News

POST TYPE

TIP

လုပ်သက် သုံး၊ လေး၊ ငါးနှစ်ကြာတိုင်း အလုပ်ပြောင်းသင့်
24-Dec-2016 tagged as အလုပ်

လုံခြုံစိတ်ချမှုကို ရရှိလိုတာဟာ လူ့သဘာဝပါ။ အလုပ်သစ်ကို ပြောင်းတဲ့အခါ မသေချာ မရေရာမှုတွေ ကြုံတွေ့ရနိုင်တာကြောင့် တော်တော်များများဟာ လက်ရှိအလုပ်ခွင်ထဲမှာပဲ နှစ်ပေါင်းများစွာ ဆက်လုပ်ဖြစ်လေ့ ရှိကြပါတယ်။

အလုပ်ခွင်မှာ ကျေနပ်ပျော်ရွှင်တဲ့အတွက် ဒါမှမဟုတ် ငွေကြေး အသိပညာ တိုးတက်မှုရှိတဲ့ အတွက်ကြောင့် မဟုတ်ဘဲ ဘဝအာမခံချက်တစ်ခု အနေနဲ့ ဆိုရင်တော့ အကြာကြီး မလုပ်ဘဲ အခွင့်အလမ်းသစ် ရှာဖွေတာက ပိုကောင်းပါတယ်။

ဒီဘက်ခေတ်မှာ အလုပ်တစ်ခုတည်းမှာပဲ အပြောင်းအလဲမရှိ လုပ်နေတာက တိုးတက်ဖို့ အခွင့်အလမ်း နည်းပါးတဲ့အတွက် ဘဝအာမခံချက်ပေးဖို့ မျှော်လင့်လို့ မရနိုင်တော့ပါဘူး။

သုံးလေးငါးနှစ်ကြာတိုင်း အလုပ်သစ်ကို ပြောင်းတဲ့အခါမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိလာသလဲ ဆိုရင်-

အလုပ်အပြောင်းအလဲ ရှိသူတွေဟာ ဒီနေ့ခေတ် အလုပ်ခေါ်စာတွေမှာ အမြဲလိုလို တွေ့ရတတ်တဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ ဆွေးနွေးညှိနှိုင်းမှုစွမ်းရည် တခြားသူတွေထက် ပိုကောင်းလေ့ ရှိကြပါတယ်။

ကုမ္ပဏီသစ်မှာ အလုပ်သစ်ကို သင်ယူရတဲ့အတွက် အလုပ်ဟောင်းမှာ မရနိုင်တဲ့ စွမ်းရည်သစ်တွေ ရရှိပြီး ပိုမိုထက်မြက်လာကြပါတယ်။

အလုပ်များများ လျှောက်ဖြစ်တဲ့အတွက် ကိုယ်ရည်ကိုယ်သွေးကို ဘယ်လိုမြှင့်တင် ရေးသားတင်ပြရမလဲ ဆိုတာကို သိရှိလာပါတယ်။ အလုပ်ဈေးကွက်က ဘာလိုချင်လဲ ဆိုတာကို သတိပြုမိတာကြောင့် လိုအပ်နေတဲ့ အရည်အသွေးတွေကို ဖြည့်ဆည်းနိုင်သလို ပိုကောင်းတဲ့ အလုပ်ရဖို့လည်း အခွင့်အလမ်း ပိုများပါတယ်။

အလုပ်တစ်ခုတည်းမှာ နှစ်ကြာတဲ့အခါ ဒီအလုပ်က တိုးပေးမယ့် ရာထူးနဲ့ လစာကိုပဲ မျှော်လင့်စရာ ရှိသလို တိုးပေး မတိုးပေး ဆိုတာကလည်း ကိုယ့်အပေါ်မှာထက် ကုမ္ပဏီရဲ့ သဘောထားပေါ်မှာပဲ မူတည်လာပါတယ်။ သင်ဟာ လက်ရှိအလုပ်မှာ အဆင်မပြေမှုတွေ ရှိနေပေမယ့်လည်း ကြိတ်မှိတ်နေရတဲ့သူ ဆိုရင် အလုပ်သစ်ပြောင်းလိုက်ပါ။ ဒီအခါ သင့်ကိုသဘောမကျသူတွေ ရှိသလို သဘောကျသူ လက်ခံသူတွေလည်း အများကြီး ရှိနေသေးတယ် ဆိုတာကို သင်တွေ့ရှိလာပါလိမ့်မယ်။

နောက်ဆုံးတစ်ခုကတော့ အသစ်တစ်ခုကို ပြောင်းတဲ့အခါ အတွေ့အကြုံသစ်ရတဲ့အပြင် လူသစ်တွေ၊ စည်းမျဉ်းသစ်တွေနဲ့ နေရာသစ်မှာ လိုက်လျောညီထွေ ဖြစ်အောင် မဖြစ်မနေ ကြိုးစားရတဲ့အတွက် အပြောင်းအလဲတွေနဲ့ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ကျင့်သားရ နေထိုင်တတ်လာပါလိမ့်မယ်။ ဒါဟာ သင့်တစ်ဘဝလုံးအတွက် အဖိုးမဖြတ်နိုင်တဲ့ အရည်အချင်း တစ်ခုပါ။

နှစ်ပေါင်းများစွာ လုပ်လာတဲ့ သင့်ရဲ့လက်ရှိအလုပ်က နောက်တစ်နှစ် ဆက်လုပ်ရလောက်အောင် တကယ်ထိုက်တန်ပါရဲ့လား။ လာမယ့်တစ်နှစ်အတွင်းမှာ သိသာတဲ့ တိုးတက်မှုတစ်ခုခု ရနိုင်မှာလား။ နှစ်ဟောင်းကုန်ဆုံးခါနီး နှစ်သစ်ကို ချဉ်းကပ်လာတဲ့ ဒီရက်တွေဟာ သင့်ကိုယ်သင် ဒီမေးခွန်းတွေနဲ့ မေးကြည့်ဖို့ အကောင်းဆုံး အချိန်ပါပဲ။

Ref : Forbes