိုင်ထားသည်။ နောက်ပိုင်း သူတို့ ညီအစ်ကို ပိုင်ဆိုင်သည့ှ်Sport Newspapers သတင်းစာ၏ ရှယ်ယာများကိုလည်း ရောင်းချလိုက်ကြသည်။ အရှုံးပေါ်လာသောကြောင့် ဖြစ်သည်။ 

၁၉၅၇ ခုနှစ်တွင် ဂိုးသည် ဘရိုင်းဟန့်ဆိုသူနှင့် လက်ထပ်ခဲ့သည်။ သူတို့ ၁၉၇၂ ခုနှစ်တွင် ကွာရှင်းခဲ့ကြသည်။ ဟန့်သည် ၂၀ဝ၃ ခုနှစ်တွင် ကွယ်လွန်သည်။ သူတို့တွင် ဂျက်ကလင်း ဂိုးနှင့်ဗာနက်ဆာဆိုသူ သမီး နှစ်ဦး ကျန်ခဲ့သည်။ သမီးနှစ်ဦးက ဂိုး၏ လုပ်ငန်းများကို ဦးစီး ဦးဆောင်ပြုကာ လည်ပတ်ပေးနေကြသည်။ ၂၀၁၃ ခုနှစ် ဗြိတိန် အချမ်းသာဆုံး စာရင်း ထုတ်ပြန်ချက်တွင် ဂိုး၏ ပိုင်ဆိုင်မှုမှာ စတာလင်ပေါင် သန်း ၄၅၀ ဖြစ်ကြောင်း သိရသည်။ 

“ဒီနေ့ စီးပွားရေး လုပ်ငန်းတွေကို လုပ်နေကြသူတွေရဲ့ စိတ်ထဲမှာ ထင်နေကြတာက မလွယ်ဘူး ဆိုတာပဲ။ ကျွန်တော့်ကို လူတွေက မေးကြတယ်။ သန်းကြွယ်သူဌေးကြီး တစ်ယောက်ဖြစ်အောင် ဘယ်လို လုပ်ခဲ့သလဲပေါ့။ ကျွန်တော်က သူတို့ကို ပြောလိုက်တယ်။ စတာလင်ပေါင် ၁၀ သန်းလောက်နဲ့ ဘောလုံးကလပ်အသင်း တစ်သင်းကို ဝယ်လိုက်၊ မကြာခင် ပေါင် တစ်သန်းလောက် ဖြစ်သွားစေရမယ်”လို့ပေါ့။

  • VIA