POST TYPE
TIP
ရွှေပေါ်ကျွန်းဆရာတော် အလိုမရှိကြောင်း ဒေသခံ ၅၀၀ ခန့် ဆန္ဒပြ
19-Nov-2018

မိတ္ထီလာ၊ နိုဝင်ဘာ ၁၈
မန္တလေးတိုင်း မလှိုင်မြို့နယ် ရွှေပေါ်ကျွန်းကျေးရွာရှိ စေတော်ဝင်ကျောင်းတိုက်၌ လက်ရှိသီတင်းသုံးနေသော ဆရာတော်ကို အလိုမရှိဟုဆိုကာ ကျေးရွာ ဒေသခံ ၅၀၀ ခန့်သည် နိုဝင်ဘာလ ၁၈ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ကျောင်းထိုင်ဆရာတော်အနေနဲ့ ဒကာ၊ ဒကာမတွေ စိတ်ချမ်းသာအောင် ပံ့ပိုးမှုရှိရမယ်။ အခုက ဒကာ ဒကာမတွေ စိတ်ဆင်းရဲအောင်လုပ်တာ၊ အလှူလုပ်တာတောင် မလှူနဲ့လို့ပိတ်ပင်တာ၊ နာရေးပင့်တဲ့အခါမှာ မကြွရဘူးဆိုပြီး သံဃာတွေကို ပိတ်ပင်တာမျိုးတွေ လုပ်နေတာကြောင့် ကန့်ကွက်တာ”ဟု ယင်းဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးသန်းအောင်က ပြောကြားသည်။
ယင်းဆန္ဒပြပွဲကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၏ ခွင့်ပြုချက်အရ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေအတိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူများက စေတော်ဝင် ရွှေပေါ်ကျွန်းသာသနာ တည်တံ့ခိုင်မြဲရေး၊ ဝိနည်းတော်နှင့်အညီ ဦးစီးနာယကဆရာတော်အသစ် တင်မြှောက်ရေး အပါအဝင် တောင်းဆိုချက်ကိုးချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါရွာကို စေတော်ဝင်ကျောင်းတိုက်မှ နှစ်ပေါင်း ၂၀ ခန့် မီးပေးခဲ့သော်လည်း ကျေးရွာမီးလင်းရေးကော်မတီ ဖွဲ့စည်းပြီးနောက် မီးဖြတ်လိုက်ခြင်းနှင့် စေတော်ဝင်ကျောင်းမြေ ကာရံမည်ကို လက်မခံလိုသောကြောင့် ဒေသခံများက ဆန္ဒပြခြင်းဖြစ်နိုင်ကြောင်း စေတော်ဝင်ကျောင်းမှ ပဓာနနာယကဆရာတော် ဦးကုမာရက မိန့်ကြားသည်။
“သာသနာ့မြေကို ကာမယ်ပြောလို့ ဆန္ဒပြနေတာ။ အဲဒါက ဘုန်းကြီးအမိန့် မဟုတ်ဘူး။ နိုင်ငံတော်သံဃမဟာ နာယကအမိန့်”ဟု ဆရာတော်က မိန့်ဆိုသည်။
လက်ရှိဦးစီး နာယကဆရာတော်သည် ယခင် စေတော်ဝင်ရွှေပေါ်ကျွန်း သာသနာပြုစခန်း တည်ထောင်ခဲ့သော ရွှေပေါ်ကျွန်းဆရာတော် အရှင်ဇေယျသိဒ္ဓိ ဓမ္မဉာဏိက ပျံလွန်တော်မူပြီးနောက် ၁၉၉၉ ခုနှစ်ကစ၍ သီတင်းသုံးနေထိုင်ခြင်းဖြစ်ကြောင်း ဒေသခံများအဆိုအရ သိရသည်။
R-01
- VIA
- Voice Admin
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021