News

POST TYPE

TIP

IS ခေါင်းဆောင် ဘာဒါဒီ အသံဖိုင်သစ် ထွက်ရှိ
26-Aug-2018


ဘဂ္ဂဒက်၊ ဩဂုတ် ၂၅

တစ်နှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် IS အဖွဲ့ခေါင်းဆောင် အဘူဘေကာအယ်လ်ဘာဒါဒီ၏ မိန့်ခွန်းအသံဖိုင် ထွက်ပေါ်လာခဲ့ပြီး နောက်လိုက်နောက်ပါများအနေနှင့် မဆုတ်မနစ် ဆက်လက်အားထုတ်ကြရန် ဘာဒါဒီက တိုက်တွန်းထားကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

“မူဂျာဟေဒင် (မြင့်မြတ်တဲ့ စစ်သည်တော်တွေ) အတွက် အောင်ပွဲဒါမှမဟုတ် အရေးနိမ့်မှုဆိုတာ မြို့ကြီးတစ်မြို့ ၊ မြို့ငယ် တစ်မြို့ ခိုးယူခံရတာ၊ လေကြောင်း အသာစီးရတာ၊ တိုက်ချင်းပစ်ဒုံးကျည်တွေရှိတာ၊ စမတ်ဗုံးတွေရှိတာနဲ့ မဆိုင်ပါဘူး” ဟု အိုင်အက်စ်အဖွဲ့၏ ဝါဒဖြန့်ချိရေး ဌာနက ထုတ်ပြန်သော ဘာဒါဒီပြောသည် ဆိုသောအသံဖိုင်တွင် ပါရှိသည်။

ဘာဒါဒီ၏ အသံစစ်၊ မစစ်ကိုမူ အတည်မပြုနိုင်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

ယမန်နှစ် မတိုင်မီအထိ IS အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်နယ်မြေအများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် အိုင်အက်စ်၏ အဓိက မြို့တော်နှစ်ခုဖြစ်ခဲ့သော အီရတ်ရှိမိုဆူးလ်၊ ဆီးရီးယားရှိရက္ကာတို့မှ တိုက်ထုတ်ခံခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် ကန္တာရ အတွင်းသို့ မောင်းထုတ်ခံခဲ့ရသည်။

အီရတ်မြောက်ပိုင်းမှ အဓိက မြို့ကြီး မိုဆူးလ်ကို ၂၀၁၄ တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဘာဒါဒီက သူ့ကိုယ်သူ မွတ်ဆလင်အားလုံး၏ အုပ်စိုးသူ ကာလစ်ဖ်အဖြစ် ကြေညာခဲ့သည်။ 

ယခုအခါတွင်မူ သူဦးဆောင်ထူထောင်ခဲ့သော ကာလီဖိတ်နိုင်ငံတော်၏ မြို့ကြီးမြို့ငယ်အားလုံးကို ဆုံးရှုံးခဲ့ရပြီဖြစ်သော ဘာဒါဒီသည် အီရတ်-ဆီးရီးယား နယ်စပ်တွင် ပုန်းအောင်းနေသည်ဟု ယူဆရသည်။

အီရတ်မြောက်ပိုင်းတွင် တိုက်ပွဲဝင် စဉ်ကပင်ဘာဒါဒီသည် သေဆုံးသွားခဲ့ပြီ သို့မဟုတ် ဒဏ်ရာရရှိခဲ့သည်ဟုသတင်း များ မကြာခဏထွက်ပေါ်ခဲ့သည်။ သူမည် သည့်နေရာတွင် ရှိနေသည်ကိုမသိကြ သော်လည်း ယခုထွက်ပေါ်လာသည့် အသံဖိုင်သာ အမှန်ဖြစ်ပါက အသက်ရှင်နေသေးသည်ဟု ဆိုရမည်ဖြစ်သည်။ 

F-03