News

POST TYPE

TIP

ကွန်ဖြူးရှပ်၏ ကိုယ်ကျင့်တရားဖြင့် စီးပွားရေးအောင်မြင်စေခြင်း
18-Aug-2018 tagged as



ကွန်ဖြူးရှပ်အလိုအရ စံပြုလောက်သည့် ပုဂ္ဂိုလ်ဆိုသည်မှာ ပညာတတ်သူဖြစ်ရမည်ဟုဆိုသည်။ သူက အောင်မြင်သူတိုင်း စံပြုလောက်သူမဟုတ်။ ပညာဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်သူ ပညာရှိကိုသာ စံပြုလောက်သူဟု သတ်မှတ်ထားသူဖြစ်သည်။ ပညာတတ်လျှင် လူ့ကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး၊ နိုင်ငံကောင်းကျိုး ပိုပြီး လုပ်နိုင်သည်။ ပညာတတ်လာလျှင် အတ္တအကျိုးနှင့် ပရအကျိုးကို မျှတအောင် စဉ်းစားဆင်ခြင်ကာ လုပ်ဆောင်နိုင်သူ ဖြစ်လာလိမ့်မည်ဟုဆိုသည်။ ထို့ကြောင့် အတ္တကို ရှေ့တန်းတင်ပြီး အောင်မြင်စေရန် လုပ်ဆောင်နေကြသည့် ခေတ်သစ်လုပ်ငန်းရှင်များအနေနှင့် ကွန်ဖြူးရှပ်အတွေးအမြင်များကို လေ့လာစေချင်သည်။

ခေတ်သစ်တွင် ကွန်ဖြူးရှပ်၏ အတွေးအမြင်များနှင့်ပတ်သက်ပြီး ငြင်းခုံစရာများဖြစ်သည်။ အထူးသဖြင့် ကွန်ဖြူးရှပ်၏ တန်ဖိုးများဖြစ်သည်။ သူက အုပ်ချုပ်သူများကို ရိုကျိုးခြင်း၊ အာဏာပိုင်များကို လေးစားနာခံခြင်း၊ စိတ်ခံစားချက်များကို ထိန်းချုပ်ခြင်း စသည့်သဘောတရားများကို အလေးထားသင်ကြားသူဖြစ်သည်။ တိုးတက်အောင်မြင်လိုသည့် စွန့်ဦးလုပ်ငန်းရှင်တစ်ဦးအနေနှင့် ထိုအချက်များမရှိလျှင် မအောင်မြင်နိုင်ဟု ဆိုထားခြင်းက ခေတ်သစ်အမြင်ဖြင့် ဝေဖန်စရာများဖြစ်သည်။ သို့သော် ယနေ့ အောင်မြင်သူအများစုကို လေ့လာဆန်းစစ်ကြည့်လျှင် ကွန်ဖြူးရှပ်၏ သွန်သင်မှုများမှ ကင်းလွတ်သွားသူများ နည်းပါးကြောင်း တွေ့ရမည်ဖြစ်သည်။ 

တရုတ်နိုင်ငံ၏ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်အများစု၏ လုပ်ဆောင်ချက်များကို ကြည့်လိုက်လျှင် ကွန်ဖြူးရှပ်၏ သွန်သင်ချက်များကို လေးစားလိုက်နာပြီး အကောင်အထည်ဖော်သွားခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ သူတို့က တရုတ်ရိုးရာ ယဉ်ကျေးမှုကို စံတစ်ခုအဖြစ်ထားပြီး စီးပွားရေးတွင် လက်တွေ့ကျင့်သုံးခြင်းကြောင့် အောင်မြင်လာရခြင်းလည်းဖြစ်သည်။ 

ကွန်ဖြူးရှပ်အတွေးအမြင်များက အဆင့်ဆင့်လက်ဆင့်ကမ်းရမည့်အမွေတစ်ခုကို သတ်မှတ်ထားပြီးဖြစ်သည်။ ကြီးသူစကား ငယ်သူနားထောင်ပြီး ရိုသေလေးစားစွာဖြင့် လိုက်လုပ်လျှင် အောင်မြင်ရမည်သာဖြစ်သည်။ အလားတူပင် နိုင်ငံအုပ်ချုပ်သူကိုလည်း လေးစားပြီး ချမှတ်ထားသည့် စည်းမျဉ်းဥပဒေများအတိုင်း လုပ်ဆောင်နိုင်မှ အောင်မြင်မည်ဖြစ်သည်။ ထို့အတူ မိသားစုအတွင်း၌လည်း ကြီးသူကို ရိုသေလေးစားသူသာ လူ့ဘောင်အဖွဲ့အစည်းအတွင်း အဆင်ပြေနိုင်သည်။ လူမှုပေါင်းသင်းဆက်ဆံရေးက စီးပွားရေးတွင် အရေးကြီးသည်။ ရိုသေလေးစား၊ စည်းကမ်းလိုက်နာ၊ အရာရာကို တန်ဖိုးထားလုပ်ဆောင်တတ်သူသာ အောင်မြင်မှုကို ရရှိနိုင်ပါသည်။ 

ကွန်ဖြူးရှပ်အတွေးအမြင်များကို လေ့လာသုံးသပ်ကြည့်လျှင် အကောင်းမြင်စိတ်ဖြင့် ရှုမြင်ပြီး လုပ်ဆောင်မှုများကို အလေးထားကြောင်း တွေ့ရမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းသာမက မည်သည့် နယ်ပယ်တွင်မဆို စီမံခန့်ခွဲမှုများ လုပ်ဆောင်ရာ၌ အကောင်းမြင်စိတ်ဖြင့် စီမံခန့်ခွဲသူသာ အောင်မြင်မှုကို ထိန်းသိမ်းနိုင်စွမ်းရှိပါသည်။ သူ၏အတွေးအမြင်များတွင် ယုံကြည်အားကိုးထိုက်သူတစ်ဦးဖြစ်အောင် နေထိုင်ခြင်း၊ ကြင်နာသနားတတ်ခြင်း၊ လူသားပီသစွာ နေထိုင်ပြုမူတတ်ခြင်း၊ ရိုးရာဓလေ့များကို လိုက်နာခြင်း၊ စည်းကမ်းစနစ်ရှိခြင်း၊ မျှတစွာ ပြောဆိုတတ်ခြင်း၊ သည်းခံစိတ်ရှိခြင်းတို့က မည်မျှအရေးကြီးကြောင်း တွေ့ရမည်ဖြစ်သည်။ ထိုသဘောတရားများသည် အများနှင့် ပေါင်းသင်းဆက်ဆံရေးနှင့် လုပ်ငန်းလုပ်ဆောင်ရေးတွင် အောင်မြင်ရေးသော့ချက်များအဖြစ် တရုတ်တို့က ယနေ့တိုင် လိုက်နာနေကြောင်းတွေ့ရမည်ဖြစ်သည်။ ယင်းသဘောတရားများကို လက်ခံလိုက်နာပြီး စီမံခန့်ခွဲမှုများ ပြုလုပ်ပါက အောင်မြင်ရမည်ဟု ဆိုသည်။ ထို့ကြောင့်တရုတ် စီမံခန့်ခွဲရေး ပညာရပ်များတွင် ကွန်ဖြူးရှပ်အတွေးအမြင်များကို ယနေ့တိုင်ထည့်သွင်းသင်ကြားနေကြခြင်းဖြစ်သည်။

စီးပွားရေးဆိုင်ရာ ဒဿနအမြင်များထဲတွင် ကွန်ဖြူးရှပ်အတွေးအမြင်များ စိုးမိုးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ တရုတ်တို့အမြင်တွင် ထိုသဘောတရားအတိုင်းလုပ်၊ ထိုသဘောတရားအတိုင်း အုပ်ချုပ်လျှင်တိုင်း ပြည်တစ်ပြည်တွင် အကျင့်ပျက်ခြင်း၊ လာဘ်စားခြင်းစသည့် တစ်ကိုယ်ကောင်း ဖောက်ပြန်မှုများ ကင်းဝေးနိုင်မည်ဟူ၍လည်း လက်ခံထားကြသည်။ ကွန်ဖြူးရှပ်၏ သဘာဝအတိုင်းဖြစ်အောင် နေထိုင်ခြင်း၊ သဘာဝကို မဆန့်ကျင်ခြင်း၊ သဘာဝနှင့် မျှတအောင် နေထိုင်နည်းများသည် လူ့လောကတွင် အားလုံးနှင့် သဟဇာတဖြစ်အောင် နေထိုင်ခြင်းလည်း ဖြစ်သည်။ သဘာဝကို ဆန့်ကျင်လိုက်လျှင် ပျက်စီးမှုကိုသာ ရင်ဆိုင်ကြုံတွေ့ရမည်။ 

အရာရာကို မျှတစွာဆက်ဆံရေးသည် အရေးကြီးသည်။ အောင်မြင်သည့် လုပ်ငန်းရှင်တစ်ဦးဖြစ်လိုပါက ကိုယ်ကျင့်တရား၏ အရေးပါပုံကို ကောင်းစွာဆင်ခြင်နိုင်ရမည်။ အုပ်ချုပ်ရေး၌သာမဟုတ် စီးပွားရေးအလုပ်တွင်လည်း ကိုယ်ကျင့်တရားကို တန်ဖိုးထားသူသာ အောင်မြင်မှုကိုရရှိနိုင်သည်။ ကွန်ဖြူးရှပ်ပြောသည့် “တန်ဖိုး” ဆိုသည်မှာ “တရားနည်းလမ်းကျကျ လုပ်ကိုင်ဆောင်ရွက်ခြင်း” ဖြစ်သည်။ တရားနည်းလမ်းကျကျ လုပ်ကိုင်နိုင်သူ၊ စီမံဆောင်ရွက်နိုင်သူသည်သာ နယ်ပယ်တိုင်းတွင် အောင်မြင်သူတစ်ယောက်ဖြစ်နိုင်သည်။

ကွန်ဖြူးရှပ်အတွေးအမြင်များကို အရာရာလက်ခံကျင့်သုံး၍မဖြစ်ဟု ခေတ်သစ်ပညာရှင်များက ဝေဖန်ကြပါသည်။ ဥပမာ - ဆန်းသစ်တီထွင်ခြင်းအပိုင်းဖြစ်သည်။ သူက အစဉ်အလာကို လက်ခံရမည်ဟုဆိုလျှင် တီထွင်ဖန်တီးမှုများကို ဆန့်ကျင်ရာရောက်သွားမည်။ တိုးတက်တီထွင်မှုများကိုတော့ လက်သင့်ခံရမည်သာဖြစ်သည်။ အစဉ်အလာကိုလည်း မကောင်းလျှင် သို့မဟုတ် ခေတ်စနစ်နှင့် မလျော်ညီလျှင် ပယ်ကောင်းပယ်ရမည်။ အစဉ်အလာသည် အမြဲ ဖက်တွယ်ထားရန် မဟုတ်ကြောင်း ဝေဖန်ခဲ့ကြသည်။

ကွန်ဖြူးရှပ်က တရားနည်းလမ်းကျကျ၊ မျှမျှတတလုပ်ရန် တိုက်တွန်းသည်။ စီးပွားရေးလုပ်ငန်းတိုင်းတွင် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရတတ်သည်။ ပြိုင်ဘက်နှင့် ဈေးကွက်ကို ရယူရေးကိစ္စတွင် တရားနည်းလမ်းကျရန် လိုအပ်ပါသလားဟူ၍လည်း ထောက်ပြကြသည်။ ကိုယ်ကျင့်တရားကို စောင့်ထိန်းရန်မှာ အရေးကြီးကြောင်း မှန်ပါသည်။ သို့သော် ကိုယ်လျှော့သလို သူမလျှော့လျှင် လုပ်ငန်းများတွင် မည်သို့ ရင်ဆိုင်ကြမည်နည်းဟူ၍လည်း ဝေဖန်ကြသည်။ စီးပွားရေးဆိုသည်မှာ အကျိုးအမြတ်ရရေးကို ဦးတည်လုပ်ဆောင်ကြခြင်းဖြစ်သည်။ အကျိုးအမြတ်အတွက် တိုက်ခိုက်ရမှုများလည်း ရှိကောင်းရှိနိုင်သည်။ ကိုယ်ကျင့်တရားကို အမြဲစောင့်ထိန်းရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကိုလည်း ဝေဖန်ဆန်းစစ်လာကြသည်။

  • TAGS