News

POST TYPE

TIP

ကွန်ဖြူးရှပ်ဒဿနနှင့် အရှေ့တောင်အာရှ
27-Oct-2018


အရှေ့တောင် အာရှဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများကို ကြည့်လိုက်လျှင် ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်ဝမ်တို့သည် တရုတ်ယဉ်ကျေးမှုနှင့် အများဆုံးဆက်စပ်နေပြီး ဖွံ့ဖြိုးတိုးတက်ပုံ တိုးတက်နည်းတွေကလည်း အတော်လေး တူညီနေသည်ကို တွေ့ရမည်ဖြစ်သည်။ ၁၉၅၀ မှသည် ၁၉၆၀ နှစ်ပိုင်းလောက်ကို ကြည့်လိုက်လျှင် တရုတ်ပြည်မကြီးက ကွန်ဖြူးရှပ်သဘောတရားများကို ပစ်ပယ်ချိန်ဖြစ်နေပြီး၊ အထက်ပါနိုင်ငံများက ခရစ်ယာန်အယူဝါဒများကို ကူးပြောင်းကောင်း ကူးပြောင်းမည်ဖြစ်သော်လည်း ကွန်ဖြူးရှပ်၏ သဘောတရားများကို မစွန့်ပယ်ခဲ့သောနိုင်ငံများဖြစ်ကြောင်း ကောင်းစွာတွေ့မြင်နိုင်ပါသည်။ ရလဒ်မှာ တရုတ်ပြည်မကြီးက စီးပွားရေးနောက်ကျကျန်ခဲ့ပြီး အတွေးအခေါ်များကို ခေတ်ဟောင်းနှင့် ခေတ်သစ်ပေါင်းစပ် ကျင့်သုံးနိုင်သည့်နိုင်ငံများက ဖွံ့ဖြိုးတိုးတက်ကာ ရှေ့တန်းရောက်သွားခဲ့ရခြင်းဖြစ်သည်။

၁၉၈၀ ပြည့်နှစ်ပိုင်းလောက်တွင် အနောက်တိုင်းပညာရှင်များက အာရှ၏ အဆိုပါနိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုအပိုင်းကို ပြန်လည်ဆန်းစစ်လေ့လာခဲ့ကြသည်။ အာရှနိုင်ငံများတွင် အမေရိကကို ယှဉ်ပြိုင်နိုင်လောက်အောင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်မှာ ဂျပန်နိုင်ငံဖြစ်သည်။ ဂျပန်သည်လည်း ကွန်ဖြူးရှပ်၏ အတွေးအမြင်များနှင့် ကင်းကွာသော နိုင်ငံတစ်နိုင်ငံ မဟုတ်ပေ။ အာရှတွင် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံများသည် စီးပွားရေးအပြိုင်တိုးတက်သလို၊ ကိုးကွယ်ယုံကြည်မှုပိုင်းတွင်လည်း အားလုံးတူညီကြောင်း တွေ့ရမည်ဖြစ်သည်။ 

Neo-Confucian ဆိုသည့် ဝေါဟာရတစ်ခုသည် ၁၉၈၀ ပြည့်နှစ်ပိုင်းလောက်တွင် အလွန်ရေပန်းစားလာသည်။ ကွန်ဖြူးရှပ် အတွေးအခေါ်ကို စီးပွားရေးလုပ်ဆောင်ရာတွင် စံတစ်ခုအဖြစ်တိုင်းတာပြီး ခံယူကျင့်သုံးနိုင်ရေးကို ကြိုးစားလာကြခြင်းဖြစ်သည်။ တရုတ် လူ့ဘောင်အဖွဲ့အစည်းက ကွန်ဖြူးရှပ်သဘောတရား၊ အယူအဆများကို ခေတ်စနစ်နှင့် မလျော်ညီသောကြောင့် စွန့်ပယ်ရန် တိုက်ပွဲဝင်နေချိန်တွင် အာရှနိုင်ငံများ၌ ကွန်ဖြူးရှပ်ဂိုဏ်းများကို ထူထောင်နိုင်ရန် ကြိုးစားလာခြင်းကလည်း စိတ်ဝင်စားဖွယ်ရာဖြစ်သည်။

ကွန်ဖြူးရှပ်အလွန် ခေတ်သစ် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးတည်ဆောက်မှုကို ယနေ့တိုင် ပညာရှင်များ ဆွေးနွေးနေကြဆဲဖြစ်သည်။ ကွန်ဖြူးရှပ်အလွန် ပညာရှင်တို့ ဆွေးနွေးသုံးသပ်ချက်များကို ကြည့်လိုက်လျှင် -

(၁) ကွန်ဖြူးရှပ် အတွေးအမြင်များကို အနောက်နိုင်ငံများက အခြေခံပြီး မည်မျှအထိ ပြုပြင်ပြောင်းလဲကာ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်သနည်း၊

(၂) ကွန်ဖြူးရှပ် အတွေးအမြင်များကို ရိုင်းပြသော ယဉ်ကျေးမှုအတွေးအခေါ်များအဖြစ် လက်ခံပြီး စွန့်ပယ်လိုက်သည့် တရုတ်နိုင်ငံ၏ရလဒ်မှာ အဘယ်နည်း၊

(၃) စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ကွန်ဖြူးရှပ်၏ ကိုယ်ကျင့်တရားဆိုင်ရာစံများ၊ လုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက်များက မည်မျှအတိုင်းအတာအထိ သက်ရောက်မှုရှိသနည်းဆိုသည့် အချက်များဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။

တရုတ်နိုင်ငံတွင်လည်း ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်လောက်မှ ကွန်ဖြူးရှပ်အကြောင်းကို ပြန်လည်တွေးရဲ၊ ရေးရဲ ပြောရဲလာ ကြသည်ဟု ဆိုရမည်။ ထိုအချိန်ကျမှ ကွန်ဖြူးရှပ်ဝါဒီတွေ ခေါင်းနည်းနည်းထောင်လာနိုင်သည်။ ကွန်ဖြူးရှပ်ကို ခေတ်ဟောင်း စနစ်ဟောင်း၏ မလိုလားအပ်သော အယူအဆများကို ပယ်ခိုင်းပြီး သိပ္ပံနည်းကျ ခေတ်သစ်အတွေးအမြင်များနှင့် ပေါင်းစည်းနိုင်စေရန် ကြိုးစားလာကြခြင်းဖြစ်သည်။ သူတို့က ကွန်ဖြူးရှပ်ကို ဘုရားအမှတ်ဖြင့် ကိုးကွယ်ရန်ထက်၊ အယူဝါဒတစ်ခုကို စတင်ပျိုးထောင်နိုင်သူဖြစ်သောကြောင့် လေးစားယုံကြည်ရန် အသွင်ပြောင်းလာကြခြင်းဖြစ်သည်။

ကွန်ဖြူးရှပ်သည် ဘာသာအယူဝါဒတစ်ခုမဟုတ်၊ ကိုးကွယ်ရန်လည်း မဟုတ်။ ကွန်ဖြူးရှပ်သည် ဘာသာတရားများကို ဖော်ထုတ်ခဲ့သည့်ပုဂ္ဂိုလ်များလို ဘုရားသခင်လည်းမဟုတ်။ တစ်နည်းအားဖြင့်ပြောရလျှင် မိမိတို့လူ့ဘောင်ကို ကိုယ်ကျင့်တရားဖြင့် ကောင်းအောင်ထိန်းပေးနိုင်သူ၊ စီးပွားအောင်မြင်ရေးအတွက် လိုက်နာရမည့် လမ်းညွှန်ချက်များကို ဖော်ထုတ်ညွှန်ပြနိုင်သူ၊ မိသားစုနှင့် လူ့ဘောင်အတွင်း နေထိုင်ကျင့်ကြံနည်းများကို လမ်းညွှန်ပေးခဲ့သူတစ်ဦးအနေနှင့် အလေးအမြတ်ထားစရာ ဆရာသမားတစ်ဦးအနေနှင့် လက်ခံလာစေရန် ကြိုးစားလာကြကြောင်းလည်း တွေ့ရသည်။

တရုတ်ခေတ်ဟောင်းအတွေးအခေါ်များကို ဆန်းစစ်ကြည့်လျှင် ကိုယ်ကျင့်တရားကို အခြေခံသည့်အမြင်များ ဖြစ်ကြောင်းကို တွေ့ရမည်ဖြစ်သည်။ ကိုယ်ကျင့်တရားမကောင်းဘဲ မည်သည့်လောကကိုမှ မတည်ဆောက်နိုင်ကြောင်း သူတို့လက်ခံထားခဲ့ကြသဖြင့် ငယ်စဉ်ကတည်းက အလေးပေးပြီး သင်ကြားသည်မှာ ကိုယ်ကျင့်တရားသာဖြစ်သည်။ ကွန်ဖြူးရှပ်၏ အတွေးအမြင်များကို လေ့လာကြည့်လျှင် ရှေးပိုကျသည့် တာအိုအယူဝါဒနှင့်လည်းကောင်း၊ ဗုဒ္ဓ၏အယူအဆများနှင့်လည်းကောင်း ကွဲထွက်သွားကြောင်းကိုလည်း တွေ့ရမည်ဖြစ်သည်။ 

ကွန်ဖြူရှပ်၏ အတွေးအမြင်များတွင် အဓိကျသည့် သွန်သင်မှုမှာ မိသားစုဖြစ်သည်။ မိသားစုကိုအခြေခံပြီး မိမိလူ့ဘောင် အဖွဲ့အစည်း၊ ကျေးရွာ၊ နိုင်ငံအဆင့်ဆင့်ကို ကောင်းအောင်ပြုပြင်နိုင်သည်။ အခြေခံမိသားစုအပေါ် ကောင်းစွာတာဝန်ကျေပွန်အောင် မလုပ်ဆောင်နိုင်ဘဲ အကောင်းဆုံးလူ့ဘောင်ကို မတည်ဆောက်နိုင်ဟု သွန်သင်ချက်အတိုင်း တရုတ်တွေက အခြေခံကို အခြေခိုင်အောင် လုပ်ကြသည်။

တရုတ်နှင့် ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းတိုင်းကိုကြည့်လိုက်လျှင် ယုံကြည်မှုကိုတည်ဆောက်ကြသည်က များကြောင်း တွေ့ရမည်ဖြစ်သည်။ ရိုးသားသော၊ ကြိုးစားသော၊ စည်းကမ်းရှိသော၊ သစ္စာရှိသောသူများဖြစ်အောင် ဦးစွာပျိုးထောင်သည်။ ထိုသူများကို လုပ်ငန်းနှင့် တာဝန်အပ်နှင်းသည်။ တစ်ဦးဆောင်သော်မအောင်၊ အများဆောင်မှအောင်သည်ဆိုသော သဘောတရားကို လက်ခံသည်။ ထို့ကြောင့် စီးပွားရေးကို အားကောင်းသည်ထက် ပိုကောင်းအောင် အစုအဝေးဖြင့်ထူထောင်သည်။ အင်အားဖြင့်လှုပ်ရှားပြီး အင်အားဖြင့် ဝါးမျိုနိုင်အောင်ကြိုးစားသည်။ သူတို့လူ့ဘောင်တစ်ခု တည်ဆောက်ပုံကို စံနမူနာယူသင့်သည်။ ကိုယ်ကျင့်တရားနှင့် အင်အားသည် ကွန်ဖြူးရှပ်၏ စီးပွားရေစံဖြစ်သည်။ ထိုနည်းအတိုင်း ကျင့်သုံးသောနိုင်ငံများ အောင်မြင်နေကြခြင်းဖြစ်သည်။ 

(Ref: Confucius and the Rise of China)


  • VIA