News

POST TYPE

TIP

ကမ္ဘာ့အကြီးဆုံးဖြစ်လာမည့် လျောင်းတော်မူ ဗုဒ္ဓဆင်းတုတော် တည်ဆောက်မှု လျှပ်စစ်မီးလိုအပ်၍ လုပ်ငန်းကြန့်ကြာ
04-Mar-2019
ချောက်၊ မတ် ၄

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်း၊ စိုင်ကောင်းရွာအနီး ရွှေနတ်ကယ်တောင်ပေါ်၌ ကမ္ဘာ့အကြီးဆုံးဖြစ်လာမည့်လျောင်းတော်မူ ဗုဒ္ဓဆင်းတုတော် တည်ဆောက်လျက်ရှိရာ လျှပ်စစ်မီးလိုအပ်၍ လုပ်ငန်းကြန့်ကြာနေပြီး လျှပ်စစ်မီးသွယ်တန်းနိုင်ရေးနှင့် တည်ထားမှုအတွက် အလှူရှင်များ လိုအပ်နေကြောင်း ရွှေနတ်ကယ်တောင် ဆရာတော်ဦးမာနိတက မိန့်ကြားသည်။

တည်ဆောက်နေဆဲဆင်းတုတော်သည် အလျား ၁၅၃၀ ပေ(၉၉၉တောင်)ရှိပြီး ဦးခေါင်းဉာဏ်တော်အမြင့် ၃၂၄ပေ၊ ပခုံး ဉာဏ်တော် အမြင့် ၂၇၉ပေ၊ ခါးဉာဏ်တော် အမြင့် ၂၄၃ပေ၊ ဒူးခေါင်းဉာဏ်တော်အမြင့် ၁၅၃ပေ၊ ခြေဖဝါးဉာဏ်တော်အမြင့် ၅၄ပေ ရှိပြီး ရွှေနတ်ကယ်တောင်ပေါ်တွင် ၂၀၁၇ ခုနှစ်အတွင်းကတည်းက ခြေတော်မှ စတင် တည်ထားမှုဆောင်ရွက်ကြောင်း ၎င်းကဆိုသည်။

“အခု ခြေဖဝါးတော်က စတည်နေတာပါ။ ဒီလိုတည်ထားဆောင်ရွက်နေတဲ့အခါ လျှပ်စစ်မီးမရှိတဲ့အတွက် လူအားနဲ့ တည်ထားကိုးကွယ်ရတော့ပြီးသင့်သလောက် မပြီးဘဲ ကြန့်ကြာနေရတာပေါ့။ တကယ်လို့ လျှပ်စစ်မီးသာ အမြန်ရမယ်ဆိုရင် အခုတည်ထားကိုးကွယ်မယ့် ကမ္ဘာ့ အကြီးဆုံးလျောင်းတော်မူ ဗုဒ္ဓဆင်းတုတော် အမြန်ပြီးလို့ ကိုးကွယ်ရတာပေါ့။ လျှပ်စစ်မီးရလို့ မီးလင်းနိုင်ရင်တော့ ရွှေနတ်ကယ်တောင်ကို လာရောက်ဖူးမြှော်တဲ့ ဘုရားဖူးဧည့်သည်တွေလည်း အဆင်ပြေတာပေါ့”ဟု ဆရာတော် ဦးမာနိတက မိန့်သည်။

လက်ရှိတွင် ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူ ဗုဒ္ဓဆင်းတုတော်မှာ အတောင် ၆၀၀ ပြည့် ဝင်းစိန်တောရ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ဖြစ်သည်။ ထိုလျောင်းတော်မူရုပ်ပွားတော်ကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာ၊ ဝင်းစိန်တောရ ကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရက မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် အုတ်မြစ်ချ တည်ထားခဲ့ခြင်းဖြစ်သည်။ 

ရွှေနတ်ကယ်တောင် လျောင်းတော်မူ ရုပ်ပွားတော်တည်ဆောက်ရေး လျှပ်စစ်မီးရရှိရေးအတွက် မတ်လ ၂ ရက်က ဆရာတော်ကြီးထံ ဩဝါဒခံယူပြီး လျှပ်စစ်မီးလင်းရေး ကော်မတီ (ဂေါပက) အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ လျှပ်စစ်မီးသွယ်တန်းနိုင်ရေး ဆရာတော်ဦးမာနိတက ကျပ်သိန်း ၅၀၊ မြို့သစ်မြို့နေ ဦးမိုးသူက သိန်း ၅၀၊ အလှူရှင်အမျိုးသမီး တစ်ဦးက ၁၀၁ သိန်း၊ စုစုပေါင်း ၂၀၁သိန်း မတည်လှူဒါန်းထားရှိကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။ 

R-24