News

POST TYPE

TIP

ချောက်မြို့တွင် လူသေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒပြ
02-May-2019

ချောက်၊ မေ ၂

ချောက်မြို့တွင် တန်ဆောင်မုန်းလပြည့်ညက ပစ္စည်းလုယက်ခံရပြီး အသတ်ခံရသည်ဆိုသော အမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး သေဆုံးသူ၏မိခင် ပါဝင်သည့် လူ ၁၃ဦးခန့်က မေလ ၂ရက်နံနက်ပိုင်းတွင် မြို့တွင်း စီတန်းလှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။ 

သေဆုံးသူ၏မိခင် ဒေါ်ဌေးဌေးက သားဖြစ်သူသေဆုံးမှုမှာ ခေါင်း၊ လက်၊ မျက်နှာတို့တွင် ဖူးရောင်ဒဏ်ရာ၊ လက်မောင်းရိုးကျိုး၊ နံရိုးသုံးချောင်း ကျိုးကာ အဆုတ်ကို စိုက်ခဲ့သော်လည်း ရဲတပ်ဖွဲ့က ဆိုင်ကယ်တိုက်မှုဆိုကာ အမှုပိတ်သိမ်းထားကြောင်း ရှင်းပြသည်။

“တိရစ္ဆာန်တစ်ယောက်လို ရိုက်သတ်တာကို ဆိုင်ကယ်မှောက်သေပါတယ်လို့၊ ရိုက်တယ်လို့ကြားတဲ့ ၈ ယောက်ကျတော့ ဖျောက်ထားတယ်ရှင်။ သူ့ဟာသူ ဆိုင်ကယ်မှောက် သေပါတယ်လို့ အမှုပိတ်ထားပြီးလို့ ကျွန်မ ကျေနပ်တဲ့အတွက် ဆန္ဒဖော်ထုတ်တာပါ”ဟု ၎င်းက ပြောဆိုသည်။

ချောက်မြို့တွင် တန်ဆောင်းမုန်းလပြည့်က အမှတ် ၇ ရွာဟောင်း အုတ်ဖိုရပ်၊ ဘောလုံးကွင်းလမ်း အမှတ်(၅) မော့တန်းလျားနေ ကိုကျော်ကျော်လွင်၊ ကိုမျိုးနိုင်၊ ကိုမျိုးကိုကိုတို့သည် ဆိုင်ကယ်ကို လမ်းဘေးချရပ်ပြီး အပေါ့သွားနေစဉ် (သေဆုံးသူ) ကိုသူရဝင်းဇော်ဌေးသည် လားရာတူဘက် နောက်မှ ဆိုင်ကယ်ဝင်တိုက်မိ၍ ကိုကျော်ကျော်လွင် (မစိုးရိမ်)နှင့် ကိုသူရဝင်းဇော်ဌေးတို့ ဒဏ်ရာများ ရရှိပြီးနောက် ကိုသူရဝင်းဇော်ဌေးမှာ ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ရဲမှူးသိန်းဌေးဝင်းက “သူသား ဆိုင်ကယ်တိုက်လို့ သေတာ မဟုတ်ပါဘူး၊ ပစ္စည်းလု၊ အတိုက်ခံရတဲ့ သုံးယောက်ကဘဲ ဝိုင်းရိုက်လို့ သေရတာပါဆို စွပ်စွဲပြီးတိုင်ကြားခဲ့တယ်။ တိုင်ကြားခဲ့တာနဲ့ ပတ်သက်လို့ ဒီတိုင်ကြားမှုအပေါ်မှာ ရေနံချောင်းက ရဲမှူး ဇော်မင်းအဖွဲ့က ၁၂ လပိုင်းက လာစစ်သွားတဲ့အခါ စစ်ဆေးပေါ်ပေါက်ချက်အရ သူက အထင်အမြင်နဲ့သာ ဘေးအပြောကြောင့် သူကတိုင်ရတယ်လို့ စစ်ဆေးပေါ်ပေါက်တယ်”ဟု ရှင်းလင်းပြောကြားသည်။

R-24