News

POST TYPE

TIP

ကုန်သွယ်ရေး အခြေအနေ
03-Oct-2018
(၁)

ယနေ့ကမ္ဘာကြီးတွင် ကုန်သွယ်ရေးစစ်ပွဲက ဖြစ်နေပါပြီ။ ကုန်ထုတ်လုပ်မှုကိုလည်း အားမပေး၊ လိုလည်း မလိုအပ်။ သို့ပါသော်လည်း ဤစစ်ပွဲသည် ရှိနေဦးမည်သာ။ သမ္မတ ထရမ့်၏ ၂၀၀ ဘီလီယံကျော်မျှ တန်ဖိုးရှိသည့် တရုတ်ထုတ်ကုန်ပစ္စည်းများအပေါ် အခွန်ကောက်မည့်ကိစ္စသည် ၂၄ စက်တင်ဘာလ (တနင်္လာ) တွင် စတင်သည်။ ယခုအခါ ၁၀ ရာခိုင်နှုန်း သာရှိသေးသော်လည်း ၂၀၁၈ နှစ်ကုန်တွင် ၂၅ ရာခိုင်နှုန်းအထိ တက်သွားမည် ဖြစ်၏၊။ ထို့ပြင် တရုတ်ကတန်ပြန်လာပါက ပို၍ပို၍တိုးကာ အခွန်ကောက်ဦးမည်ဟုဆိုသည်။ တရုတ်ပြည်က ယခုအပတ်တွင်ကျင်းပရန်ရှိသော ညှိနှိုင်းတွေ့ဆုံပွဲဖျက်သိမ်းခြင်းဖြင့် တုံ့ပြန်သည်။

(၂)

ကုန်ထုတ်လုပ်သူများနှင့် စားသုံးသူများအဖို့မူ တရုတ်ဘက်နှင့် အမေရိကန်နှစ်ဖက်စလုံးတွင် ထိခိုက်ဖွယ်ရှိနေသည်။ နောက်နှစ် တရုတ်ပြည်၏ ဂျီဒီပီသည် ရာနှုန်းတစ်ခုလောက် လျော့ကျဖွယ်ရှိသည်။ အမေရိကန်စီးပွားရေးအပေါ် ထိခိုက်မှုများရှိသော်လည်း များစွာပြောပလောက် ဖွယ်မရှိပါ။

လိပ်ခဲတည်းလည်း ဖြစ်နေရမှုမှာ မလိုအပ်ပါ။ အိမ်ဖြူတော်အတွက် စိုးရိမ်ရမှုများကို ပိုမိုကောင်းမွန်သောနည်းများဖြင့် ဖြေရှင်းနိုင်ပါသည်။ WTO- World Trade Organization ဘက်ကိုကြည့်ပြန်လျှင်လည်း ၎င်းအနေနှင့် ဘာမှမတတ်နိုင်၊ ပြဿနာကို ဘယ်ကစ၍ ဘယ်လိုဖြေရှင်းရမည်ကိုမသိ ဖြစ်နေသည်။ 

ကမ္ဘာ၏ အကြီးဆုံးစီးပွားရေးစနစ်နှစ်ခု၏ ပြိုင်ပွဲမှာ နှစ်ဖက်စလုံးက အင်အားကောင်းနေသည်။ စက်မှုစွမ်းအားနှင့် လုပ်နည်းလုပ်ဟန်မှာ သူမသာကိုယ်မသာဖြစ်နေသည်။ အမေရိကန်တို့က သူတို့စီးပွားရေးက ပိုမိုကောင်းမွန်ပြီး ဘာတွေပဲတွေ့ကြုံရသည်ဆိုစေ အောင်နိုင်ရမည်ဟုသာ ယူဆသည်။

တရုတ်ပြည်၏ ကုန်ထုတ်လုပ်မှုတိုးပွားမှုနှုန်းမှာ လျော့ကျလာနေပြီး ကုန်သွယ်ရေးအပေါ်တွင် ပိုမို၍ မှီခိုနေရသည်၊ သို့သော် အစိုးရကအာဏာရှင်ဆန်ပြီး ပြည်သူတို့၏ အယူအဆများကို အလွယ်တကူ လွှမ်းမိုးနိုင်သည်။ ထို့ကြောင့် တိုင်းပြည်တွင် ယနေ့တွေ့ကြုံနေရသည့် ပြဿနာများကို ရေရှည်ကိုကြည့်၍ကျော်လွှားနိုင်ကြမည်ဟု ယုံကြည်ကြသည်။

တရုတ်တို့က ပြောသည်မှာ အမေရိကန်တို့၏ လုပ်ရပ်များသည် ဝိုးတဝါးနိုင်ပြီး တောင်းဆိုချက်များမှာ မဖြစ်နိုင်ဟုယူဆသည်။ အမေရိကန်စီးပွားရေးဌာန (Treasury) က အမေရိကန်လုပ်ပစ္စည်း (ဥပမာ - Natural Gas) များကို ပိုမို၍ဝယ်ယူစေလိုကြသည်။ တရုတ်တို့၏ ကုန်သည်ရေးတွင် လုပ်နည်းလုပ်ဟန်များကို မကြိုက်နှစ်သက်။ သူတို့၏ အခြေခံပြဿနာကို ရှုမြင်ပုံမှာ သဘာဝမကျဟု ယူဆသည်။ 

သူတို့က တရုတ်အစိုးရသည် အမေရိကန်တို့ထံမှ ဝယ်ယူမည့်ပစ္စည်း အရေအတွက်နှင့် အမျိုးအစားကို ထိန်းချုပ်မှုရှိသည်ဟု ယူဆသည်။ ယေဘုယျအားဖြင့် ထိုသို့သော ဆုံးဖြတ်ချက်ကို အမေရိကားတွင် နေအိမ်များနှင့် ကုမ္ပဏီကြီးများက ဆုံးဖြတ်ပါသည်။ သို့ပါသော်လည်း တရုတ်တို့ သုံးစွဲနိုင်ရန် ပစ္စည်းကိုထုတ်လုပ်ဖို့ နေနေသာသာ၊ ပြည်တွင်းလုံလောက်ရန်ပင် အနိုင်နိုင်ထုတ်လုပ်နေရသည်။ ထို့ကြောင့် ထုတ်ကုန်နှင့်သွင်းကုန် ညီမျှရေးကို ရည်ရွယ်လုပ်ဆောင်နေသည့် အမေရိကန်တို့၏ ရည်ရွယ်ချက်မှာ အောင်နိုင်ဖွယ်ရာမရှိချေ။

အိုဘားမားခေတ်က စွပ်စွဲခဲ့သလို တရုတ်စစ်တပ်က အင်တာနက် (Cyber- Enable Commercial Theft) မှ တစ်ဆင့်အသိပညာများကို ခိုးယူနေသည့်ကိစ္စမှာလည်း တဖြည်းဖြည်းနှင့်အေးလာနေသည်။ ထို့ပြင်တရုတ်တို့က ကုမ္ပဏီအချင်းချင်း (JV-Joint Venture) လုပ်ပြီး အမေရိကန်တို့၏ တက်ခနိုလိုဂျီကို ခိုးယူနေခြင်းမှာလည်းမပြောပလောက် တော့ပါ။ ၂၀၁၆ ခု တရုတ်ပြည် အမျိုးသားစီမံကိန်းဌာနမှ ထုတ်ပြန်ချက်များအရ ဂျေဗီတို့၏ အကောင့်များမှ တရုတ်ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှု စီးဝင်နေခြင်းမှာ လေးပုံတစ်ပုံအထိကျဆင်းသွားပြီဟုဆိုသည်။ ၁၉၉၈ ခုနှစ်က သုံးပုံနှစ်ပုံရှိခဲ့သည်။

အမေရိကန်တို့၏ အမြင်တွင် တရုတ်တို့၏ စီးပွားရေးတစ်ခုလုံးမှာ အစိုးရက တွန်းအားပေးလုပ်ဆောင်နေသည်။ အစိုးရ၏ ပါဝင်ပတ်သက်မှုများ များပြားလွန်းနေသည်။ ထို့ကြောင့် တရုတ်ကုမ္ပဏီများက နိုင်ငံခြားကုမ္ပဏီများနှင့် ဆွေးနွေးကြရာတွင် အခွင့်အရေးအများကြီးရနေသည်။ အထူးသဖြင့် တရုတ်ပြည်၏ကြီးမားသောဈေးကွက်တွင် ဝင်လိုသော ကုမ္ပဏီများအတွက်ဖြစ်သည်။ သို့ပါသော်လည်း တရုတ်တို့၏ ဤအချက်ကို ပြုပြင်နိုင်ရေးမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ပြင်ဆင်ပြီးမှ ရနိုင်မည်။

အထူးသဖြင့် ထရမ့်အစိုးရက ထိုသို့သောလုပ်ငန်းများတွင် ကင်းကင်းရှင်းရှင်းနေလိုသည်။ သူ့အစိုးရက TPP Trans-Pacific Partnership မှထွက်ခဲ့သည်။ တရုတ်တို့နှင့်လည်း သီးသန့်ရင်းနှီးမြှုပ်နှံမှုကို မဆွေးနွေးလို၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနှင့်သာ အလုပ်လုပ်လိုသည်။

အမေရိကန်တို့က ကုန်သွယ်ရေးအဖွဲ့ကြီးအတွက် တရားသူကြီးများ အသစ်ခန့်ထားရေးကိုလည်း ပိတ်ဆို့ (Block) ထားသည်။ ထွက်မည်ဟုလည်း ခြိမ်းခြောက်နေသည်။ သူကိုယ်တိုင်ကမူ ၁၉၉၅ ခုနှစ်က ဤအဖွဲ့အစည်းဖြစ်မြောက်ရေးအတွက် အရေးကြီးသောနေရာမှ ပါဝင်ခဲ့သည်။

ထရမ့်အစိုးရက ကုန်သွယ်ရေးအဖွဲ့ကြီး၏ ဥပဒေများကို မထေမဲ့မြင်ပြုလျက်ရှိပြီး သံမဏိများအပေါ် အခွန်ကောက်ခံရာတွင် အမျိုးသားလုံခြုံရေးကို ထိခိုက်သည်ဟု အကြောင်းပြလိုက်သေးသည်။ ဤကိစ္စအပေါ် တရုတ်တို့သာမက ဥရောပယူနီယံကလည်း ကန့်ကွက်လျက်ရှိသည်။

တရုတ်ပြည်အနေနှင့် ၂၀၀၁ ခုနှစ် ကုန်သည်ရေးအဖွဲ့ကြီးသို့ ဝင်ချိန်ကစပြီး ၎င်း၏ဥပဒေများကို လိုက်နာခဲ့ပါသည်။ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်ပြီး တရုတ်အပေါ် အရေးယူခဲ့ခြင်းများကိုလည်း ကျေကျေနပ်နပ်ခံယူခဲ့သည်။ လိုက်လျောရသည့် အဓိကအကြောင်းမှာ အမေရိကန်တို့နှင့် စကားပြောရာတွင် ကုန်သွယ်ရေးအဖွဲ့သည် အသုံးကျလိမ့်မည်ဟု ယူဆသောကြောင့်ဖြစ်သည်။

တရုတ်ကုမ္ပဏီများမှာ မြေပိုင်ဆိုင်မှုကအစ ဘဏ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆက်ဆံရေး အစရှိသည်တို့တွင် အသာရလျက်ရှိသည်။ ထိုအရာများမှာ နည်းဥပဒေများ၌ မပါဝင်ပေ။ ထို့ကြောင့် ကုန်သွယ်ရေးအဖွဲ့ကြီး၏ ဥပဒေများတွင် အစိုးရနှင့် ကုမ္ပဏီများ ဆက်ဆံရေးအကြောင်း၊ နိုင်ငံခြားကုမ္ပဏီများပါဝင်မှုအကြောင်း ထည့်သွင်း၍ ဥပဒေပြဋ္ဌာန်းရန် လိုအပ်နေသည်။

အမေရိကန်နှင့် တရုတ်တို့ဆက်ဆံရေး ဘယ်လိုပဲရှိစေ ဥရောပကောင်စီနှင့် တရုတ်တို့ဆက်ဆံရေးမှာ ပိုမိုကောင်းမွန်သည်။ ၂၀၁၅ နှင့်၂၀၁၆ အတွင်းတွင် ဥရောပကောင်စီမှ တရုတ်ပြည်တွင်းရှိ ရင်းနှီးမြှုပ်နှံမှုမှာ နှစ်ဆတိုးလာသည်ဟု ကုလသမဂ္ဂသတင်းများက ဆိုသည်။

ဥရောပကောင်စီအနေနှင့် တရုတ်ပြည်၏ ကန့်သတ်ချက်များကို သဘောမကျနိုင်ဖြစ်နေသည်။ ဘဏ္ဍာရေးဆိုင်ရာဌာန၊ စွမ်းအင်နှင့်ဆက်သွယ် ရေးတို့တွင် ကန့်သတ်ထားချက်များကို မနှစ်မြို့နိုင်ပေ။ သို့သော် ဥရောပကောင်စီမှာ အမေရိကန်ကဲ့သို့ တရုတ်တို့အတွက် ပြိုင်ဘက်မဟုတ်ပေ၊ သူသည်တရုတ်ပြည်၏ ဆီမီကွန်ဒတ်တာ ထုတ်လုပ်ရေးနှင့် လေယာဉ်ပျံတည်ဆောက်ရေးလုပ်ငန်းများကို စိတ်မဝင်စားပေ။

အမေရိကန်က တရုတ်ကိုထိခိုက်အောင်လုပ်သော လုပ်ရပ်များမှာ ဥရောပသို့လည်း ထိခိုက်လျက်ရှိသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့မှာ တရုတ်တို့နှင့် တိုက်ရိုက်ပတ်သက်နေသောကြောင့်ဖြစ်သည်။

ဥရောပကောင်စီက ကုန်သွယ်ရေးအဖွဲ့ကြီးကိုပြုပြင်ရန် နည်းလမ်းများကို အကြံပြုလျက်ရှိသည်။ သူတို့အနေနှင့် တရုတ်တို့နှင့် နားလည်မှုရရှိကောင်း ရရှိနိုင်သော်လည်း အမေရိကန်နှင့် နားလည်မှုရရှိရေးမှာ ခက်ခဲလျက်ရှိသည်။ ထရမ့်အနေနှင့်လည်း ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ယူခြင်းကို သူ့ပါတီတွင်းမှာပင် သဘောမတူသူများ ရှိနေသည်ဖြစ်ရာ နိုဝင်ဘာရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီကသာ အနိုင်ရရှိပါက ဘာဖြစ်မည်ကိုပြောရန် ခက်ခဲသည်။

မည်သို့ဆိုစေ ယခုအခက်အခဲများမှ လွတ်မြောက်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးမှတစ်ပါး အခြားနည်းလမ်းမရှိပါ။ မစ္စတာထရမ့် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဤနည်းလမ်းကို လိုက်စရာသာရှိတော့သည်။

(၃)

အဒမ်စမစ်ကစ၍ အစဉ်အဆက် စီးပွားရေးပညာရှင်များက ပြောဆိုလာခဲ့ကြသည်မှာ စီးပွားရေးတွင် နယ်နိမိတ်မျဉ်းများ ပပျောက်သွားရေး ဖြစ်သည်။ ဂလိုဗယ်လိုက်ဇေးရှင်း၏နည်းနာများအရ ကမ္ဘာ့ရွာကြီး ဖြစ်မြောက်ရေးမှာလည်း နယ်နိမိတ်တွင် အခွန်ကောက်မှုပပျောက်ရေးဖြစ်သည်။ ထိုနည်းနာများမှ သွေဖည်၍ တစ်နိုင်ငံကောင်း လုပ်ဆောင်နေမှုများမှ အောင်မြင်ဖွယ်ရာမရှိပါ။

ကိုသန်းလွင်
Ref: Big Tarrifs, more Tariffs and their fix, by Yukon Haung New York Times, September 25, 2018.