News

POST TYPE

TIP

လမိုင်းမြို့တွင် ကျပ်သန်း တစ်သောင်းကျော် လိမ်လည်သူနှစ်ဦးကို ဝိုင်းရိုက်၊ လူစုလူဝေးဖြစ်နေ၍ ရဲတပ်ဖွဲ့မှ လုံခြုံရေးယူထားရ
22-May-2019
မော်လမြိုင်၊ မေ ၂၂

မွန်ပြည်နယ် လမိုင်းမြို့နယ်ခွဲတွင် အွန်လိုင်းပေါ်တွင် ငွေစုငွေချေးလေလံမဲလုပ်ငန်း လုပ်ကိုင်သူ ၂ ဦးကိုဒေသခံများက ငွေကျေးလိမ်လည်သည်ဟုဆိုကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး လူစုလူဝေးဖြစ်ပေါ်လာသည့်အတွက် ရေးမြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးယူထားပေးရကြောင်း ဒေသခံများထံက သိရသည်။

“အခုကျနော်တို့ ကြားထားတာကတော့ တစ်ဖွဲ့ကတော့ သိန်း ၆ သောင်းကျော်၊ တစ်ဖွဲ့က ၇ သောင်းကျော်တယ်ဆိုတော့ အများကြီး ဖြစ်သွားတာပေါ့၊ အခုတော့ လင်မယား ၂ ယောက်ကတော့ ဝိုင်းအရိုက်ခံရလို့ ဆေးရုံမှာရှိနေတယ်၊ တော်တော်တော့ ထိထားတယ်”ဟု ထိုနေရာတွင် ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးနေသည့် ကိုတင်မျိုးအောင်က ပြောသည်။

မဲလိမ်ထားသူနှစ်ဦးမှာ လက်ရှိတွင် လမိုင်းမြို့ဆေးရုံတွင်တည်ရှိနေကြောင်း၊ ၎င်းတို့နှစ်ဦးကို စောင့်ကြည့်ရမည့် အနေအထားသာရှိကြောင်း ငွေကြေးလိမ်လည်မှုဖြစ်၊ ဝိုင်းအရိုက်ခံရသူနှစ်ဦးမှာ ကိုဦးနှင့် မိခိုင်ယဉ်မွန်တို့ လင်မယား နှစ်ဦးဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ထိုအွန်းလိုင် ငွေစုငွေချေးလေလံမဲ တစ်မဲလျှင် ကျပ် ၁၀ သိန်းမှစ၍ ကျပ်သိန်း သောင်းချီလက်ခံကြောင်း၊ မဲဝယ်ယူမှုကို ဈေးနှုန်းကန့်သတ်ထားခြင်းမရှိကြောင်း အချို့မှာ လူလေး ငါးဦးစု၍ ဝယ်ယူကြကြောင်း၊ လမိုင်မြို့မှ ၈၀ ရာခိုင်နှုန်းခန့် လိမ်လည်ခံထားရကြောင်း လမိုင်ဒေသခံတစ်ဦးဖြစ်သည့် ကိုမွန်ထောက ပြောသည်။

“ကျနော်မိန်မလည်း ထိတယ်၊ သူကတော့ ၁၀ သိန်းကျော်ကျော်လောက်ထိတယ်၊ တစ်ချို့ဆိုရင် တစ်အိမ်ထဲကို သိန်း ၃ ထောင်လောက်ထိတာ၊ တစ်ချို့ဆို ကားရောင်း၊ အိမ်ပေါင်ပြီး မဲဝယ်ကြတာ၊ သူတို့ အရင်လုပ်တဲ့လူတွေလည်းရှိတယ်၊ လွန်ခဲ့တဲ့ နှစ်တွေကပေါ့။ သူတို့ကတော့ ဒီနှစ်မှ ဒိုင်အနေနဲ့ လုပ်တာ”ဟု ကိုမွန်ထောက ပြောသည်။

ထိုမဲဝယ်ယူသူများမှာ အထူးမဲဝယ်ယူပါက မနက်ပိုင်း ကျပ်သိန်းတစ်ရာဝယ်လျှင် ညနေပိုင်းတွင် ကျပ်သိန်း ၁၅၀ ရရှိကြောင်း၊ ၁၀ သိန်းဝယ်ယူသူများအတွက် ၄၊ ၅ ရက်စောင့်ပါက ၁၅ သိန်း ရရှိကြောင်း၊ ထိုကြောင့် အများစုဝယ်ယူကြကြောင်း ၎င်းကရှင်းပြသည်။

ယခုလ ၂၁ ရက်တွင် ၎င်းမဲရောင်းသူမှ ကျပ်သန်းပေါင်း ၁ သောင်းကျော် ထုတ်ပေးရမည်ဖြစ်သော်လည်း ၎င်းတို့မှ ထုတ်မပေးနိုင်သည့်အတွက် ယခုကဲ့သို့ ပြသနာဖြစ်ပေါ်လာကြောင်း၊ ၂၁ ရက်နေ့မှစ၍ ယနေ့ ၂၂ ရက်နေ့အထိ ၎င်းတို့ နောက်သို့ လူများက တောက်လျှောက်လိုက်နေကြကြောင်း၊ ၎င်းတို့အနေနှင့် ဝန်ခံကတိစာ ရေးသားရကြောင်း ထိုငွေများကို လာမည့် ဇွန်လ ၃ ရက်နေ့မှစ၍ ရက်စွဲအစဉ်လိုက်ပေးသွားမည်ဖြစ်ကြောင်း ၎င်း၏ကတိဝန်ခံစာတွင် ဖော်ပြထားသည်။

“လက်တစ်လောတော့ ကျနော်တို့ ဖြေရှင်းလို့မရသေးဘူးဖြစ်နေတယ်၊ မြို့နယ်ရဲတပ်ဖွဲ့တွေတော့ လုံခြုံရေးတော့ ယူနေရတယ်”ဟု ရေးမြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်မှူး ရဲမှူးခင်ညိုက ပြောသည်။

ထိုနှစ်ဦး၏ နေအိမ်၊ မိဘနေအိမ်နှင့် မောင်နှမနေအိမ် ၃ လုံးကို ဒေသခံများက ဝိုင်းဝန်းဖျက်စီးလိုက်ကြောင်း၊ အိမ်တွင်ပစ္စည်းများကိုလည်း သယ်ဆောင်ယူသွားကြောင်း၊ ၎င်း၏ ကားကိုလည်း ဝိုင်းရိုက်၍ ဖျက်စီးခဲ့ကြောင်း၊ ထိုသို့ ဖျက်စီးနေသည့်အတွက် မီးရှို့ဖျက်စီးမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေရှိနေ၍ ရဲတပ်ဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့မှဝိုင်းဝန်၍ လုံခြုံရေးယူနေရကြောင်း လက်ရှိတွင်လည်း မီးသတ်ကားများကိုခေါ်ဆောင်ထားကြောင်း၊ မြို့နယ်ရပ်တပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့၊ ပြည်နယ်အစိုးရနှင့် လွှတ်တော်တို့ကိုလည်း အကြောင်းကြားထားကြောင်း ၎င်းကရှင်းပြသည်။

“အခုတော့ လမိုင်းမြို့တစ်ခုထဲ မဟုတ်တော့ဘူး၊ မော့ကနင်ကိုပါ ကူးသွားပြီး မော့ကနင်မှာ ငွေတွေသိမ်းထားတယ်ဆိုပြီး ပြောတော့ အခု ဟိုဘက်ကိုပါ ကူးကုန်ပြီး၊ ပွဲကတော့ ကြည့်လို့မလှဘူး”ဟု ကိုတင်မျိုးအောင်က ပြောသည်။

ဖြစ်ပေါ်လာသည့်ပြဿနာကို ယခုကဲ့သို့ ဖြေရှင်းခြင်းသည် မမှန်ကန်ကြောင်း၊ မိမိတို့ ငွေလိမ်ခံရသူများအနေနှင့် ဥပဒေကြောင်းအရ လုပ်ဆောင်သင့်ကြောင်း ယခုကဲ့သို့ အင်အားသုံး ဖျက်စီးမှု မလုပ်သင့်ကြောင်း ၎င်းက သုံးသပ်ပြောဆိုခဲ့သည်။

R-21