News

POST TYPE

TIP

ကွန်ဖြူးရှပ်၏ စီးပွားရေးမဏ္ဍိုင်
06-Oct-2018



စီးပွားရေးလုပ်ရာတွင် အဓိကမဏ္ဍိုင်အဖြစ် စိုက်ထူရမည်မှာ ရိုးသားခြင်းနှင့် ယုံကြည်စိတ်ချရခြင်းဖြစ်ကြောင်း တရုတ် လူ့ဘောင်တွင် ရှေးခေတ်ကတည်းက လက်ခံခဲ့ကြသည်။ ရိုးသားဖြောင့်မတ်ခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ တွေးတောကြံဆတတ်ခြင်း၊ စဉ်းစားလုပ်ဆောင်တတ်ခြင်းဆိုသည့် သဘောတရားများကို တရုတ်လူ့ဘောင်တွင် အဓိကထားပြီး သင်ကြားလေ့ကျင့်ပေးလေ့ရှိသည်။ ထိုသဘောတရားများနှင့် မပြည့်စုံလျှင် စီးပွားရေးကို အောင်မြင်စွာ မလုပ်ဆောင်နိုင်ဟုလည်း သတ်မှတ်ထားကြသည်။

ယုံကြည်စိတ်ချရမှုသည် သူတို့စီးပွားရေးလောကတွင် အရေးကြီးသည်။ ကတိတည်ခြင်းကို တန်ဖိုးထားသည်။ သူတို့က ကြောင်သူတော်လိုလူမျိုးနှင့် လူလိမ်လူညာသူတွေကို ဝိုင်းပယ်ထားလေ့ရှိသည်။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက သူတို့လက်ခံထားသည့် စကားတစ်ခွန်းမှာ “အပြောမှန်၊ အလုပ်မှန်” ဆိုသည့်စကားဖြစ်သည်။ ထို့ပြင် “စကားကျွံ နုတ်မရ”​ ဆိုသည့် သဘောကိုလည်း ယခင်က ကတိတစ်ခုပေးပြီးဖြစ်လျှင် မြင်းလေးကောင်နှင့်ဆွဲသော်လည်း ထိုကတိက မပျက်သွားနိုင်ကြောင်း ပြောကြားလေ့ရှိသည်။

ကွန်ဖြူးရှပ်သည် သူ၏တပည့်များကို ရိုးသားမှုရှိရန် အမြဲသွန်သင်သည်။ သူစာသင်လျှင် သိမှသိသည်ဟု ပြောရသည်။ မသိလျှင် မသိသေးဟု ပြောရသည်။ သိသလို တတ်သလိုလုပ်ခြင်းကို သူက ခွင့်မလွှတ်။ ရိုးသားမှုက ပညာကိုရှေ့ဆက်သင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သူကမြင်လည်းမြင်၊ သွန်လည်းသွန်သင်သည်။ မရိုးသားသူကို သင်ကြားပေးရန် မဖြစ်နိုင်ပေ။ စီးပွားရေးတွင်လည်း မရိုးသားသူနှင့် ရှေ့ဆက်ရန် မဖြစ်နိုင်ကြောင်း သူက အလေ့အကျင့်ကောင်းများကို ချမှတ်ပေးထားလေ့ရှိသည်။ 

ကွန်ဖြူးရှပ်က အခြေခံရိုးသားမှုကို မိသားစုအပေါ်တွင် မည်သို့ထားရမည်အား ပုံပြင်လေးတစ်ပုဒ် ပြောပြခဲ့သည်။

ကျန်ဇီသည် အလွန်ရိုးသားသူဖြစ်သည်။ တစ်နေ့တွင် သူဇနီးဖြစ်သူက သူ့ကို ဈေးသို့ပို့ရန် ပြောသည်။ ကလေးတွေကိုလည်း ဈေးကပြန်လာလျှင် ဝက်သားဟင်းချက်ကျွေးမည် မလိုက်ခဲ့ရန် ကတိပေးပြီး လင်မယားနှစ်ယောက် ဈေးကိုထွက်ခဲ့ကြသည်။ သူတို့ဈေးတွင် ဝယ်စရာတွေဝယ်ပြီး ပြန်လာကြသည်။ သို့သော် ဝက်သားပါမလာပေ။ အိမ်ပြန်ရောက်လာသည့်အခါ ကလေးတွေက ဝက်သားဟင်းစားချင်ကြောင်း ပြောသည်။ ဝက်သားက ပါမလာသဖြင့် ကလေးတွေ စိတ်ပျက်ရသည်။ ကျန်ဇီ ဘာလုပ်မည်ထင်သနည်း။ အိမ်တွင် မွေးထားသည့် ဝက်တစ်ကောင်ကိုသတ်ပြီး ကလေးများကို ချက်ကျွေးသည်။ သူ့ဇနီးဖြစ်သူက စိတ်ဆိုးသည်။ ကျန်ဇီက တစ်ခွန်းပဲ ပြန်ပြေသည်။

“မင်းက ကလေးတွေကို လိမ်သလိုဖြစ်နေရင်၊ မင်းကို ဘယ်တော့မှ ယုံကြည်မှာ မဟုတ်တော့ဘူး”ဟု ပြောလိုက်သည်။ ယင်းသည် တရုတ်လူ့ဘောင်တွင် မိသားစုအတွင်း ယုံကြည်မှုကို စတင်တည်ဆောက်ကြခြင်းဖြစ်သည်။ 

ကျင်မင်းဆက်ခေတ် (၂၂၁-၂၀၆ ဘီစီ) က ဖြစ်သည်။ ကျီပုဆိုသည့်သူတစ်ဦးသည် အလွန်ကတိတည်သူအဖြစ် နာမည်ကျော်သည်။ လူတွေကပြောကြသည်။ “ကျီပုဆီက ကတိတစ်လုံး ရလိုက်တာဟာ ရွှေပြား ၁၀၀ ရလိုက်သလိုပဲ” ဟုပင် တင်စားပြောကြသည်။ ထိုအချိန်ကစပြီး တရုတ်လူ့ဘောင်တွင် “ကတိသည် ရွှေပြား ထောင်ပေါင်းများစွာထက် ပိုပြီး တန်ဖိုးရှိသည်ဆိုသော စကားခေတ်စားလာသည်” 

ကျီပုသည် တစ်နေ့တွင် ဒုက္ခရောက်ခဲ့သည်။ သို့သော် အရာရာတွင် ကတိကို အလေးထားပြီး ရိုးသားသူဖြစ်သောကြောင့် သူ့ကို မိတ်ဆွေတွေက ဝိုင်းဝန်းစောင့်ရှောက်ကြသည်။ သူကလည်း ကတိအတိုင်း ကြိုးစားပြီး မိတ်ဆွေများကို ပြန်လည်ကာ ကူညီထားသည်များအား ပေးအပ်သောကြောင့် ဒုက္ခဆင်းရဲမှ လွတ်ကင်းခဲ့ရသည်။ ဤအကြောင်းအရာလေးကို တရုတ်လူ့ဘောင်တွေ အမြဲပြောပြီး ဆုံးမသွန်သင်လေ့ရှိသည်။ စီးပွားရေးလုပ်လျှင် ကျီပုလို ကတိတည်မှ တိုးတက်ကြီးပွားအောင်မြင်နိုင်မည်ဟု ယူဆကြသောကြောင့် တရုတ်တို့တွင် ရေခံမြေခံ စိတ်ဓာတ်ကောင်းများရှိသည်ဟု ပြောနိုင်သည်။

ရှေးခေတ်က တရုတ်ဈေးဆိုင်များ၏ တံခါးဝတွင် စာတန်းလေးတစ်ခုကို ရေးသားချိတ်ဆွဲထားလေ့ရှိသည်။ 

“ပစ္စည်းအရည်အသွေးနှင့် ဈေးနှုန်းကို ဖောက်သည်အားလုံးအတွက် အာမခံသည်” ဆိုသော စာတန်းဖြစ်သည်။ ထိုစာတန်းတွေကို ဆိုင်တိုင်းတွင် ချိတ်ဆွဲကာ ဈေးရောင်းတတ်သည့် တရုတ်လူ့ဘောင်သည် ယုံကြည်မှုနှင့် ကတိသစ္စာကို မည်မျှတန်ဖိုးထားကြောင်း သိသာနိုင်ပါသည်။ သူတို့သည် မိမိတို့ ဖောက်သည်များအပေါ် လိမ်လည်လှည့်ဖျားရန် သို့မဟုတ် အတုရောင်းချခြင်းမပြုရန် အစဉ်အလာ သွန်သင်မှုများရှိသည်။ 

ယနေ့ခေတ်သစ်လူ့ဘောင်တွင် စီးပွားရေးအရ အပြိုင်အဆိုင်တွေပေါလာသည်။ သို့သော် တရုတ်လူ့ဘောင်တွင် ဖောက်သည်အပေါ် လေးစားစိတ်နှင့် ကတိတည်စိတ်တို့ဖြင့် စီးပွားရေးလုပ်ရန် တိုက်တွန်းသွန်သင်နေခြင်းများမှာ ရှိနေဆဲဖြစ်သည်။ လိုက်နာခြင်း၊ မလိုက်နာခြင်းကတော့ တစ်ပိုင်းဖြစ်သည်။ သို့သော် သူတို့လူ့ဘောင်အဖွဲ့အစည်းတွင် အသင်းအဖွဲ့နှင့် စီးပွားရေးကို ရပ်တည်နိုင်အောင် ကြိုးစားသည်။ အင်အားကြီးအောင်လုပ်သည်။ ယုံကြည်သူတွေကို ပေါင်းစုလက်တွဲထားသည်။ တရုတ်စီးပွားရေးလောကတွင် ရိုးသားမှုနှင့် ယုံကြည်မှုက အရေးကြီးသည်။ 

တရုတ်တွေ၏ ခံယူချက်က ရိုးရိုးလေးဖြစ်သည်။ သစ္စာရှိရေးကို သူတို့အဓိကတွေးပြီး စီးပွားရေးလုပ်ကြသည်။ ကြိုးစားအားထုတ်ခြင်း၊ လုံ့လဝီရိယရှိခြင်း၊ ခြိုးခြံချွေတာခြင်းတို့ရှိမှ စီးပွားတိုးတက်မည်ဟု စွဲမြဲစွာ ခံယူကြသည်။ မိသားစုအတွင်းမှာဖြစ်စေ၊ မိမိတို့အဖွဲ့အစည်း၊ အသိုင်းအဝန်းနှင့် နိုင်ငံမှာဖြစ်စေ ပျင်းရိခြင်း၊ ဖြုန်းတီးခြင်းများသည် ပျက်စီးစေခြင်း၊ ကျဆုံးစေခြင်းလမ်းဆီသို့ ဦးတည်နေသည်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် သူတို့ ခေတ်အဆက်ဆက်ပညာရှင်များ၏ သွန်သင်မှုများကိုကြည့်လိုက်လျှင် လုပ်အားကို တန်ဖိုးထားခြင်း၊ လုပ်အားဖြင့်ရသည့် အကျိုးအမြတ်အပေါ် တန်ဖိုးထားခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ ခြိုးခြံချွေတာခြင်းဆိုသည့်အပေါ်တွင် အလေးပေးသွန်သင်ကြသည်။ ကွန်ဖြူးရှပ်၏ စီးပွားရေးဆိုင်ရာ သွန်သင်မှုများတွင်လည်း ထိုသဘောတရားများကို တွေ့ရမည်ဖြစ်သည်။ 

တရုတ်သည် လူဦးရေအလွန်များပြီး ခေတ်အဆက်ဆက် ဒုက္ခမျိုးစုံကို ခါးဆီးခံကာ ကျော်ဖြတ်နိုင်ခဲ့ကြသူများဖြစ်သည်။ ယနေ့တိုင် သူတို့တွင်ရှိသည့် လူ့စွမ်းအား ရင်းမြစ်များကို အကောင်းဆုံးအသုံးချပြီး ကမ္ဘာကို လွှမ်းနိုင်စေရန် ကြိုးစားနေမှုများမှာ ရှေးပညာရှိများ၏ အမြော်အမြင်နှင့် သင်ကြားမှုများကို နားရည်ဝနေသောကြောင့်သာ ဖြစ်သည်။