News

POST TYPE

TIP

ချောက်တွင် အပူလျှပ်၍ နှစ်ပတ်အတွင်း ၃ ဦးသေဆုံး
15-May-2019
ချောက်၊ မေ ၁၅

တစ်နိုင်ငံလုံးတွင် အပူချိန်အမြင့်ဆုံးဖြစ်သော ချောက်မြို့နယ်တွင် မေလဆန်းမှစ၍ မေလ ၁၄ ရက်အထိ သီတင်းနှစ်ပတ်အတွင်း အပူလျှပ်၍ ၃ ဦးသေဆုံးခဲ့ပြီး နှစ်ဦးဆေးရုံတက်ကာ ဆေးကုသမှုခံယူနေရကြောင်း ယင်းမြို့ပြည်သူ့ဆေးရုံထံမှ သိရှိရသည်။

မေလ ၃ ရက်က ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မေလ ၁၃ ရက်တွင် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ အပူလျှပ် (Heat Stroke)၍ ဆေးရုံသို့ပို့ဆောင်ကုသစဉ် လမ်း၌ပင် သေဆုံးခဲ့ကြောင်း ယင်းဆေးရုံထံမှ သိရှိရသည်။

လတ်တလောတွင် အသက် ၄၅ နှစ်အထက်ရှိ အမျိုးသားနှစ်ဦး ဆေးရုံတင်ထားပြီး ဆေးကုသပေးနေရကြောင်း၊ မေလ ၈ ရက်က ဆေးရုံရောက်လာသည့် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာသက်သာ၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။

လူနာများနှင့် သေဆုံးသူများနှင့်အတူပါလာသူများကို စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည် ပြင်ပနေပူထဲတွင် သွားလာပြီး အပူချိန် မြင့်မားသည့်အချိန်၊ နေရာတွင် အလုပ်လုပ်သူများဖြစ်နေသည်ကို တွေ့ရှိရကြောင်း ယင်းဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောကြားသည်။

ချောက်မြို့၏ အပူချိန်သည် ဧပြီလမှစပြီး ၄၄ ဒီဂရီစင်တီဂရိတ်မှ မေလဆန်းတွင် ၄၅ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်လာပြီး မေလ ၉ ရက်တွင် အပူချိန် ၄၇ ဒသမ ၁ ဒီဂရီစင်တီဂရိတ်အထိ အပူချိန် စံချိန်သစ်တင်ခဲ့သည်။ လက်ရှိတွင်နေ့ အပူချိန် ၄၅ မှ ၄၆ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိကြောင်း ယင်းမြို့ မိုးလေဝသနှင့် ဇလဗေဒဌာနထံမှ သိရှိရသည်။

R-24