News

POST TYPE

TIP

လူငယ်များအဘယ်ကြောင့် စာဖတ်သင့်သနည်း
23-Dec-2018



၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ တွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားပေးပါသည်။ ယခုဖော်ပြမည့် အကြောင်းအရာများသည် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းထဲမှ လူငယ်များအတွက် စာဖတ်ရန် နည်းလမ်းကောင်းများနှင့် အဘယ်ကြောင့် စာဖတ်သင့်ကြောင်း နည်းလမ်းကောင်းများကို ကောက်နုတ်ပေးထားခြင်းဖြစ်ပါသည်။

စာအဘယ်ကြောင့် ဖတ်ရမည်နည်းကို မပြောမီ “အဘယ်ကြောင့် စာရေးကြသနည်း” ဆိုသည်ကို မေးခွန်းထုတ်ထားသည်။ စာရေးခြင်းဆိုသည်မှာ အကြောင်းနှစ်ချက်အပေါ်တွင်သာ အခြေခံနေကြောင်း တွေ့ရမည်ဖြစ်သည်။

(၁) ကိုယ့်ခံစားမှု အတွေ့အကြုံများကို မျှဝေချင်သောကြောင့်

(၂) ကိုယ့်အတွေးအမြင်များကို သူတစ်ပါးအပေါ်တွင် လွှမ်းမိုးစေချင်သောကြောင့်ဆိုသည့် အချက်နှစ်ချက် အပေါ်တွင် အခြေခံထားကြောင်း တွေ့ရမည်ဖြစ်သည်။

စာရေးသူများသည် ထိုသဘောတရားနှစ်ခုပေါ်တွင် အခြေခံပြီး စာရေးသည်ဆိုလျှင် စာဖတ်သူများကလည်း အဘယ်ကြောင့် စာဖတ်ကြသနည်းဆိုသည့် အဖြေကို ရိုးရိုးလေးတွေးကြည့်၍ ရမည်ထင်ပါသည်။ မျှဝေချင်လျှင် စာဖတ်မည်။ လွှမ်းမိုးချင်လျှင် စာဖတ်မည်သာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က -

“စာရေးတယ်ဆိုတာကလည်း ကိုယ့်အတွေးအခေါ် ကိုယ်ထင်သလို တခြားသူကို ထင်စေချင်လို့။ အကြောင်းကြောင်းကြောင့် တခြားသူကို တစ်မျိုးတွေးစေချင်လို့၊ တခြားသူအတွေးတွေအပေါ်မှာ ဩဇာလွှမ်းမိုးချင်လို့၊ ဒီအကြောင်းနှစ်ခုပဲ အခြေခံအားဖြင့် ရှိနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်”ဟု ဆိုခဲ့သည်။

အဘယ်ကြောင့် စာဖတ်ကြသနည်း။ ကျောင်းသား ကျောင်းသူများသာမက လုပ်ငန်းခွင်ဝင်နေသူများပါ မိမိတို့လုပ်ငန်းခွင်တွင် ထိရောက်စေနိုင်ရန် စာဖတ်ကြရသည်။ ရသစာပေများကို ကိုယ့်လုပ်ငန်းခွင် ပြင်ပအချိန်များတွင် ဖတ်ကြရသည်။ ကျောင်းများတွင် ပြဋ္ဌာန်းထားသည့် စာအုပ်များအပြင် ပြင်ပစာအုပ်များကို ဖတ်ရှုခြင်းသည် အလေ့အကျင့်သာဖြစ်သည်။ အလေ့အကျင့်ကောင်းကို ပျိုးထောင်ပေးရန်မှာ မိသားစုအသိုင်းအဝိုင်း၊ ကျောင်းနှင့် ဆရာ ဆရာမ အသိုင်းအဝိုင်းများက အရေးကြီးသည်။

လူတိုင်း ကလေးတိုင်း စာဖတ်ဝါသနာမပါနိုင်ပေ။ သူတို့ကို ပျိုးထောင်ပေးသည့် ဝန်းကျင်အလိုက် ကလေးများ၏ စာဖတ်နိုင်စွမ်းသည် ကွာခြားနိုင်သည်။ အပေါ်ယံဖတ်သလား၊ နှလုံးသားနှင့် ဦးနှောက်နှင့် ဖတ်နေသလားဆိုသည်မှာ သူကျင်လည်ရာ ပျိုးထောင်ပေးမည့် ဝန်းကျင်နှင့်လည်းဆိုင်သည်။ အဘယ်ကြောင့် စာဖတ်သနည်း။

“ကျွန်မ ဘာဖြစ်လို့စာအုပ်တွေကို မြတ်နိုးသလဲ၊ ဘာဖြစ်လို့ စာဖတ်ဖို့စိတ်အားထက်သန်သလဲဆိုတော့ ပြောရမယ်ဆိုရင် ကျွန်မအတွက် အကျိုးရှိတယ်လို့ ကျွန်မမြင်လို့ပဲ။ အကျိုးရှိတယ်ဆိုတာဟာ ဗဟုသုတရတာကလည်း တစ်ဖက်ပေါ့။ ဒါကတော့ လက်တွေ့ကျကျဆိုပါတော့။ ဒါပေမဲ့ စာအုပ်တွေဖတ်တဲ့အခါကျရင် ကျွန်မ စိတ်ချမ်းသာမှုရတယ်။ ကျွန်မစိတ်ထဲမှာ ကျေနပ်မှုရတယ်။ ကျွန်မရဲ့ ကမ္ဘာကြီးဟာ ပိုပိုပြီးကျယ်သွားသလိုပဲ။ ကျွန်မရဲ့ ကမ္ဘာကြီးဟာ ကျွန်မတစ်ယောက်တည်းနဲ့ ဆိုင်တဲ့ဟာ မဟုတ်တော့ဘူး။ တကယ့်ကို နေရာအရပ်ရပ်မှာရှိတဲ့ ပုဂ္ဂိုလ်များအားလုံးနဲ့ဆိုင်တဲ့ ကမ္ဘာကြီးဖြစ်သွားတယ်လို့ ကျွန်မခံစားရတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားကျောင်းသူများနှင့် စာဖတ်ခြင်းဆိုင်ရာနှင့် ရသစာပေကိစ္စများကို ဆွေးနွေးခဲ့စဉ်က အဖြစ်အပျက်လေးတစ်ခုကို ပြန်ပြောပြသည်။

“လူငယ်တော်တော်များများ ဖတ်ဖူးတဲ့စာအုပ်တစ်အုပ်က အမေရိကန်စာရေးဆရာတစ်ယောက်ရေးထားတဲ့ “The Catcher in the Rye” ကို မြန်မာလိုပြန်ထားတာပါ။ လေလွင့်သူဆိုတဲ့  စာအုပ်။ အဲဒါကို ပထမပြောတဲ့ လူငယ်သုံးယောက်လောက်က တက်တက်ကြွကြွနဲ့ ဒီဟာကို သူတို့ဖတ်ထားတဲ့အကြောင်းကို ပြောတော့ နောက်ပိုင်းမှာ လေးငါးယောက်မြောက်လို့ ထင်ပါတယ်၊ အဲဒီလူငယ်လေးက သူလုံးဝမကြိုက်ဘူးလို့ ပြောတယ်။ အဲဒီလိုမကြိုက်ဘူးလို့ပြောတော့ တချို့က ဩဘာပေးတယ်။ အဲဒီတော့ ကျွန်မက နည်းနည်းရယ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် အားလုံးကကြိုက်ပါတယ်ပြောပြီးမှ သူတစ်ယောက်တည်းက မကြိုက်ပါဘူးလို့ ပြောတာကို သဘောကျလို့ အဲဒါကိုဩဘာပေးတာလား၊ သူတို့ကိုယ်တိုင်မကြိုက်လို့ ဒါပေမဲ့ အရင်တုံးကတော့ တခြားလူတွေက ကြိုက်နေတော့ မကြိုက်ဘူးဆိုတဲ့ဘက်က မရပ်တည်ရဲလို့၊ အခုက ဒီတစ်ယောက်က ဒီလိုမကြိုက်ဘူးဆိုပြီး ပြောတာကို သဘောကျလို့ ဩဘာပေးတာလား မသိဘူး။ ဩဘာပေးကြတယ်။ အဲဒီတော့ မကြိုက်တာလည်း သူ့မှာမကြိုက်ပိုင်ခွင့်ရှိပါတယ်”ဟု ဆိုသည်။

ထိုစာအုပ်ကို အဘယ်ကြောင့် မကြိုက်ရကြောင်း ထိုလူငယ်က ရှင်းပြရာတွင် “သူသိသောဘဝနှင့် လုံးဝမတူသောကြောင့်” ဖြစ်ကြောင်း ရှင်းပြသည်။ သူ့ပတ်ဝန်းကျင်၊ သူ့ယဉ်ကျေးမှုနှင့် မတူသည့်အတွက် သူမကြိုက်ဟုဆိုခြင်းမှာ မဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

“ယဉ်ကျေးမှုက အတွေ့အကြုံတွေမို့လို့ သူမကြိုက်ဘူးဆိုတော့ အဲဒါကျတော့ ကျွန်မသိပ်သဘောမတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတစ်ခုဟာ ကိုယ်နဲ့မတူတဲ့၊ ကိုယ့်ပတ်ဝန်းကျင်နဲ့မတူတဲ့ ပတ်ဝန်းကျင်တွေအကြောင်း ကိုယ်သိလာရတာ၊ ကိုယ့်လို လူတိုင်းမစဉ်းစားဘူးဆိုတာကို ကိုယ်နားလည်လာရတာ။ လောကကြီးမှာ၊ ဒီကမ္ဘာကြီးမှာဆိုရင် ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ထုံးတမ်းစဉ်လာ အမျိုးမျိုးရှိကြပါတယ်။ အဲဒီအမျိုးမျိုးတွေဟာ မတူဘူး။ မတူကွဲပြားမှုတွေဟာ ကြိုက်တာ မကြိုက်တာ တစ်မျိုးပေါ့။ ကိုယ်ကြိုက်တဲ့ဟာကို ကြိုက်မယ်၊ မကြိုက်တဲ့ဟာကို မကြိုက်ဘူး။ ဒါပေမဲ့ မတူလို့၊ ကိုယ်သိတဲ့ပတ်ဝန်းကျင်နဲ့ကွာခြားတဲ့ ပတ်ဝန်းကျင်ကို ရောင်ပြန်ဟပ်တဲ့ စာပေမို့လို့ မနှစ်သက်ဘူးဆိုတာက ကျွန်မအနေနဲ့ လက်ခံတဲ့အမြင်တစ်ခုမဟုတ်ပါဘူး” ဟု ဆိုခဲ့ပါသည်။

“ကျွန်မတို့က လူငယ်တွေကို စာဖတ်စေချင်တယ်။ လူငယ်တွေကိုစာဖတ်စေချင်တယ်ဆိုတာ လူငယ်တွေရဲ့ ကမ္ဘာကြီး ကျယ်ဝန်းသွားအောင်လို့ပါ။ ကျွန်မစောစောကပြောသလို ကျွန်မအတွက် စာဖတ်ခြင်းဟာ ကျွန်မရဲ့ ကမ္ဘာကြီး ကျယ်ဝန်းသွားသလိုပဲ။ ကျွန်မ တစ်ဦးတည်းရဲ့ ဦးနှောက်အကြောင်းသာ ကျွန်မနားလည်တာမဟုတ်ဘူး။ တခြားလူတွေရဲ့ ဦးနှောက်အကြောင်း။ နောက်ပြီး ကျွန်မတစ်ယောက်တည်းရဲ့ နှလုံးသားတင်မကဘူး၊ တခြားသူတွေရဲ့ နှလုံးသားအမြင်အကြောင်းကို အများကြီး ရသစာပေက နားလည်စေတယ်။ အဲဒီလိုခံစားမှုနဲ့ ကျွန်မက စာဖတ်တယ်”ဟု ဆိုလိုက်ခြင်းမှာ ယနေ့စာဖတ်မည်ဟု စိတ်ကူးနေသော လူငယ်များအနေနှင့် စဉ်းစားစရာဖြစ်မည်ထင်ပါသည်။