News

POST TYPE

TIP

တရုတ်စိတ်ဓာတ်ကို ကွန်ဖြူးရှပ်အမြင်ဖြင့် နားလည်ကြည့်ခြင်း
22-Sep-2018


၂၀၀၈ ခုနှစ် တရုတ်အိုလံပစ်ပွဲကို မှတ်မိကြဦးမည်ထင်ပါသည်။ ကွန်ဖြူးရှပ်ခေတ် ပညာရှင်ပုံစံများဖြင့် လူပေါင်းများစွာ ချီတက်လာသည့် မြင်ကွင်းကို အံ့အားသင့်စွာ ရှုမြင်လိုက်ကြရသည်။ တရုတ်တွင် ကွန်ဖြူးရှပ်ကို ပြန်လည်နေရာပေးလာပြီဖြစ်သောကြောင့် ဝမ်းမြောက်သူတွေက ဝမ်းမြောက်နေကြသည်။ ကွန်ဖြူးရှပ်အဖြစ် ချီတက်လာသူပေါင်း ၃၀၀၀ ကျော်သည်ဟုဆိုသည်။ အနောက်နိုင်ငံက ပညာရှင်တွေက တရုတ်ကွန်မြူနစ်အစိုးရ ပြန်လည်ဖော်ထုတ်လာသည့် ပညာရှင်ခေတ်ကို မှန်းဆပြီး ကွန်ဖြူးရှပ်နည်းများဖြင့် တရုတ်ကို ချဉ်းကပ်ရန် အကြံပြုလာကြသည်။ 

တရုတ်သမိုင်းတွင် အကြီးကျယ်ဆုံး အလေးအမြတ်ပြုခြင်း အခံရဆုံးပုဂ္ဂိုလ်ကို ပြောပါဆိုလျှင် ကွန်ဖြူးရှပ်ကို ညွှန်ပြရမည်ဖြစ်သည်။ ယနေ့တရုတ်တို့၏လူနေမှုစနစ်တွင်သာမက တရုတ်ခေါင်းဆောင်ပိုင်း အတွေးအခေါ်များအထိ ကွန်ဖြူးရှပ်သဘောတရားတွေကို ဖော်ထုတ်လာသည်။ ထို့ကြောင့် သူတို့ဘာကို ဦးတည်နေသည်၊ ဘာလုပ်ချင်နေသည်ဆိုခြင်းကို ကွန်ဖြူးရှပ်အား စံထားကာ လေ့လာသုံးသပ်ကြည့်ရန် ဆုံးဖြတ်ကြသည်။

ကွန်ဖြူးရှပ်ဝါဒကို လေ့လာကြည့်လျှင် လူမှုရေး၊ နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားအမြင်များ ပေါင်းစပ်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ မိဘဝတ်၊ သားသမီးဝတ်၊ ဆွေမျိုးဝတ်၊ သစ္စာစောင့်သိခြင်း၊ တရားဖြောင့်မတ်ခြင်း၊ ရိုးသားခြင်း စသည့်သဘောတရားများသည် ကွန်ဖြူးရှပ်ဝါဒ၏ အခြေခံသဘောတရားများဖြစ်သည်။ ကွန်ဖြူးရှပ်၏ သင်ကြားမှုများကို အနှစ်ချုပ်လိုက်လျှင် “လူကြီးလူကောင်း မွေးမြူရေး” ဖြစ်နေကြောင်းလည်း တွေ့ရပေလိမ့်မည်။ အစားအသောက်၊ အနေအထိုင်မှသည် တိုင်းပြည်ကို အုပ်ချုပ်သည်အထိ မည်သို့ကောင်းအောင် လုပ်ဆောင်ရမည်ဆိုခြင်းကို အခြေခံကစပြီး စနစ်တကျသင်ကြားပေးထားကြောင်းတွေ့ရမည်။

ကွန်ဖြူးရှပ်ပြဆိုသည့် အုပ်ချုပ်သူအစိုးရကောင်းဆိုသည့် သဘောတရားမှာ ရှင်းရှင်းလေးဖြစ်သည်။ ရာထူးဂုဏ်အဆင့်ဆင့်ကို လေးစားတန်ဖိုးထားတတ်သူဖြစ်ခြင်း၊ အဖွဲ့အစည်းအပေါ် လေးစားပြီး ပူးပေါင်းလုပ်ဆောင်လိုစိတ်ရှိခြင်း၊ သက်ကြီးရွယ်အိုများကို ရိုသေလေးစားခြင်း၊ အစဉ်အလာတရားများကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူဖြစ်ခြင်း ဆိုသည့် သဘောတရားများတွင် အခြေခံထားကြောင်း တွေ့ရမည်ဖြစ်သည်။ ကွန်ဖြူးရှပ်အတွေးအခေါ်များကို ကြည့်လိုက်လျှင် “အကောင်း” နှင့် “အဆိုး” ဆိုသည်ကို လုပ်ဆုပ်လက်ကိုင်ဖြင့် ဖော်ပြထားကြောင်း တွေ့ရမည်မဟုတ်ပေ။ ကောင်းခြင်းဆိုးခြင်းဆိုသည်မှာ လူတစ်ယောက်၏ လက်တွေ့လုပ်ဆောင်မှုအပေါ်တွင် အခြေခံနေကြောင်း၊ လက်တွေ့ရင်ဆိုင်ပြီး လုပ်ကိုင်သည့်အပေါ်တွင်သာ ကောင်းခြင်း၊ ဆိုးခြင်းတို့ကို ပိုင်းဖြတ်နိုင်မည်ဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။

သူက လူတိုင်းတွင် သူ့နေရာ သူ့အဆင့်အတန်းနှင့်သူ ရှိနေသည်။ ကိုယ့်နေရာကိုယ့်အဆင့်ကို ကိုယ်သိရန်လိုသည်ဟု ဆိုခဲ့သည်။ လူတိုင်းကို သူ့အဆင့်အတန်းအလိုက် သွန်သင်ပေးခြင်း ပြုလုပ်ရန်လိုသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ့်အဆင့်အတန်းနှင့်အညီ နေထိုင်နိုင်မှ အားလုံးသည် ညီညွတ်မျှတစွာဖြင့် ပေါင်းစည်းနေထိုင်နိုင်မည်။ ကိုယ့်အဆင့်အတန်း၊ ကိုယ့်နေရာကို နားမလည်လျှင် ပေါင်းသင်းဆက်ဆံနေထိုင်ရေးတွင် ဟန်ချက်ပျက်တတ်သည်။ အဆင့်နိမ့်သူက အဆင့်မြင့်သူကို ရိုသေလေးစားရမည်။ မိသားစုအတွင်း၌လည်း ကြီးသူကို ရိုသေကိုင်းရှိုင်းတတ်သည့် သဘောတရားများကို ဖွံ့ဖြိုးအောင်လုပ်ဆောင်ရမည်။ နိုင်ငံ၏ အခြေခံသည် မိသားစုဖြစ်သည်။ နိုင်ငံအဆင့် အုပ်ချုပ်သူအဆင့်ဆင့်ကို ရိုသေလေးစားခြင်းမှာ မိသားစုအတွင်း ကြီးစဉ်ငယ်လိုက် ရိုသေလေးစားခြင်းအပေါ်တွင် အခြေခံသည်ဟု ကွန်ဖြူးရှပ်က ဆိုသည်။ ထို့ကြောင့် တရုတ်နှင့်ဆက်ဆံမည့်သူများအနေနှင့် ရာထူးအဆင့်ဆင့်၊ အသက်အရွယ်စသည်တို့ကို အလေးထားပြီး ဆက်ဆံနိုင်မှ အောင်မြင်နိုင်မည်ဖြစ်သည်ကို အနောက်တိုင်းသားများ ကောင်းစွာသိနားလည်ထားကြသည်။ 

ကွန်ဖြူးရှပ်အတွေးအခေါ်များထဲတွင် ဆက်ဆံရေးနယ်ပယ်ကြီး ငါးရပ်သတ်မှတ်ထားကြောင်း သဘောပေါက်ထားရန် လိုပါသည်။ အုပ်ချုပ်သူနှင့် ဝန်ကြီးများ ဆက်ဆံရေး၊ ဖခင်နှင့်သားဆက်ဆံရေး၊ အစ်ကိုနှင့်ညီဆက်ဆံရေး၊ လင်နှင့်မယားဆက်ဆံရေး၊ မိတ်ဆွေအချင်းချင်း ဆက်ဆံရေးတို့ဖြစ်သည်။ ထိုနယ်ပယ်ငါးရပ် အပြန်အလှန်ကောင်းမှ တိုင်းပြည်ကောင်းမည်၊ လူမှုပေါင်းသင်း ဆက်ဆံရေးနယ်ပယ်ကောင်းမွန်နိုင်မည်ဟု သူကလက်ခံထားသည်။ 

တရုတ်လူ့ဘောင်အဖွဲ့အစည်းအတွင်း ယနေ့တိုင်စွဲမြဲစွာ ဖော်ကျူးနေသည်မှာ ရာထူးအဆင့်ဆင့်ကို လေးစားကြခြင်းဖြစ်သည်။ အနောက်တိုင်းသားတွေထက် တရုတ်က ရာထူးအဆင့်အတန်းများအပေါ် လေးစားမှုပိုပြီးရှိကြောင်းတွေ့ရမည်ဖြစ်သည်။ အနောက်တိုင်းသားတို့အမြင်က အားလုံးကို တန်းတူညီမျှသဘောဖြင့် ပြောဆိုဆက်ဆံတတ်မှုမျိုး၊ ပွင့်လင်းမှုမျိုး တရုတ်ခေါင်းဆောင်များနှင့် ဆက်ဆံသည့်အခါတွင် သတိထားကြရသည်။ ထို့ကြောင့် စီးပွားရေးနှင့်နိုင်ငံရေးအရ ဆက်ဆံမှုများတွင် တရုတ်တို့ကို အစဉ်အလာနှင့်ယှဉ်ပြီး ပြောဆိုဆက်ဆံကြရသည်။ ကြီးသူကိုလေးစားဆိုသော သဘောတရားကို တရုတ်တွင် ယနေ့တိုင် အခိုင်အမာ ကျင့်သုံးပြီး ဆက်ဆံနိုင်မှသာ အောင်မြင်နိုင်သည်။ 

ကွန်ဖြူးရှပ်အတွေးအေခါ်တွင် ရာထူးအဆင့် ဂုဏ်နှင့် လိုက်လျောညီထွေရှိအောင် ပြောဆိုဆက်ဆံနိုင်ရေးက အရေးကြီးသည်။ ထို့ကြောင့် သူတို့နှင့် ဆက်ဆံလျှင်သင့်စိတ်ထဲက ခံစားချက်များကို ဖျောက်ထားစေချင်သည်ဟု သွန်သင်ကြသည်။ သူတို့ဘဝတွင် ရှေးမင်းအဆက်ဆက်ကတည်းက ဘုရင်ကို ဘုရင်လိုဆက်ဆံ၊ မိဘကို မိဘလိုဆက်ဆံ၊ ဆရာကို ဆရာလိုဆက်ဆံစေရန် လမ်းညွှန်သင်ကြားပေးခဲ့မှုများရှိသည်။ 

ကွန်ဖြူးရှပ် သဘောတရားတွေကို ယနေ့တိုင် တရုတ်လူ့ဘောင်အဖွဲ့အစည်းက မစွန့်လွှတ်နိုင်ကြသေးသောကြောင့် တရုတ်ကိုရောက်လျှင် အဆင့်ဆင့်ပြောဆိုဆက်ဆံနိုင်ရေးကို ဦးစားပေးကြသည်။ တရုတ်ဆိုရိုးစကားတစ်ခုရှိသည် “အိမ်ဘယ်လောက်ကြီးအောင်ဆောက်ဆောက် ရက်မတစ်ချောင်းတည်းနှင့် မဆောက်နိုင်”ဆိုသည့်စကား ဖြစ်သည်။ 

တရုတ်တွေက ထိုသဘောတရားကို လက်ခံသည်။ တိုင်တစ်လုံးတည်းနှင့် အိမ် မဖြစ်နိုင်ဆိုသည့် သဘောတရားမှာ ကွန်ဖြူးရှပ်၏ စုပေါင်းမှသာ ခိုင်မာစေမည်ဆိုသည့် သဘောတရားတစ်ခုလည်းဖြစ်သည်။ ဘုံဝါဒကို ကွန်ဖြူနစ်တွေကလည်း ကြိုက်သည်။ သို့သော် ကွန်ဖြူးရှပ်၏ စုပေါင်းအမြင်နှင့် တရုတ်ကွန်မြူနစ်တွေ ကျင့်ကြံအားထုတ်ကာ ဖော်ဆောင်ခဲ့သည့် ဘုံဝါဒတို့သည် ခြားနားကောင်းခြားနားနိုင်သည်။