News

POST TYPE

TIP

လုပ်ငန်းခွင်နှင့် အပူဒဏ်အန္တရာယ်
15-May-2019

ယခုကဲ့သို့ ရာသီဥတုပူပြင်းမှုကြောင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှု ပိုမိုများပြားလာပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်တွင်း အပူချိန်ကို ထိန်းညှိခြင်းလုပ်ငန်းစဉ် စတင်ပျက်ယွင်းလာ၍ အပူဒဏ်အန္တရာယ်ဖြစ်စေပါသည်။ အလုပ်သမားများသည် အလုပ်ခွင်အတွင်း လေထု၏အပူချိန်၊ စိုထိုင်းမှု၊ လေဝင်လေ ထွက်ရှိမှု၊ အလုပ်လုပ်ရသည့် ကြာမြင့်ချိန်၊ အလုပ်လုပ်ရသည့်နှုန်းနှင့် အလုပ်အတွက် ဝတ်ဆင်ရသည့် တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းများအပေါ်မူတည်၍ အပူအန္တရာယ်ကို ဖြစ်စေပါသည်။

သတိပြုရမည့်အချက်များ - ပတ်ဝန်းကျင် အခြေအနေမှာ နေ့အပူချိန်မြင့်မားခြင်းနှင့်အတူ လေထုစိုထိုင်းဆပါ မြင့်မားနေပါက ခန္ဓာကိုယ် အရေပြားမှ ချွေးထွက်မှု လျော့နည်းနိုင်ခြင်း၊ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့သောနေရာတွင် အလုပ်လုပ်ကိုင်ခြင်း၊ လေတိုက်ခတ်မှုမရှိခြင်း (သို့) ပူနွေးသောလေများ တိုက်ခတ်ခြင်းကြောင့် ခန္ဓာကိုယ်အပူချိန် ပိုမိုမြင့်တက်လာခြင်း၊ အင်ဂျင်စက်ကြီးများ၊ အပူရှိန်မြင့်သည့် ကိရိယာများအနီးတွင် အလုပ်လုပ်ကိုင်ခြင်း။

ကိုယ်လက်လှုပ်ရှားမှု - အပြင်းအထန် အလုပ်လုပ်ခြင်း၊ လုံလောက်စွာ အနားမယူခြင်း၊ နေပူထဲတွင် အားသွန်ခွန်စိုက်လုပ်ရသော အလုပ်များကို ထပ်တလဲလဲ လုပ်ကိုင်ခြင်း၊ အပူဒဏ်ကို ဂရုမပြုမိဘဲ အားသွန်ခွန်စိုက်အလုပ်လုပ်ခြင်း။

အပူဒဏ်နှင့် သဟဇာတမဖြစ်ခြင်း - အလုပ်သမား အသစ်များ၊ လုပ်ငန်းခွင်မှ ခေတ္တ အနားယူပြီးနောက် ပြန်လည်၍ အလုပ်ခွင်သို့ ဝင်ရောက်လာသော အလုပ်သမားများ၊ အပူဒဏ်နှင့် အမြဲထိတွေ့ လုပ်ကိုင်ရသော်လည်း အပူချိန်မြင့်သော အခြားလုပ်ငန်းခွင် (သို့) ရုတ်တရက် ပြောင်းရွှေ့လုပ်ကိုင်ရသော အလုပ်သမားများ။

အပူဒဏ်ကြောင့်ဖြစ်သည့် ရောဂါလက္ခဏာများ - ပျို့ခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း၊ ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရေဆာခြင်း၊ ကိုယ်အပူချိန် မြင့်တက်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ မူးမိုက်ခြင်း၊ နုံးချိခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ နှလုံးခုန်မြန်ခြင်း စသည့် လက္ခဏာများဖြစ်စေပါသည်။

ထို့ပြင် ရောဂါပိုမိုဆိုးရွားပါက - အရေပြားပူ၍ ခြောက်သွေ့ခြင်း (သို့) ချွေး အလွန်အကျွံထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ခန္ဓာကိုယ်အပူချိန် အလွန်အကျွံ မြင့်တက်ခြင်းတို့ဖြစ်ပါသည်။

Source : Ministry Of Health & Sports