News

POST TYPE

TIP

ပုသိမ်အနီး ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက် အသစ်ထပ်တွေ့
25-Sep-2018


ပုသိမ်၊ စက်တင်ဘာ ၂၄

ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက်မြောက်ဘက် ၆၂ မိုင်အကွာ ကမ်းလွန် ပင်လယ်ပြင်ရှိ လုပ်ကွက်အမှတ် A-6 ရွှေရည်ထွန်းတွင်း အမှတ် (၂) တွင် စီးပွားဖြစ်ထုတ်နိုင်သော သဘာဝဓာတ်ငွေ့သိုက်အသစ်ကို တွေ့ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှသိရသည်။

အဆိုပါ ရွှေရည်ထွန်း (၂) ကို ယခုနှစ် ဇူလိုင်လ ၂၀ ရက်က စတင်တူးဖော်ခဲ့ပြီး ဩဂုတ်လ ၂၉ ရက်တွင် မီတာ ၄၃၇၃ ပေအားဖြင့် ၁၄,၀၀၀ ကျော်၌ သဘာဝဓာတ်ငွေ့ခိုအောင်းနေသည့် အသားတင်ထုတ်ယူနိုင်မည့် သဲကြောအထူ ၄၀ မီတာခန့်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“အစမ်းတွင်းတူးဖော်နေတဲ့ ငါးတွင်းမြောက် လုပ်ကွက် A-6 ကို ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ စက်တင်ဘာ ၂၂ ရက်က သွားစစ်ခဲ့ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက The Voice သို့ ပြောသည်။

အမှတ် A-6 လုပ်ကွက်တွင် MPRL E&P Pte Ltd. မှ ရင်းနှီးမြှုပ်နှံမှု ၂၀ ရာခိုင်နှုန်း၊ ဩစတြေးလျနိုင်ငံ Woodside Energy (Myanmar) Pte Ltd. မှ ၄၀ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ Total E & P Myanmar Co.,Ltd. မှ ၄၀ ရာခိုင်နှုန်း အချိုးကျပါဝင်ကာ ရှာဖွေ တူးဖော်ခြင်းလုပ်ငန်းများကို အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။ 

သဘာဝဓာတ်ငွေ့သိုက်အသစ်ကို စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် အဆင့်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

R-12


  • VIA