News

POST TYPE

TIP

ဟင်္သာတခရိုင်အတွင်း အိမ်ခြေတစ်ထောင်ကျော် လေပြင်းအန္တရာယ် ကြိုပြင်ဆင်
04-May-2019
ဟင်္သာတ၊ မေ ၄

ဧရာဝတီ တိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ် ခံရမှုနှုန်းများသည့် ဟင်္သာတခရိုင်၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းစီမံချက်အဖြစ် လူနေအိမ်ခြေ တစ်ထောင်ကျော်ကို ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး စီမံချက်အဖြစ် ဟင်္သာတမြို့နယ်ရှိ ကျေးရွာအုပ်စု ၈ စုမှ လူနေအိမ်ခြေများ၊ ဇလွန်မြို့နယ်ရှိ ကျေးရွာအုပ်စု ၄ စုမှ လူနေအိမ်ခြေများ၊ လေးမျက်နှာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂ စုမှ လူနေအိမ်ခြေများကို ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ထို့ပြင် မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၅ စု၊ ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၈ စုနှင့် အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၅ စုတွင် နေထိုင်သည့် လူနေအိမ်ခြေများကို ကြိုတင်ဆောင်ရွက်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

သဘာဝ ဘေးဒဏ်များ ခံစားရမှု လျော့ပါးစေရေးအတွက် လူနေအိမ်များကြံ့ခိုင်ရေးနှင့် ဘေးဒဏ်ခံနိုင်ရေးအတွက် ပြင်ဆင်နည်းများ၊ ပြုပြင်နည်းများ၊ တည်ဆောက်နည်းများနှင့် ပညာပေးလုပ်ငန်းများကို ဧပြီလအတွင်းက လူနေအိမ် ၁၅၉၀ လုံးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားသည်။

ဟင်္သာခရိုင်အတွင်းရှိ ဇလွန်၊ ဟင်္သာတ၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်းနှင့် အင်္ဂပူမြို့နယ်တို့အတွင်း မီးလောင်ခြင်း၊ ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ကမ်းပါးများပြိုကျခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ပြီးခဲ့သည့်နှစ်အတွင်းက ဖြစ်ပွားခဲ့မှုကြောင့် အဆိုပါ မြို့နယ်ခြောက်မြို့နယ်ရှိ အိမ်ထောင်စု တစ်သောင်းကျော်တွင် နေထိုင်သော လူဦးရေ လေးသောင်းကျော်အတွက် ကျပ်သိန်းပေါင်း ရှစ်ထောင်ငါးရာနီးပါးတန်ဖိုးထောက်ပံ့ပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

R-13