News

POST TYPE

TIP

အခွန်နှုန်းထားမြင့်သဖြင့် ပြောင်းဖူးစေ့ကို တရုတ်သို့ တရားမဝင်တင်ပို့
15-Oct-2018


မန္တလေး၊ အောက်တိုဘာ ၁၄

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြောင်းဖူးစေ့တင်ပို့ရာတွင် အခွန်နှုန်းထားများမြင့်မားနေသဖြင့် တရားမဝင်တင်ပို့နေရကြောင်း မောဝ်ရွှေလီကုန်သွယ်မှုဌာနထံမှ သိရသည်။

တရုတ်နိုင်ငံတွင် ပြောင်းစိုက်ပျိုးမှုများရှိသဖြင့် သတ်မှတ်ထားသော Quota (ဝေစု) ကိုသာ တင်ပို့ပေးရပြီး ပြောင်း၊ ဆန်နှင့် ကြံကို ကန့်သတ်ကုန်များအဖြစ် သတ်မှတ်ထားကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်း - မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချွန်က ပြောကြားသည်။

“ဒီဘက်က တရားဝင်ပေမယ့် ဟိုဘက်မှာက တရားဝင်မဖြစ်သေးဘူးပေါ့” ဟု ၎င်းက ပြောဆိုသည်။

ပြောင်းဖူးစေ့ တရားဝင်ကုန်သွယ်ခွင့် အခွန်သည် ၃၀ ရာခိုင်နှုန်းအထိရှိသောကြောင့် တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့မှု များပြားနေရခြင်းဖြစ်ကြောင်းလည်း ကုန်သည်အချို့ထံမှ သိရသည်။

ပြောင်းဖူးစေ့ဝယ်ယူမည့် စံချိန်စံ ညွှန်းသတ်မှတ်ချက်မှာ အစိုဓာတ် ၁၄ ရာခိုင်နှုန်း၊ သန့်စင်မှု ၉၈ ရာခိုင်နှုန်းနှင့် မှိုတက်နိုင်မှု ၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ မူဆယ်မှတရုတ်နိုင်ငံသို့ ပြောင်းဖူးစေ့ တင်ပို့မှုမှာ တစ်နှစ်လျှင် အနိမ့်ဆုံးတန်ချိန်လေးသိန်းကျော်မှ အမြင့်ဆုံးတန်ချိန် ၁၂ သိန်းကျော်ထိရှိကြောင်း၊ ၂၀၁၄ ခုနှစ်မှစတင်၍ တရုတ်သို့ ပြောင်းဖူးစေ့တင်ပို့မှုတန်ချိန်သည် မြင့်တက်လာခဲ့ကြောင်း မောဝ်ရွှေလီကုန်သွယ်ရေးဗဟိုဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှဝယ်ယူသည့် ပြောင်းဖူးစေ့များကို တရုတ်နိုင်ငံတွင် ဝက်စာနှင့်ကြက်စာအတွက် အဓိက အသုံးပြုနေပြီး အနည်းစုကိုသာ အရက်ချက်ရန်နှင့် မုန့်များပြုလုပ်ရာတွင် အသုံးပြုကြကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရသည်။

နှစ်စဉ် အောက်တိုဘာလမှ ဇန်နဝါရီလအထိသည် တရုတ်နိုင်ငံသို့ ပြောင်းဖူးစေ့အများဆုံးတင်ပို့သည့် ကာလဖြစ်ပြီး ယင်းကာလသည် တင်ပို့မှုမြင့်တက်နေချိန်ဖြစ်သဖြင့် ဈေးနှုန်းကျဆင်းတတ်သည့် ကာလလည်းဖြစ်ကြောင်း မောဝ်ရွှေလီကုန်သွယ်ရေးဗဟိုဌာနထံမှ သိရသည်။

M-05