News

POST TYPE

TIP

ကွန်ဖြူးရှပ်၏ အတွေးအမြင် (၂)
17-Nov-2018


ကွန်ဖြူးရှပ်သည် နိုင်ငံအနှံ့ ခရီးလှည့်လည်နေသည့် ကာလများ၌ အရေးပါသည့် လုပ်ငန်းကြီးနှစ်ခုကို လုပ်ဆောင်ခဲ့သည်။ 

ယင်းလုပ်ငန်းနှစ်ခုမှာ စာပေဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် စာရေးခြင်းတို့ဖြစ်သည်။ သူ့ခေတ်သူ့အခါတွင် အလွန်တန်ဖိုးရှိသော အတွေးအမြင်များကို တွေးခေါ်ခြင်း၊ သင်ကြားခြင်းတို့ကို ပြုလုပ်ခဲ့ပြီး တပည့်များ၏ မှတ်တမ်းတင်ရေးသားခဲ့ချက်များကြောင့် အနာဂတ်အတွက် လေ့လာအားကိုးစရာ အတွေးအမြင်ကျမ်းများအဖြစ် ကျန်ရစ်ခဲ့ပါသည်။ 

သူသည် အတွေးအမြင်များကို သမိုင်းရေးဆိုင်ရာ ချဉ်းကပ်မှုများဖြင့်သာ ရှုမြင်သုံးသပ်ပြီး တပည့်များ မေးခြင်းတို့ကို ပြန်လည် ဖြေကြားလေ့ရှိသည်။ သူနှင့်ခေတ်ပြိုင် တာအိုဝါဒီ ဂိုဏ်းသားများက မှန်းဆခြင်း၊ စိတ်ကူးယဉ် ခံစားခြင်းတို့နှင့် အတွေးအခေါ်များကို ဖြန့်ကျက်နေချိန်၌ ကွန်ဖြူးရှပ်က သမိုင်းဆိုင်ရာ အတွေးအမြင်များဖြင့် အနာဂတ်အထိ ကျန်ခဲ့စေမည့် သူ့ဒဿနများကို ပုံဖော်နေခြင်းမှာ ထူးဆန်းသည်ဟုဆိုရမည်ဖြစ်သည်။ 

ကွန်ဖြူးရှပ်သည် အလွန်နူးညံ့သိမ်မွေ့သူတစ်ဦးဖြစ်သည်။ ထို့ပြင်အလှအပကိုလည်း ခံစားတတ်သည်။ ချီမင်းနေပြည်တော်သို့ ခရီးထွက်စဉ် သူသည် ဂီတသံကိုကြားပြီး ကြာမြင့်စွာ ရပ်နားထောင်ကာ ထိုဂီတသံမျိုး သူ့ဘဝတစ်သက်တာတွင် မကြားဖူးကြောင်း ဖွင့်ဟပြောဆိုသည်။ ထိုအချိန်ကစတင်ပြီး သူသည် သုံးလတိုင် ဂီတပညာကို လေ့လာခဲ့သည်။ ဂီတကို ထမင်းမေ့ ဟင်းမေ့ လေ့လာခဲ့သည်ဟုဆိုသည်။ 

သူ၏ နူးညံ့သိမ်မွေ့ခြင်းနှင့် ခံစားတတ်မှုများကိုအသုံးပြုကာ အရာရာကို တွေးဆခဲ့ခြင်းကပင် ကိုယ်ကျင့်တရားဆိုင်ရာ လိုက်နာရန် အချက်များကို ပို့ချရာ၌ ပိုပြီး သိမ်မွေ့နူးညံမှုကိုဖြစ်စေခဲ့သည်။ သူက -

“ကျွနု်ပ်သည် အသက် ၁၅ နှစ်အရွယ်တွင် စာပေလေ့လာမှုကို အပြင်းအထန်လုပ်ခဲ့သည်။ အသက် ၃၀ တွင် လွတ်မြောက်သည့်စိတ်ကို ကျွနု်ပ်ပိုင်ဆိုင်နိုင်ခဲ့သည်။ ၄၀ အရွယ်တွင် ကျွနု်ပ်ထံ၌ သံသယဖြစ်မှုများ ပျောက်ကွယ်ကုန်သည်။ ၅၀ တွင် ကောင်းကင်ဘုံအကြောင်း ကောင်းကောင်းကြီး နားလည်သွားသည်။ ၆၀ တွင် ကျွနု်ပ်ဘာကိုကြားကြား အားထုတ်စရာမလိုဘဲ နားလည်သွားသည်။ ၇၀ တွင် ကိုယ်ကျင့်တရားဆိုင်ရာ ဥပဒေသများကို လိုက်နာရန်မလိုဘဲ နှလုံးသားဆန္ဒနောက်ကို လိုက်ပါလုပ်ဆောင်သွားနိုင်ခဲ့သည်” ဟု ပြောကြားချက်မှာ အလေးထားစဉ်းစားစရာဖြစ်သည်။ 

ကွန်ဖြူရှပ်တွေးတောဆင်ခြင်မှုများသည် သမိုင်းဆိုင်ရာဖြစ်စဉ်နှင့် အချက်အလက်များအပေါ်တွင် အခြေခံခဲ့ကြောင်းတွေ့ရသည်။ သူက စကြဝဠာကြီး၏ မူလပြဿနာများကို စိတ်စွမ်းအင်ဖြင့်သာ လေ့လာဖြေရှင်းနိုင်သည် ဟု ယုံကြည်သည်။ သူက -

“စဉ်းစားတွေးတောခြင်းမရှိသော လေ့လာခြင်းသည် လုပ်အားကို ဆုံးရုံှုးခြင်းဖြစ်သည်။ လေ့လာခြင်းမရှိဘဲ စဉ်းစားတွေးတောခြင်း သည် အန္တရာယ်ရှိသည်” ဟု ဆိုခဲ့သည်။ သူသည် သဘာဝကျကျ လေ့လာသင်ပြတတ်သည့် ဆရာဖြစ်သည်။ သူ့အတွေးအမြင်များသည် လူသားဆန်ပြီး သဘာဝကျကျ ပြောဆိုသွန်သင်ခဲ့မှုများ ဖြစ်နေကြောင်းလည်း တွေ့ရမည်ဖြစ်သည်။ 

တစ်ခါက မြို့စားကြီးတစ်ဦးသည် ကွန်ဖြူးရှပ်၏ တပည့်တစ်ဦးကို မေးမြန်းခဲ့သည်။ ပညာရှိဆိုသည်မှာ အဘယ်နည်းဟု ဖြစ်သည်။ တပည့်ဖြစ်သူကမဖြေနိုင်ပေ။ ထို့ကြောင့် ဆရာထံလာပြီး အဖြေကိုပေးပါရန် တောင်းပန်လေတော့သည်။ ကွန်ဖြူးရှပ်က-

“တပည့် အဘယ်ကြောင့် မဖြေနိုင်ရသနည်း” ဆိုကာ အပြစ်တင်လိုက်သည်။ ထို့နောက်-

“ထမင်းမေ့ ဟင်းမေ့ လေ့လာသူ၊ ပူဆွေးသောကကိုမေ့ပြီး ပျော်ရွှင်သူ၊ အိုနာသေဘေးက ခိုးနေမှန်းမသိ မဆင်ခြင်မိသူပါလား” ဟုတပည့်ကို ဝေဖန်ခဲ့သည်။ ကွန်ဖြူးရှပ်သည် ဂရိဒဿနဆရာကြီးများကဲ့သို့ပင် အသိပညာကို မြတ်နိုးသူဖြစ်သော်လည်း ပညာရှိဆိုသည်မှာ မရှိဟုဆိုလိုခြင်းဖြစ်သည်။ ပညာရှိဆိုသည်မှာ မရှိ။ မရှိသည်ကိုရှာနေရခြင်းမှာ ပညာဖြစ်သောကြောင့် ပညာကိုသေသည် အထိ ရှာနေရမည်သာဖြစ်သည်။ 

ကွန်ဖြူးရှပ်သည် ကိုယ်ကျင့်တရားဆိုင်ရာတန်ဖိုးများကို အမြဲရှာဖွေနေသူတစ်ဦးဖြစ်သည်။ သူ့ကို တရုတ်နိုင်ငံ၏ ကိုယ်ကျင့်တရား ဆိုင်ရာ စံများကို ပထမဆုံး ရှာဖွေဖော်ထုတ်ကာ အုတ်မြစ်ချပေးခဲ့သူဟူ၍လည်း ဆိုနိုင်သည်။ ကိုယ်ကျင့်တရားဆိုင်ရာစံများကိုလည်း စနစ်တကျဖြင့် ချမှတ်ဖော်ထုတ်ပေးနိုင်ခဲ့သည်။ သူ၏ ကိုယ်ကျင့်တရားဆိုင်ရာ အတွေးအမြင်များသည် လူသားဆိုသည့် အခြေခံပေါ်တွင် တည်ဆောက်တွေးမြင်ထားခြင်းကြောင့်လည်း ခေတ်ပြိုင်အတွေးအမြင်များထဲတွင် ထင်ရှားလာခဲ့ရခြင်းဖြစ်သည်။ သူ၏ လူသားဆန်သော အတွေးအမြင်များကို လေ့လာကြည့်လျှင်-

“ယောကျာ်းပီသချင်လျှင် မိန်းမတစ်ယောက်၏ အလှကို ခံစားတတ်ရမည်။ မိဘများအပေါ် တာဝန်ကျေသည့် သားသမီးဖြစ်လိုလျှင် အစွမ်းကုန်ကြိုးစားသူဖြစ်ရမည်။ မင်း၏ထံပါး ခစားချင်လျှင် အသက်ကိုစွန့်ထားရမည်။ မိတ်ဆွေများနှင့် သင့်မြတ်အောင်ဆက်ဆံချင်လျှင် ယုံကြည်အောင် ပြောဆိုနေထိုင်တတ်ရမည်။ ထိုသူများသည် ပညာမတတ်သော်လည်း ပညာတတ်ဟု ငါဆို၏” ဟု မိန့်ဆိုခဲ့သည်ကိုကြည့်ပြီး ကွန်ဖြူးရှပ်၏ အတွေးအမြင်များမှာ လူသားဆန်ကြောင်း တွေ့ရမည်ဖြစ်သည်။ 

ကွန်ဖြူးရှပ် ခရီးရှည်ထွက်နေရသည့်အကြောင်းမှာ လူသားတို့၏ သဘာဝကို နေရာအနှံ့လိုက်လံ လေ့လာနေခြင်းလည်းဖြစ်သည်။ လူ့အကြောင်းလေ့လာ၊ လူ့အကြောင်း အဖြေရှာပြီး လူတို့လိုက်နာကျင့်ကြံရမည့် သဘောတရားတွေကို လက်တွေ့ထဲက ထုတ်ပြပြီး သူက ဆုံးမသွန်သင်သွားသည်။ အကယ်၍သာ သူသည် လူ့သဘော၊ လူ့မနောတို့ကို ကောင်းစွာနားမလည်ဆိုလျှင် ယနေ့တိုင် တည်တံ့ခိုင်မာနေသည့် သူ့အတွေးအမြင်များကို တည်ဆောက်နိုင်ခဲ့မည်လည်း မဟုတ်ပေ။

ကွန်ဖြူရှပ်၏ လမ်းစဉ်တွင် အဓိကအချက်ငါးချက်ကို သွားတွေ့ရသည်။

- အကျင့်စာရိတ္တကောင်းလျှင် တန်ဖိုးကြီးကြီး မပေးရဘဲ အကျိုးရှိသည်

- ဆင်ခြေမများလျှင် အလုပ်တာသွားသည်

- လောဘကြီးလျှင် ဘဝသုခကို ခံစားနိုင်သည်

- မာနမရှိလျှင် ဂုဏ်သိက္ခာရှိသည်

- အစွန်းမရောက်လျှင် အသိဉာဏ်ကိုဖြစ်စေနိုင်သည်