News

POST TYPE

TIP

တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုကို ဖမ်းဆီး၊ စပါးတင်ပို့ခွင့်ရဟုဆို
14-Oct-2018
မန္တလေး၊ အောက်တိုဘာ ၁၃

မူဆယ်မှတင်ပို့သောဆန်ကို တရုတ်နိုင်ငံက လုံခြုံရေးတင်ကျပ်ကာ ဖမ်းဆီးနေသော်လည်း စပါးတင်ပို့ခွင့်ရနေကြောင်း ဆန်စပါးကုန်စည်ဒိုင် (မူဆယ်) အသင်း ဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောကြားသည်။

“ဆန်က မြစ်ဆိပ်ကနေကို ကူးလို့မရတာ။ ဆန်ဝယ်တဲ့နေရာမှာ စပါးဝယ်တဲ့ပုံစံမျိုးဖြစ်နေတယ်။ ဆန်တော့တင်းကျပ်ထားပြီး စပါးတော့ ကူးလို့ရနေတယ်” ဟု နှစ်နိုင်ငံနယ်စပ်ကူးသန်းရောင်းဝယ်မှု အခြေအနေကို ၎င်းက ရှင်းပြသည်။

တရုတ်သို့ ဆန် တရားမဝင်တင်ပို့နေသည့်အတွက် ဖမ်းဆီးမှုများရှိပြီး ဆန်အသစ်ပေါ်ချိန်တွင် ပြည်တွင်းကုန်သည်များ အနည်းနှင့်အများ ထိခိုက်မှုရှိနိုင်ကြောင်း မန္တလေးမြို့ခံဆန်ကုန်သည်အချို့က သုံးသပ်ထားသည်။

တရုတ်နိုင်ငံတွင် ဖမ်းဆီးမှုများနေ သော်လည်း နယ်စပ်ကုန်သွယ်ရေးဇုန်သို့ ဆန်ဝင်ရောက်မှုများလာကြောင်း၊ ယခင်အပတ်က ၉၀၇၆ တန်သာဝင်ခဲ့သော်လည်း ယခုတစ်ပတ်တွင် ၉၇၂၂ တန်အထိ ဝင်ရောက်ခဲ့သောကြောင့် ဆန်တစ်တန်လျှင် ကျပ် ၆၀၀၀ ဝန်းကျင် ဈေးကျသွားခဲ့ကြောင်း မောဝ်ရွှေလီ ကုန်သွယ်မှု ဗဟိုဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယခုကဲ့သို့ စပါးတင်ပို့ရောင်းဝယ်နေခြင်းနှင့်ပတ်သက်၍ ဆန်စပါးကုန်စည်ဒိုင် (မူဆယ်) က အောက်တိုဘာလ ၅ ရက် နေ့က သတိပေးတားမြစ်ချက် ထုတ်ပြန်ခဲ့သလို ဆန်စပါးကုန်စည်ဒိုင် (မန္တလေး) ကလည်း အောက်တိုဘာလ ၈ ရက်တွင် ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။ 

M-08