News

POST TYPE

TIP

ကွန်ဖြူးရှပ်၏ မြင်းနှင့်လှည်း
13-Oct-2018
တိုင်းပြည်တစ်ပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရခြင်းသည် ပြည်သူများ၏ ဘဝကောင်းစားစေရန်ဖြစ်သည်။ အစိုးရဆိုသည်မှာ မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက်ကြီးပွားလာစေရန် ဦးတည်ကြိုးပမ်းလုပ်ဆောင်လေ့ရှိသည်မှာ သဘာဝဖြစ်သည်။ 

စီးပွားရေဆိုင်ရာမူဝါဒများ ကောင်းမွန်စွာချမှတ် အကောင်အထည်ဖော်နိုင်ခြင်းသည် လူသားရင်းမြစ်များနှင့် သဘာဝသယံဇာတရင်းမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းများနှင့်လည်း ဆက်စပ်နေသည်။ နိုင်ငံကို အုပ်ချုပ်သူများအနေနှင့် လူသားရင်းမြစ်နှင့် သဘာဝရင်းမြစ်တို့ကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ထိုပိုင်ဆိုင်မှုကို အကြောင်းပြုပြီး လူသားကို ထိန်းကျောင်းချင်လျှင် ပညာဖြင့် ထိန်းကျောင်းရသည်။ လူတွေကို ပညာတတ်အောင်လုပ်ဆောင်ပေးခြင်းဆိုသည်မှာ စဉ်းစားတွေးခေါ်ဉာဏ်ရင့်သန်အောင် လုပ်ပေးခြင်းဖြစ်သည်။ လူတွေ အသိဉာဏ်ရှိလာလျှင် ဥပဒေကို လေးစားလာမည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်လာမည်။ ကိုယ့်နိုင်ငံ ကိုယ်လူမျိုးအပေါ် ချစ်မြတ်နိုးလာမည်။ စီးပွားရှာရကောင်းမှန်း သိမည်။ ရှာဖွေထားသည့် အကျိုးစီးပွားများကို ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းရှိမည်။ ယင်းသဘောတရားများသည် ရှေးကတည်းက တရုတ်လူ့ဘောင်ကို လွှမ်းမိုးခဲ့သည်။ ကွန်ဖြူးရှပ်၏ သဘောတရားတွေက လူ့ဘောင်တိုးတက်ရေးအတွက် နိုင်ငံတော်တွင် နိုင်ငံသားများကို ပညာသင်ပေးရန် တာဝန်ရှိသည်ဟု ခံယူထားသည်။

“ဥပဒေကို ထုတ်ပြန်သူတို့တွင် ပထမဆုံးအကျင့်သီလရှိရန် လိုသည်။ သူ့တွင် အကျင့်သီလနှင့် ပြည့်စုံမှ ပြည်သူတွေကလည်း လိုက်နာမည်။ ပြည်သူနှင့် အုပ်ချုပ်သူတစ်သဘောတည်းညီမှ နိုင်ငံကို ကာကွယ်ထိန်းသိမ်းနိုင်မည်။ အုပ်ချုပ်သူက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကာကွယ်နိုင်မှ တိုင်းပြည်၏စီးပွားဥစ္စာ တိုးပွားချမ်းသာမည်”ဆိုသည့် သဘောတရားသည် ကွန်ဖြူးရှပ်၏ သွန်သင်ချက်ဖြစ်သည်။

ကွန်ဖြူးရှပ်အမြင်ကရှင်းသည်။ အုပ်ချုပ်သူမင်းကိုယ်တိုင် ကိုယ့်ကျင့်တရားကောင်းမွန်ပြီး အကျင့်သီလစင်ကြယ်သူဖြစ်ရန် လိုသည်။ အကျင့်သီလကောင်းခြင်းသည် အားလုံးနှင့် ဆက်စပ်နေသည်။ မင်းလည်းကောင်း၊ ပြည်သူတွေလည်း သီလကောင်းလျှင် တိုင်းပြည်ငြိမ်းချမ်းပြီး အကျိုးစီးပွား တိုးတက်ထွန်းကားမည်။ ပညာရှိများက ခေတ်အဆက်ဆက် သွန်သင်ဆုံးမကြသည့်အတိုင်း သူတို့လူ့ဘောင်က လိုက်နာခဲ့ကြခြင်းကြောင့်သာ တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအနေအထားများသည် တည်ငြိမ်စွာ တိုးတက်နေသည်ဟု ဆိုရမည်။

ကွန်ဖြူးရှပ်သင်ကြားချက်များ၏ အဓိကကျသောအချက်မှာ ကိုယ်ကျင့်သီလကောင်းမွန်ခြင်းဖြစ်သည်။ ကိုယ်ကျင့်တရား ကောင်းမွန်အောင်တည်ဆောက်နိုင်ခြင်းက ပထမ၊ တိုးတက်ကြီးပွားခြင်းက ဒုတိယလိုက်သည်။ သီလရှိမှ တိုးတက်မည်ဆိုသည့် လမ်းစဉ်အတိုင်း သူတို့နိုင်ငံမှ ချမ်းသာသူများကလည်း လိုက်နာခဲ့ကြကြောင်း တွေ့ရသည်။ 

နိုင်ငံစီးပွားတိုးတက်ရေးအတွက် တစ်ဦးချင်းစီးပွားတိုးတက်မှုကို အခြေခံရမည်။ တစ်ဦးချင်း တိုးတက်မှုကလည်း ကိုယ်ကျင့်သီလ မကောင်းလျှင်မဖြစ်ဟု လက်ခံပြီး သူတို့စီးပွားရေးလုပ်ရာ၌ ထိုအချက်ကို အလေးပေးစဉ်းစားတတ်ကြသည်။ 

“မြင်းရှေ့ကို လှည်းရောက်ရန် မဖြစ်နိုင်။ မြင်းကလှည်းရှေ့တွင် ရှိရမည်။ မြင်းဆွဲသောလှည်း ဖြစ်ရမည်။ လှည်းဆွဲသောမြင်း မဖြစ်ရ” ဟု တရုတ်တွေက လက်ခံသည်။ မြင်းက ကိုယ်ကျင့်သီလဖြစ်သည်။ လှည်းက ငွေကြေးဖြစ်သည်။ ငွေကြေးက အကျင့်သီလကို ဦးမဆောင်ရ။ အကျင့်သီလဖြင့် ငွေကြေးကို ထိန်းကျောင်းသွားရန်သာ သူတို့ အလေးထားကြသည်။

အကျင့်သီလဆိုသည်မှာ မဖြစ်မနေလိုအပ်ချက်ဖြစ်ပြီး ချမ်းသာကြွယ်ဝခြင်းက ဒုတိယသာဖြစ်သည်။ အုပ်ချုပ်သူ မင်းသည်လည်း ကိုယ်က ချမ်းသာကြွယ်ဝမှုကို အလေးပေးပြီး အကျင့်သီလ တိမ်းစောင်းလိုက်လျှင် ပြည်သူကို ပြန်သတ်ပြီး ချမ်းသာသုခရှာသူ ဖြစ်သွားနိုင်သည်။ သဘောမှာ သီလထက် ဓနကို ဦးစားပေးသည့် မင်းသည် ဓားပြသာသာဖြစ်သွားလိမ့်မည်။ ထို့ပြင် အုပ်ချုပ်သူမင်းသည် ပြည်သူကို ချမ်းသာအောင်မလုပ်ပေး၊ သူတစ်ကိုယ်တည်း ချမ်းသာအောင် လုပ်နေခြင်းကလည်း ဓားပြအားပေးသလို ဖြစ်နေလိမ့်မည်။ အုပ်ချုပ်သူများနှင့် ပြည်သူတို့သည် ကြွယ်ဝမှုများကို မျှဝေခံစားနိုင်ရမည်။ မျှဝေခံစားခြင်းဆိုသည်ကလည်း ကိုယ်ကျင့်သီလ စောင့်ထိန်းနိုင်သူများတွင်သာ ဖြစ်နိုင်သည်။ 

တရုတ်နိုင်ငံ အုပ်ချုပ်သူများသည် မူဝါဒတစ်ခုကို ချမှတ်တော့မည်ဆိုလျှင် ကိုယ်ကျင့်တရားကို ရှေ့တန်းတင်ပြီး လိုက်နာ စောင့်ထိန်းနိုင်အောင် ကြိုးစားတတ်သည်။ တရုတ်နိုင်ငံ၌ အကျင့်ပျက်သူများကို ထိရောက်စွာ အရေးယူခြင်း၊ လာဘ်စားခြစားခြင်းများကို ထိရောက်သည့်ပြစ်ဒဏ်များပေးနေခြင်းကို ပထမ ဦးစားပေးလုပ်နေခြင်းများမှ သီလရှိသူများဖြင့်သာ တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်နိုင်မည်ဟု ခံယူထားကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့်လည်း တရုတ်ခေါင်းဆောင်ကြီးများသည် စံပြုလောက်အောင် ပြည်သူတွေက ယုံကြည်ကိုစားကြသူများ ဖြစ်နေကြခြင်းမှာ ရှေးအစဉ်အလာ ကောင်းခဲ့သောကြောင့် ဖြစ်ကြောင်း မငြင်းနိုင်ပေ။

တရုတ်သည် လူဦးရေ အလွန်ပေါက်ကွဲနေသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ချမ်းသာရေးထက် သူတို့လူမျိုး၏ ဝမ်းရေးများကို ဖြည့်တင်းပေးနိုင်ရေးကပင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြရပါသည်။ နှစ်ပေါင်းများစွာ ပြည်သူတွေကို သူတို့ပညာပေးရေးအတွက် နည်းမျိုးစုံဖြင့်လုပ်ဆောင်ခဲ့ကြသည်ကိုလည်း တွေ့မြင်နိုင်သည်။ ပညာသင်ကြားရေးသည် မိသားစုတာဝန်တစ်ရပ်၊ နိုင်ငံ၏တာဝန်တစ်ရပ်အနေဖြင့် ခံယူလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ 

ကွန်ဖြူးရှပ်လမ်းစဉ်က သာမန်ပြည်သူတွေကိုလည်း ပညာတတ်များဖြစ်အောင် သင်ပေးရေးအား အလေးထားသည်။ လူတို့ကို အေးချမ်းစွာနေထိုင်စေလိုလျှင် တိရစ္ဆာန်စိတ်များ ပပျောက်အောင် လုပ်ဆောင်ပေးနိုင်ရမည်။ ထိုသို့လုပ်ဆောင်ရန်မှာ ပညာသင်ပေးရေးသာဖြစ်သည်။ ကိုယ်ကျင့်တရားကောင်းမွန်သည့် ပြည်သူတွေ ဖြစ်အောင်လုပ်ပေးပါ။ တရားဥပဒေ အလိုလိုစိုးမိုးသွားနိုင်ပါလိမ့်မည်။ ပညာတွေ သင်ပေးလိုက်ပါ။ စီးပွားရေး တိုးတက်ဖွံ့ဖြိုးသွားပါလိမ့်မည်။ သီလဖြင့် အရာရာကို လုပ်ဆောင်ပါ ကောင်းမြတ်သည့် လူ့ဘောင်ကြီး ပေါ်ထွက်လာလိမ့်မည်။ အကျင့်သီလကောင်းသူများဖြင့်သာ တိုင်းပြည်ကို တိုးတက်ကြီးပွားအောင် ကြံဆောင်နိုင်မည်ဆိုခြင်းမှာ တရုတ်တို့ ယနေ့တိုင် လိုက်နာနေကြသည့် ကွန်ဖြူးရှပ်လမ်းစဉ်အတိုင်းဖြစ်သည်။


  • VIA