News

POST TYPE

TIP

ဗြိတိန်နေ ရုရှားသူလျှို အဆိပ်ခတ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ရုရှားနိုင်ငံကို အမေရိကန်ပြည်ထောင်စု ဒဏ်ခတ်အရေးယူ
10-Aug-2018


ဝါရှင်တန်၊ ဩဂုတ် ၉

ဗြိတိန်နိုင်ငံတွင်နေထိုင်သော ရုရှားသူလျှိုကို ရုရှားတို့က နာ့ဗ်အဆိပ်အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရပြီးနောက် ရုရှားနိုင်ငံကို ဒဏ်ခတ်အရေးယူမှုသစ်များ ပြဋ္ဌာန်းရန်ဆုံးဖြတ်လိုက်ကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုသည်။ 

BBC သတင်းဖော်ပြချက်တွင် ရုရှားသူလျှို ဆာဂျီစကရီပါနှင့် သူ၏သမီးဖြစ်သူ ယူလီယာတို့သည် ဆယ်လီဘူရီတွင် အဆိပ်ဖြင့်တိုက်ခိုက်ခံခဲ့ရမှုကြောင်း ပြင်းစွာနေထိုင်မကောင်းဖြစ်ခဲ့ရကြောင်း၊ သို့သော် ယခုအခါ နှစ်ဦးစလုံး ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။ 

ဗြိတိန်အာဏာပိုင်များ၏ စုံစမ်းဖော်ထုတ်ချက်အရ အဆိုပါတိုက်ခိုက်မှုကို ရုရှားတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသော်လည်း ရုရှားအစိုးရကမူ ၎င်းတို့ ပါဝင်ပတ်သက်ခြင်းမရှိဟု ပြင်းထန်စွာ ငြင်းဆန်ခဲ့သည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်အရေးယူမှုသစ်များကို ရုရှားနိုင်ငံက လွန်စွာရက်စက် ကြမ်းတမ်းလွန်းသည့်လုပ်ရပ်ဟု သတ်မှတ်ဖော်ပြသည်။ 

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သောကြေညာချက်တွင် “ရုရှားနိုင်ငံသည် ဓာတုသို့မဟုတ် ဇီဝလက်နက်များအသုံးပြုခြင်းဖြင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့သည်၊ သို့မဟုတ် ပြင်းထန်သည့် ဓာတု သို့မဟုတ် ဇီဝလက်နက်များသုံးကာ ၎င်း၏ နိုင်ငံသားများကို တိုက်ခိုက်ခဲ့သည်”ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဟီသာနူးဟတ်က ဖော်ပြသည်။ 

ရုရှားအပေါ် အမေရိကန်ပြည်ထောင်စုက ယင်းသို့ ဒဏ်ခတ်အရေးယူမှုသစ်များ ချမှတ်လိုက်ခြင်းကို ကြိုဆိုကြောင်း ဗြိတိန်အစိုးရက ကြေညာသည်။ 

အမေရိကန်ပြည်ထောင်စုအခြေစိုက် ရုရှားသံရုံးကမူ ယင်းသို့ ဓာတုလက်နက်အသုံးပြုကာ တိုက်ခိုက်ခဲ့သည်ဟူသော ကိစ္စမှာ ယုတ္တိမရှိသော စွပ်စွဲချက်သာဖြစ်ကြောင်း တုံ့ပြန်သည်။ 

“ဆယ်လီဘူရီတွင်ဖြစ်ပေါ်ခဲ့သော အမှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြုလုပ်သွားရေးသည် ကျွနု်ပ်တို့၏ ခိုင်မာသောရပ်တည်မှုပင်ဖြစ်သည်”ဟု ရုရှားသံရုံးက ထုတ်ပြန်သော ကြေညာချက်က ဆိုသည်။ 

အမေရိကန် ဒဏ်ခတ်အရေးယူမှုသစ်များမှာ လာမည့် ဩဂုတ်လ ၂၂ ရက် နေ့တွင် သက်ဝင်မည်ဖြစ်သည်။ ယင်းပိတ်ဆို့မှု အစီအစဉ်သစ်အရ ရုရှားနိုင်ငံမှတင်ပို့မည့် အီလက်ထရွန်နစ်ပစ္စည်းများနှင့် အခြားနည်းပညာများကို ပိတ်ဆို့မည်ဖြစ်သည်။ 

အမေရိကန်အစိုးရ အရာရှိတစ်ဦးကမူ ယခုလို နိုင်ငံသားများကို ဓာတုသို့ မဟုတ် ဇီဝလက်နက်အသုံးပြုကာ ရုရှားအစိုးရက တိုက်ခိုက်သည်ဟု အမေရိကန်ပြည်ထောင်စုက ဆုံးဖြတ်ခြင်းသည် တတိယအကြိမ်ဖြစ်သည်ဟု ဆိုသည်။ ယခင်ဖြစ်ရပ်များမှာမူ ဆီးရီးယားနှင့် မြောက်ကိုရီးယားတို့ဖြစ်သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် ဇွန်လတွင်း အမေရိကန်ပြည်ထောင်စုက ရုရှားကုမ္ပဏီများနှင့် ရုရှားလူမျိုး လူပုဂ္ဂိုလ်သုံးဦးတို့ကို အမေရိကန်ပြည်ထောင်စုအပေါ် ဆိုက်ဘာတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဒဏ်ခတ်အရေးယူခဲ့သေးသည်။ 

F-01


  • VIA