News

POST TYPE

TIP

ကျန်းမာရေးနဲ့ညီသော ဒေါသထွက်နည်း (သို့မဟုတ်) Anger Management အကြောင်း
23-Mar-2019


ယာဉ်ကြောထဲမှာ ကိုယ်က တန်းစီစောင့်ဆိုင်းနေစဉ် တစ်ယောက်ယောက်ရဲ့ကားက ဖြတ်ဝင်လိုက်လို့ ထောင်းခနဲ စိတ်တိုသွားပါလား။ ကိုယ့်စကားကို သားသမီးက နားမထောင်တဲ့အခါ သွေးဖိအားက ထောင်းခနဲ ခုန်တက်သွားပြီး ဒေါကန်သွားပါသလား။ ဒေါသဆိုတာ ပုထုဇဉ်လူသားအတွက် ပုံမှန်ရှိနေတတ်တဲ့ စိတ်ခံစားချက်ပါ။ ဒါပေမဲ့ ဒါကို အပြုသဘောဆောင်စွာ ကိုင်တွယ်ခံစားတတ်ဖို့ လိုအပ်ပါတယ်။ ဒေါသကို မထိန်းချုပ်တဲ့အခါ သင့်ရဲ့ကျန်းမာရေးအတွက်ရော ပေါင်းသင်းဆက်ဆံရေးအတွက်ရော ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ကဲ ... စိတ်တိုခြင်းကို ထိန်းချုပ်ဖို့အတွက် အဆင်သင့်ပဲလား။ အောက်ပါ ဒေါသထိန်းချုပ်ခြင်း အကြံပေးချက်တွေကို ဖတ်ကြည့်ပါဦး။ 

(၁) လွှတ်ခနဲ မပြောလိုက်ခင် စဉ်းစားပါ။

ဒေါသက အရှိန်တက်နေချိန်ဆို နောင်မှာ ကိုယ်နောင်တရမယ့် အကြောင်းအရာတစ်ခုခုကို ပြောလိုက်မိဖို့ လွယ်ပါတယ်။ တစ်ခုခုမပြောလိုက်ခင်မှာ ပြန်တွေးဖို့အတွက် အချိန်နည်းနည်းယူလိုက်ပါ။ သူများလည်း စဉ်းစားဖို့ အချိန်ရတာပေါ့။ 

(၂) တည်ငြိမ်သွားပြီဆိုတော့မှ ဒေါသထွက်လို့ ရပါပြီ

ကိုယ်ဘာကြောင့် ဘာခံစားနေရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိပြီဆိုရင် ကိုယ်ရဲ့ စိတ်မကျေနပ်မှုကို ဖော်ပြပါ။ ဒါပေမဲ့ ရန်လိုတဲ့ပုံစံတော့ မဟုတ်ရဘူးနော်။ မင်းရဲ့ စိုးရိမ်ပူပန်မှုနဲ့ လိုအပ်မှုတွေကို ရှင်းရှင်းလင်းလင်းနဲ့ တိုက်ရိုက်ပြောပါ။ သူတစ်ပါးကို နာကျင်စေချင်တဲ့၊ ထိန်းချုပ်ချင်တဲ့ ပုံစံနဲ့ မပြောပါနဲ့။

(၃) ကိုယ်လက်လှုပ်ရှားလုပ်ပါ

ရုံးချိန်အတွင်း ကိုယ်လက်လှုပ်ရှား တစ်ခုခုလုပ်တာ ကောင်းပါတယ်။ ကိုယ်လက်လှုပ်ရှားအားကစားဟာ စိတ်ဖိအားတွေကို သက်သာစေပါတယ်။ စိတ်ဖိအားဆိုတာ ဒေါသထွက်စေတဲ့အရာပါ။ ဒါကြောင့် စိတ်က ထောင်းခနဲ တိုသွားမိတယ်ဆို ခပ်သွက်သွက်လေး လမ်းလျှောက်တာနဲ့ ပြေးတာ လုပ်ပေးရပါတယ်။ နှစ်သက်တဲ့ အားကစားတစ်ခုခုလုပ်ပါ။

(၄) တစ်ကိုယ်တည်းအချိန်လိုတယ်

လည်ပတ်နားနေတယ်ဆိုတာ ချာတိတ်တွေပဲ လုပ်ရတာ မဟုတ်ပါဘူး။ ဖိအားတွေ အလွန်များတဲ့အခါသမယမှာ ခေတ္တခဏ တိမ်းရှောင်ပြီး ပျော်စရာလေးတွေလုပ်တာလည်း လိုပါတယ်။ ခေတ္တခဏ တိတ်တဆိတ် တစ်ကိုယ်တည်း နေထိုင်လိုက်ခြင်းကြောင့် ရှေ့မှာ ကျော်လွှားရမှာတွေကို ဒေါသမထွက်ဘဲနဲ့ ပြင်ဆင်ပြီး ဖြစ်တတ်ပါတယ်။

(၅) ဖြစ်နိုင်တဲ့ အဖြေတွေကို ရှာဖွေပါ

ခင်ဗျားကို ဒေါသထွက်စေတဲ့ အကြောင်းအရာကိုပဲ အာရုံစိုက်နေမယ့်အစား ကိုယ်လုပ်နိုင်တာကို ဖြေရှင်းတာ ကောင်းပါတယ်။ တချို့ဟာတွေကို လက်ခံပေးပါ။ ရှုပ်ပွနေတဲ့ သင့်ကလေးရဲ့ အခန်းက သင့်ကို စိတ်တိုစေတယ်ဆိုရင် တစ်ခါတလေ သူ့အခန်းတံခါးကို ပိတ်ထားလိုက်ပါ။ ညစာစားဖို့ ပြန်လာတာ နောက်ကျတတ်တဲ့ သင့်အဖော်ကြောင့် ဒေါသထွက်တယ်ဆိုရင် တချို့ရက်တွေ တစ်ယောက်တည်း စားဖြစ်ဖို့ ကြိုးစားပါဦး။ ဒေါသဟာ တချို့အရာတွေကို မပြင်ဆင်ပေးဘဲ ပိုဆိုးသွားစေပါတယ်။

(၆) သူများအကြောင်းနဲ့ စပြီးမပြောနဲ့ ကိုယ့်အကြောင်းနဲ့ ကိုယ်စ

အပြစ်တင်တာ ဝေဖန်ချိုးဖဲ့တာနဲ့ ကိုယ့်ဒေါသကို မပြပါနဲ့။ ဥပမာ နင်က အိမ်အလုပ်ကို ဘယ်တော့မှ မလုပ်ဘူးလို့ ပြောခြင်းဟာ ကိုယ့်ဒေါသကို သူများအကြောင်းနဲ့ စတာပါ။ ပန်းကန်တွေကို ကူသိမ်းမပေးဘဲ စားပွဲကနေ ထထွက်ထားတာဟာ ငါ့ကို စိတ်ဆိုးစေတယ်လို့ ပြောခြင်းဟာ ကိုယ့်အကြောင်းကိုယ်ပြောခြင်းနဲ့ ဒေါသကို ပြရတာပါ။ 

(၇) စိတ်တည်ငြိမ်စေတဲ့ လေ့ကျင့်ခန်း

တရားထိုင်နိုင်ရင်တော့ အကောင်းဆုံးပဲ။ ကိုယ်ခန္ဓာနဲ့ ကိုယ့်စိတ်မှာ ဖြစ်နေတာတွေကို စောင့်ကြည့်တာပေါ့နော်။ တရားမထိုင်ချင်ဘူးဆိုရင်တော့ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ ဝင်သက်၊ ထွက်သက်ကို သတိထားပြီး စောင့်ကြည့်ပါ။ ဂီတသံလေးတွေ နားထောင်တာ၊ ဂျာနယ်မှတ်တမ်းလေးတွေ ရေးတာ၊ ယောဂ ကစားတာတွေဟာ ကောင်းမွန်လျော်ကန်တဲ့ နည်းတွေ ဖြစ်ပါတယ်။