News

POST TYPE

TIP

ကွန်ဖြူးရှပ်၏ အတွေးအမြင် (၁)
10-Nov-2018


ကွန်ဖြူးရှပ်ကို ရှန်တန်းပြည်နယ် ကမ်းရိုးတန်းဒေသလေးတစ်ခုဖြစ်သည့် လုနယ်တွင် မွေးဖွားသည်။ ဘီစီ ၅၅၁ ခုနှစ်က မွေးဖွားမည်ဟု ယူဆကြသည်။ ဘီစီ ၄၇၉ ခုနှစ်တိုင်အောင်ပင် နေထိုင်သွားသည်ဟု ယူဆကြသည်။ ကွန်ဖြူးရှပ်ကို ဆွန်မင်းဆက်ခေတ် အုပ်ချုပ်သူလူတန်းစားက မွေးဖွားလာသည်ဟုဆိုသော်လည်း သူမွေးဖွားလာချိန်တွင် မြေရှင်ပဒေသရာဇ်စနစ်က ပြိုကွဲကျဆုံးချိန်ကို ရောက်နေချိန်ဖြစ်သွားသည်။ ထို့ကြောင့် သူ လူဖြစ်ခဲ့ရသောအချိန်မှာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဒူးကိုယ်ချွန်နေရသည်။ သူက ဘဝကို မည်သို့ ပျိုးထောင်ခဲ့ရကြောင်းကို ဤသို့ပြောကြားခဲ့သည်။

“ကျွနု်ပ်သည် မူလကတည်းက ရိုကျိုးနှိမ့်ချသော အညတရမိသားစုမှ မွေးဖွားလာသူဖြစ်သည်။ အရာရာကို လက်တွေ့ဖြင့်သာ သိမြင်နိုင်အောင် ကြိုးစားခဲ့သူလည်းဖြစ်သည်”ဟု မိန့်ဆိုခဲ့ဖူးသည်။ 

ကွန်ဖြူးရှပ်သည် အသိပညာကို မိမိကိုယ်တိုင်သိမြင်နိုင်စွမ်းရှိစေရန် ၁၅ နှစ်သားလောက်ကတည်းက စတင်ကြိုးစားအားထုတ်ခဲ့သည်။ အသိပညာကို ရှာဖွေတတ်သူဖြစ်ရုံမက မိမိသိထားသည်ကိုလည်း သူများနှင့်မတူအောင် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသူတစ်ဦးလည်း ဖြစ်သည်။ 

ကွန်ဖြူးရှပ်ကို ဘုရင်က ပြည်သူ့ဘဏ္ဍာနှင့် လယ်ယာကိုထိန်းသိမ်းစောင့်ရှောက်ရသူအဖြစ် တာဝန်ပေးခန့်အပ်ခဲ့သည်။ သူတာဝန်ယူခဲ့စဉ်က ကျွဲနွားသိုးဆိတ်စသည်တို့သည် အလျင်အမြန်တိုးတက်များပြားလာသောကြောင့် နာမည်ကောင်းလည်းရခဲ့သည်။ သို့သော် အသက် ၂၂ နှစ်တွင် အစိုးရဝန်ထမ်းဘဝက ထွက်ခဲ့ပြီး သူမြတ်နိုးသော အသိဉာဏ်ပညာရှာဖွေခြင်းကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

သူ၏ နောက်လိုက်တပည့်အနည်းငယ်နှင့် မြို့တော်ဆီသို့ ခရီးထွက်ခဲ့သည်။ ပညာကို သင်ယူရန်သာမက ပညာကို ပို့ချသင်ကြားနေသည့်ဆရာဘဝကို ရောက်မှန်းမသိရောက်လာခဲ့ရသည်။ ထိုသို့ခရီးထွက်လာစဉ် လမ်းခရီးတွင်သူနှင့်ခေတ်ပြိုင်ဆရာတစ်ဆူဖြစ်သော လောင်ကျာ (Lao Tze) အချို့က (Lao Tzu) ဟု ခေါ်သူနှင့် တွေ့ဆုံခဲ့ကြသည်။ သူတို့နှစ်ယောက်တွေ့ဆုံစဉ် အသိပညာနှင့်ပတ်သက်ပြီး မေးခွန်းများစွာ မေးမြန်းစူးစမ်းခဲ့ကြသည်ဟုဆိုသည်။ လောင်ကျာသို့မဟုတ် လောင်ဇူးက ကွန်ဖြူးရှပ်ကို အခမ်းအနားနှင့် စာအုပ်များတွင်သာ စိတ်ဝင်စားခြင်းမပြုနေရန် ပြောဆိုခဲ့ဖူးသည်ဟုလည်းဆိုသည်။ ထိုသို့ပြောခြင်းမှာ အကြောင်းရှိသည်။ ကွန်ဖြူးရှပ်၏ လေထဲတွင် နဂါးပျံဝဲနေသည်ဆိုသော အယူအဆကို စိတ်ကူးယဉ်ပြီး ဘာသာရေးအခမ်းအနားတစ်ခုသဖွယ် ချီးမြှောက်လုပ်ဆောင်နေမှုအား ဆင်ခြင်ရန် ပြောဆိုခြင်းဖြစ်သည်။

ကွန်ဖြူးရှပ်သည် ခရီးအလွန်သွားသူဖြစ်သည်။ ခရီးသွားခြင်းမှာ သူ့အတွက် အသိအမြင်ကို ပိုပြီးများစေသည်ဟုလည်း ယုံကြည်လက်ခံသူဖြစ်သည်။ ခရီးတွေထွက်ပြီး လက်တွေ့ဘဝကို အခြေပြုသော ဒဿနများကို ကြိုးစားလေ့လာဆင်ခြင်သုံးသပ်နိုင်ခဲ့သဖြင့် အသက် ၃၀ အရွယ်တွင် သူက သူ့ကိုယ်သူ ရပ်တည်သွားနိုင်ပြီဟူ၍လည်း ယူဆခဲ့သည်။ 

သူခရီးထွက်နေရသည့် အခြားရည်ရွယ်ချက်တစ်ခုမှာ နယ်မြေဒေသအသီးသီးရှိ နယ်စား၊ မြို့စားကြီးများနှင့် ဘုရင်များကို တွေ့ဆုံရန်လည်းဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်သူများကို ကောင်းမွန်သော အစိုးရနှင့် သန့်ရှင်းသော အုပ်ချုပ်ရေးစနစ်များဖြင့် ပြည်သူများကို စိုးမိုးအုပ်ချုပ်နိုင်ရန် ပညာပေးဖို့လည်းပါသည်။ ပြည်သူကို အုပ်ချုပ်သူတွေအား ဦးစွာပညာပေးမှ ပြည်သူတွေ ဘဝပိုပြီး အေးချမ်းသာယာနိုင်လိမ့်မည်ဟု ယူဆသော်လည်း သူ၏ ကြိုးပမ်းချက်များသည် အရာမထင်သလိုဖြစ်ခဲ့ရခြင်းကြောင့် စိတ်ဆင်းရဲမှုပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

ထိုစဉ်က တရုတ်နိုင်ငံတွင် မြေရှင်ပဒေသရာဇ်စနစ် ပြိုပျက်နေပြီး ဧကရာဇ်ချောင်မင်းဆက်အနေနှင့် ဩဇာနှင့် အာဏာလည်း များစွာဆုံးရှုံးနေရချိန်ဖြစ်သည်။ ဧကရာဇ်မင်းက ဩဇာကျဆုံးနေပြီး မြို့စား၊ နယ်စားတွေ တန်ခိုးထွားကာ ကိုယ့်ဒေသတွင် ကိုယ့်ဩဇာ အပြိုင်တည်ဆောက်နေကြသည်။ အထက်တန်းလွှာ မင်းမျိုးမင်းနွယ်များ၏ ဩဇာတွေလည်း ကျဆင်းနေပြီး တစ်ဗိုလ်တစ်မင်းတို့အပေါ် ဩဇာသက်ရောက်နိုင်စွမ်းများလည်း ကင်းမဲ့နေသည်။ 

ကွန်ဖြူးရှပ်က ဧကရာဇ်အုပ်ချုပ်ရေးစနစ်သည် လုပ်ပိုင်ခွင့်အာဏာကို လက်ဝယ်ကိုင်ထားပြီး အမိန့်ဖြင့် စီရင်ဆုံးဖြတ်ကြရခြင်းဖြစ်သည်။ သို့သော်အာဏာက လျော့ပါးလာပြီး စီရင်အုပ်ချုပ်ပိုင်ခွင့်များက နယ်စားပယ်စားတွေထံကို ရောက်သွားသည်။ မျိုးဆက် ၁၀ ဆက်မက အုပ်ချုပ်စိုးမိုးခဲ့သော ဧကရာဇ်စနစ်၏ ဩဇာအာဏာတို့ ကျဆုံးခန်းသည် နောက်ထပ်မျိုးဆက် လေးငါးဆက်တိုင်အောင် ပြန်လည်ထူထောင်နိုင်ရန် လမ်းမမြင်ဟု သူက သုံးသပ်ခဲ့သည်။ ထို့ကြောင့် လူ့ဘောင်ကြီး မပျက်စီးမပြိုလဲစေရန် ကိုယ်ကျင့်တရား၊ အကျင့်သီလများကို စိုးမိုးထွန်းကားနိုင်အောင် လုပ်ပေးခြင်းကသာလျှင် ကုစားရာတစ်ခုဖြစ်နိုင်လိမ့်မည်ဟု သူကယူဆသည်။

အနောက်တိုင်း ပညာရှင်ကြီးများဖြစ်သည့် ပလေတိုသည်လည်း ဆိုင်ရာကျုစ်နှင့် စစ္စလီဒေသများရှိ အုပ်စိုးသူဘုရင်များထံ သွားရောက်ခဲ့သည်။ အရစ္စတိုတယ်လည်း အလက်ဇန်းဒါးဘုရင်နှင့် ဆက်စပ်ပတ်သက်ခဲ့မှုများ ရှိခဲ့သည်။ ထိုနည်းအတိုင်းပင် ကွန်ဖြူးရှပ်ကလည်း မင်းဧကရာဇ်များထံ ဝင်ထွက်သွားလာခြင်းဆိုသည်မှာ ကိုယ်တိုင်ကျော်ကြားလိုမှုထက် ပြုပြင်ပြောင်းလဲမှုများ လုပ်နိုင်ရန် အားထုတ်ခြင်းဖြစ်မည်ဟု ပညာရှင်များက ယူဆကြသည်။ 

ချီနယ်မှ မြို့စားကြီးက တစ်နေ့တွင် ကွန်ဖြူးရှပ်ကို အစိုးရသည် မည်သို့ကျင့်ရမည်နည်း။ အစိုးရ၏ သဘောသဘာဝအမှန်ကို ဖွင့်ဆိုပြရန်ပြောသည်။ ကွန်ဖြူးရှပ်က ရိုးရိုးလေးပြန်ပြောသည်။ 

“မင်းသားက မင်းသားလိုနေပါ။ ဝန်ထမ်းက ဝန်ထမ်းလိုနေပါ။ အဖေက အဖေလိုနေပါ။ သားက သားလိုနေပါ”ဟု ဖွင့်ဆိုပြလိုက်သည်။ 

သူ့စကားက ရိုးစင်းလှသလို အတွေးပွားစရာတွေများလှသည်။ သူ့ဒဿနက လူ့ဘောင်အဖွဲ့အစည်းတွင် လူတိုင်း ကိုယ့်နေရာကိုယ်သိရမည်။ ကိုယ့်တာဝန်ကိုယ်နားလည်ရမည်။ ကိုယ့်အဆင့်၊ ကိုယ့်နေရာ၊ ကိုယ့်တာဝန်ကိုသိပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေသမျှ တိုင်းပြည်အေးချမ်းသာယာမည်ဟု ဆိုလိုခြင်းဖြစ်သည်။ လူတိုင်းတွင် အဆင့်တိုင်း ကိုယ့်နေရာ၊ ကိုယ့်တာဝန်ကိုယ်စီ အသီးသီးရှိကြသည်။ ကိုယ့်နေရာကိုယ်သိ၊ ကိုယ့်အလုပ်ကိုယ်သိရန်လိုသည်။ ယင်းသည်ပင် ကွန်ဖြူးရှပ်၏ အုပ်ချုပ်မှုနှင့် အစိုးရဆိုင်ရာ ဒဿနဖြစ်သည်။