POST TYPE

TIP

အွန်လိုင်းမှတစ်ဆင့် မီတာခသွင်းရန်အဆို မွန်လွှတ်တော်အတည်ပြု
06-May-2019
မော်လမြိုင်၊ မေ ၆

မွန်ပြည်နယ်အတွင်းရှိ ပြည်သူများ အွန်လိုင်းမှတစ်ဆင့် မီတာခပေးသွင်းနိုင်ရန် ပြည်နယ်အစိုးရသို့ တိုက်တွန်းသည့်အဆိုကို မေလ ၆ ရက်နေ့ကပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ထိုအဆိုကို ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပထမရက်တွင် တင်သွင်းခဲ့ရာ ကိုယ်စားလှယ်သုံးဦးမှ ထောက်ခံဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးမှ မှတ်တမ်းတင်ရန် ဆွေးနွေးခဲ့သည်။

“အဓိက ရည်ရွယ်ချက်က ပြည်သူတွေရော လျှပ်စစ်ဌာနက ဝန်ထမ်းများအတွက်ပါ ရည်ရွယ်ပြီးတင်တာ။ အရင်က မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနနဲ့ MCC (ကွန်ပျူတာကုမ္ပဏီ) တို့ပေါင်းပြီး Door to Door စနစ်နဲ့ ဝန်ဆောင်ခ ၂၀၀ ပေးပြီး ဆောင်လို့ရတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လကစပြီး လျှပ်စစ်ဌာနမှာ ကိုယ်တိုင် ဆောင်ရတော့ အခက်အခဲတွေ ဖြစ်လာတယ်”ဟု အဆိုရှင် သထုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောကြားသည်။

ထိုသို့ပြောင်းလဲလိုက်သည့်အတွက် ဌာနတွင်း ဝန်ထမ်းအင်အား မလုံလောက်ခြင်း၊ ခရီးစရိတ်ကုန်ကျခြင်း၊ အချိန်နောက်ကျသွားသောကြောင့် ဒဏ်ကြေးပေးဆောင်ရခြင်း၊ ယူနစ်လွဲမှားမှုများကြောင့် ဝန်ထမ်းများနှင့် ပြည်သူများအကြား အထင်လွဲမှားမှုများ ဖြစ်ပေါ်စေခြင်းတို့ဖြစ်ရကြောင်း ၎င်းကပြောဆိုသည်။

ထိုအဆိုနှင့်ပတ်သက်၍ ချောင်းဆုံမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကလည်း “ကျွန်တော့်အနေနဲ့ တိုက်တွန်းဆွေးနွေးလိုတာက ဒါကို Proposal ရေးဆွဲပြီး ပြည်ထောင်စုအဆင့်ကိုတင်ပြပြီး ပြည်ထောင်စုကခွင့်ပြုမယ်ဆိုရင် စမ်းသပ်ပြီးလုပ်လို့ရတယ်”ဟု ဆွေးနွေးသွားခဲ့သည်။

ထိုသို့ဆွေးနွေးမှုအပေါ် မွန်ပြည်နယ် အစိုးရအဖွဲ့တွင် လစ်လပ်နေသည့် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးတာဝန်ကို ပူးတွဲတာဝန် ထမ်းဆောင်နေသော ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဝဏ္ဏကျော်က လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရက တိုက်ရိုက်ကိုင်တွယ်ကြောင်း၊ မွန်ပြည်နယ်အစိုးရအနေနှင့် ၃၀ မီဂ္ဂါဝပ်အောက်ဖြန့်ဖြူးသည့် လျှပ်စစ်ဓာတ်အားကိုသာ စီမံခန့်ခွဲခွင့်ရှိကြောင်း၊ ထို့ကြောင့် ယင်းအဆိုကို မှတ်တမ်းတင်ရန်ပြောဆိုခဲ့သည်။

ထို့ကြောင့် အွန်လိုင်းမှတစ်ဆင့် မီတာခ ပေးသွင်းနိုင်ရန် ပြည်နယ်အစိုးရသို့ တိုက်တွန်းသည့်အဆိုကို လွှတ်တော်မှ အတည်ပြုရန်အတွက် ကိုယ်စားလှယ်များ၏ သဘောထားကိုရယူရာတွင် ကန့်ကွက်သူ မရှိသည့်အတွက် လွှတ်တော်က အတည်ပြုခဲ့သည်။

R-21