News

POST TYPE

TIP

ကွန်ဖြူးရှပ်၏ အတွေးအမြင် (၄)
01-Dec-2018

 
ကွန်ဖြူးရှပ်အတွေးအခေါ်၏ “ယန်”ဆိုသော သဘောတရားသည် အရှေ့- အနောက်တိုင်း အတွေးအခေါ်များပါ ရောစွက်ပါဝင်နေကြောင်း တွေ့ရမည်ဖြစ်သည်။ အနောက်တိုင်းဆိုင်ရာ ကိုယ်ကျင့်တရားစံတွင် “ကိုယ်မကြိုက်သည်ကို အခြားသူအား ပြန်လည်မပြုမိစေနှင့်”ဆိုသည့်သဘောတရားများကို တွေ့ရှိရသည်။ တရုတ်အတွေးအမြင်တွင်လည်း ထိုအတိုင်း ချမှတ်ထားသည့်လမ်းစဉ်ကို တွေ့ရသည်။

“ကိုယ့်ကို သူများက မလုပ်စေချင်သည့်အရာကို သူတစ်ပါးအား သွားမလုပ်မိပါစေနှင့်” ဟူ၍ဖြစ်သည်။

ယန်နှင့်ညီအောင် နေထိုင်တတ်သူသည် ကိုယ့်အတွက်ချည်းသက်သက်မကြည့်။ သူတစ်ပါးအတွက်လည်း ထည့်တွက်ပေးတတ်သည်။ သူသည် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ရင်း၊ အခြားသူများကိုလည်း တိုးတက်စေသည်။ ကိုယ်တိုင်ကြီးပွားအောင်လုပ်ရင်း အခြားသူများကိုလည်း ကြီးပွားစေသူဖြစ်သည်။ ယန်၏ သဘာတရားကိုက ကိုယ်ချင်းစာစိတ်တစ်ခုလို ဖြစ်နေသည်။ ဘာလုပ်လုပ် ငါနှင့် သူကို အပြန်ပြန် အလဲအလှယ် လုပ်ပြီး တွေးဆတတ်သည်။

ကွန်ဖြူးရှပ်သည် လူသားတို့၏ အတွင်းစိတ်ဓာတ်များ ခိုင်မာရင့်ကျက်စေရန် နေရာအနှံ့ ခရီးထွက်သည်။ သူက ခရီးထွက်ပြီး ဘဝထဲတွင် ပြဿနာတွေကို အဖြေရှာသည်။ အတွင်းစိတ်ဓာတ် ရင့်ကျက်ခိုင်မာရန်ဆိုသည်မှာ ကိုယ်တိုင်ကျင့်ကြံ အားထုတ်နိုင်မှရသည် ဆိုခြင်းကို သူကောင်းကောင်းသိသည်။ ကိုယ်ကျင့်တရားဆိုသည်မှာ ကိုယ်တိုင်ကျင့်ကြံ အားထုတ်ရမည့်တရားဖြစ်သည်။ ကိုယ်တိုင် ကောင်းမှသူများကို ကောင်းအောင်လုပ်နိုင်မည်။ ကိုယ်ကျင့်တရားဆိုသည်မှာ ကိုယ်တိုင်ကောင်းအောင် ကျင့်ရသလို၊ ကိုယ်မကြိုက်၊ မကောင်းဟု ထင်သည့်အရာများကိုလည်း သူတစ်ပါးအပေါ် မပြုကျင့်မိအောင် ရှောင်ခြင်းဖြစ်သည်။ 

သူ၏တပည့်ကျော်တစ်ဦးဖြစ်သူ ယန်ဟွေက ကွန်ဖြူးရှပ်အား “ယန်ကို မည်သို့ အားထုတ်ရပါမည်နည်း” ဟူ၍ မေးဖူးသည်။ ကွန်ဖြူးရှပ်က -

“ကိုယ်တိုင်ထိန်းချုပ်နိုင်အောင်ကျင့်။ လိနှင့်အတူနေ” ဟုဆိုသည်။ “လိ” နှင့်အတူနေဆိုသည်မှာ လူမှုရေးကျင့်ဝတ်အတိုင်း နေထိုင်ရန် ပြောခြင်းဖြစ်သည်။ လူ့လောကတွင် လူတိုင်းလိုက်နာကျင့်သုံးရမည့် လူ့ကျင့်ဝတ်ဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်များက ရှိပြီးသားဖြစ်သည်။ လူမှာလည်း လူ့ကျင့်ဝတ်၊ မင်းမှာလည်း မင်းကျင့်ဝတ် သူ့ကျင့်ဝတ်နှင့်သူ ရှိသည်။ ရှိပြီးသား ကျင့်ဝတ်တွေကို မဖောက်မပြန် မှန်ကန်အောင်နေထိုင်နိုင်ခြင်းသည် “လိ”ဖြစ်အောင် နေထိုင်ခြင်းဖြစ်သည်။ ကျင့်ဝတ်အတိုင်းနေလျှင် ကောင်းမြတ်ခြင်း တရားက အလိုလိုရောက်လာမည်သာဖြစ်သည်။

ကွန်ဖြူးရှပ်အတွေးအမြင်ကို လေ့လာကြည့်လျှင် ကောင်းမြတ်ခြင်းတရားဆိုသည်မှာ သူ့နေရာနှင့်သူ၊ သူ့ကဏ္ဍနှင့်သူ သီးခြား ခွဲခြားပြီး သတ်မှတ်ထားကြောင်း တွေ့ရမည်ဖြစ်သည်။ ထိုသို့ လူတိုင်းလိုက်နာရမည့် တရားများကို သူ့အပိုင်းနှင့်သူ ခွဲခြားထားခြင်းကလည်း လူတိုင်းလိုက်နာနိုင်မည့် ကောင်းမြတ်သောတရား ဖြစ်စေချင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်လည်း သူက မင်းသည် မင်းလိုကျင့်၊ သားသည် သားလိုကျင့်၊ အဖေသည် အဖေလို့ ကျင့်ရန် တဖွဖွပြောခြင်းဖြစ်သည်။ ကိုယ့်ကိုယ်ကျင့်တရားကို လုံအောင်စောင့်ထိန်းထားလျှင် လောကကြီးသည် ပျက်စီးစရာအကြောင်းမရှိကြောင်း သူက ကောင်းစွာလက်ခံထားသည်။ သို့သော် သူ၏ ကိုယ်ကျင့်တရားဆိုင်ရာ အစိတ်အပိုင်းလေးများသည် ပေါင်းစပ်၍ရသည်။ 

သူ၏ အတွေးအခေါ်တွင် မေတ္တာ၊ သတ္တိ၊ ပညာ၊ သိက္ခာ၊ ကျင့်ဝတ် စသည်တို့သည် တစ်ပိုင်းချင်း တစ်ကန့်ချင်း ပါဝင်နေကြောင်း တွေ့ရသည်။ သူကလည်း ဘာပြောပြော တစ်ပိုင်းချင်း တစ်ကန့်ချင်းကို ခွဲထုတ်ပြီး ဆန်းစစ်ပိုင်းခြား သုံးသပ်ပြတတ်သည်။ ထိုသဘော တရားသည် ပလေတို၏ ီငေူသါကျ ဆိုသည့် သဘောတရားနှင့် ဆင်တူနေသည်။ ရှေးခေတ်က ဆရာသမားများသည် ပြဿနာတစ်ရပ်ကို ဆန်းစစ်ခွဲခြမ်း စိတ်ဖြာပြီးမှ အဖြေရှာလေ့ရှိကြောင်း သိနိုင်သည်။ ခွဲထုတ်ရခြင်းမှာ ရှင်းလင်းစွာ သင်ကြားနိုင်ရန်ဖြစ်သည်။

“တပည့် ငါသည် အများကြီးလေ့လာခဲ့သည်။ အားလုံးကို ပြန်မှတ်မိနိုင်ပါမည်လော” ဟု တပည့်ဖြစ်သူ စုကျန်းကို ကွန်ဖြူးရှပ်က မေးသည်။ တပည့်က “မှတ်မိနိုင်မည်မထင်ပါဆရာ” ဟု ဆိုလိုက်သည်။ ကွန်ဖြူးရှပ်က “ငါသည် တစ်ခုချင်း မမှတ်မိနိုင်သော်လည်း ငါ၏ ပေါင်းစုကာ မှတ်သားထားသည့် သဘောတရားမှာ တစ်ခုတည်းသာ ဖြစ်သည်” ဟု ဆိုခဲ့ဖူးသည်။

သူ၏ပေါင်းစုကာ မှတ်သားခြင်းဆိုသည်မှာ ပြဿနာတစ်ခုကို နိဂုံးကောက်ချက်ဆွဲထုတ်တတ်ခြင်းဖြစ်သည်။ စာဖတ်သည်ဖြစ်စေ၊ ဆွေးနွေးသည်ဖြစ်စေ သူက အားလုံးကိုမှတ်သားပြီး နေမည်မဟုတ်။ ပြောလိုသည့်ဆိုလိုရင်း အဓိပ္ပာယ်နှင့် နိဂုံး သို့မဟုတ် အဖြေ တစ်ခုခုက သူ့ထံတွင် ရှိပြီးသားဖြစ်နေသည်။ မည်မျှကွဲပြားသော အကြောင်းအရာများဖြစ်ပါစေ နောက်ဆုံးတွင် ဦးတည်ချက်တစ်ခုတည်းသာရှိသည်။ ထိုဦးတည်ချက်ကို ရောက်အောင် သွားရမည်၊ ရှာရမည်၊ ဆွဲထုတ်ယူနိုင်ရမည်။ သူက ကွဲပြားမှုတွေ မည်မျှများနေသည်ဆိုစေ တစ်ခုတည်းသော ဦးတည်ချက်ကို ရအောင်ယူရမည်ဟုဆိုသည်။ ကွန်ဖြူးရှပ်က -

“ငါပြောသမျှ အတွေးအမြင်များကို အားလုံးပေါင်းခြုံကာ သုံးသပ်နိုင်ရမည်။ ဆက်စပ်နေသည့် သဘောတရားများရှိသည်။ နောက်ဆုံးတွင် တစ်ခုတည်းသာဖြစ်သည်” ဟုဆိုခဲ့သည်။ သူ၏ တပည့်ဖြစ်သူ ဆွန်ဇူးကလည်း -

“ဆရာ့အတွေးအမြင်များသည် စိတ်ဖြင့်စဉ်းစားဆင်ခြင်နိုင်မှရသည်”ဟုဆိုခဲ့သည်။ 

လူ့ဘဝတွင် ရှုထောင့်အမျိုးမျိုးရှိနိုင်သည်။ ကြုံတွေ့ရသမျှကို ကောင်းသည်၊ ဆိုးသည် နှစ်မျိုးခွဲပြီး စဉ်းစားဆုံးဖြတ်နိုင်ရန် အရေးကြီးသည်။ ထိုသို့စဉ်းစားရာတွင်လည်း တစ်ခုတည်းသော အချက်အလက်များအပေါ်တွင် အခြေခံစဉ်းစားရန်မသင့်။ ဘက်စုံ၊ ထောင်စုံ၊ အဘက်ဘက်က စဉ်းစားတွေးခေါ်နိုင်ရန် အရေးကြီးသည်။ တရုတ်တို့က ယင်းကို “ရှူ”ဟုခေါ်သည်။ ယင်းသည် စိတ်ဖြစ်သည်။ လူတိုင်းတွင် စိတ်ရှိသည်။ လူတိုင်းတွင် ကြိုက်စိတ်၊ မကြိုက်စိတ်၊ ကောင်းစိတ်၊ ဆိုးစိတ်များရှိသည်။ ထိုစိတ်အမျိုးမျိုးထဲမှ ဘာကိုကောင်းသည်၊ ဘာကိုဆိုးသည်ဟု အမှားအမှန် ခွဲခြမ်းစိတ်ဖြာနိုင်ခြင်းမှာ “ရှူ” ဖြစ်သည်။ “ရှူ” ဆိုသည့်စိတ်ဖြင့်သာ လူသည် ရပ်တည်နိုင်မည်။