News

POST TYPE

TIP

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် လက်ခုပ်ကုန်းကမ်းခြေကို အဆင့်မြှင့်မည်
13-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် လက်ခုပ်ကုန်းကမ်းခြေဒေသကို အဆင့်မြှင့်ရန် တိုင်းအစိုးရအဖွဲ့က စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

“လက်ခုပ်ကုန်းကမ်းခြေဒေသကို အခြေခံအဆောက်အဦတွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရဖို့ အရင်လုပ်ဆောင်ဖို့ရှိမယ်။ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ သက်ဆိုင်ရာ နယ်မြေလွှတ်တော်ကိုယ်စားလှယ်တွေ ပေါင်းလုပ်လိမ့်မယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမောင်စိုးက ဆိုသည်။

လက်ခုပ်ကုန်းကမ်းခြေအဆင့်မြှင့် တင်ခြင်းလုပ်ငန်းကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် စီစဉ်ထားပြီး ခရီးသွားလုပ်ငန်းအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးသည် အဓိက လိုအပ်ချက်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။

“လက်ခုပ်ကုန်းက ဒီရေတောတွေနဲ့ ထင်ရှားတယ်။ သေသေချာချာထိန်းသိမ်းပြီး အဆင့်မြှင့်မယ်ဆိုရင် ရန်ကုန်တိုင်းအတွက် ထင်ရှားလာမယ့်ခရီးစဉ် နေရာတစ်ခုပါ”ဟု ပြည်တွင်းခရီးသွား ဘုရားဖူးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမျိုးကြီးက ဆိုသည်။
လက်ရှိတွင် လက်ခုပ်ကုန်းကမ်းခြေကို ကိုယ်ပိုင်အစီအစဉ်ဖြင့်သာ လာရောက်လည်ပတ်မှုများရှိပြီး ရန်ကုန်မြို့နှင့် မိုင် ၃၀ အကွာ ကွမ်းခြံကုန်းမြို့နယ်တွင် တည်ရှိသည်။

“လက်ခုပ်ကုန်းက ခရီးသွားလုပ်ငန်းအတွက် တကယ့်ကို အလားအလာရှိတဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ နိုင်ငံတော်အဆင့်နဲ့ လုပ်ရမှာဖြစ်တယ်။ တကယ့်ပံ့ပိုးမှုတွေလုပ်ဖို့ လိုအပ်တဲ့နေရာပါ။ ဒီနေရာရဲ့ အခြေခံအဆောက်အဦအပိုင်းကို အစကတည်းက ပံ့ပိုးမယ်ဆိုလို့ ဒီလုပ်ငန်းကို လုပ်ခဲ့တယ်။ ဒါပေမဲ့ တကယ်ဖြစ်မလာဘူး။ အခု တကယ်အဆင့်မြှင့်မယ်ဆိုရင် ပြောတဲ့အတိုင်း တကယ်လုပ်ဖို့ပဲလိုတယ်”ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဌေးအောင်က ဆိုသည်။

ယင်းကမ်းခြေတွင် ဒေသခံများ၏ လူနေမှုဘဝများနှင့် ငှက်ကြည့်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဒီရေတောများကို လေ့လာနိုင်မည်ဖြစ်သည်။

J-14