News

POST TYPE

TIP

နိဟွန်းမြေက သဘာဝဘေးအစီအမံများ
09-Aug-2018
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဩဂုတ်လတုန်းက ဂျပန်နိုင်ငံ တိုဟိုးဂုဒေသကို သဘာဝဘေးအန္တရာယ်လျော့ပါးရေးသင်တန်းတက်ဖို့ သွားရောက်ခွင့်ရခဲ့တယ်။ သင်တန်းမှာမှာ မြင်တွေ့ခွင့်ရခဲ့တဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအခြေအနေတွေနဲ့ပတ်သက်လို့ ကိုယ်မြင်ရတွေ့ရသလိုလေး၊ ကိုယ်ခံစားနားလည်မိသလိုလေးတော့ ပြန်လည်မျှဝေတင်ပြဦးမှ တာဝန်ကျေလိမ့်မယ်လို့ ခံစားမိလာပါတယ်။ 

သင်တန်းမှာ မြန်မာနိုင်ငံက သင်တန်းသားကိုယ်စားလှယ် ၁၅ ဦး ပါဝင်ခဲ့ပါတယ်။ သင်တန်းရဲ့ ရည်ရွယ်ချက်တွေကတော့ ဂျပန်နိုင်ငံ၊ တိုဟိုးဂုဒေသမှာ ဆောင်ရွက်နေတဲ့ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းတွေကို လေ့လာဖို့၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လေ့လာဖို့၊ ဂျပန်နိုင်ငံမှာဆောင်ရွက်နေတဲ့ သဘာဝဘေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများရဲ့ အခြေခံသမိုင်းနှင့် ပညာပေးရေး၊ လေ့ကျင့်ရေးဆိုင်ရာလုပ်ငန်းတွေကို လေ့လာဖို့၊ သဘာဝဘေးစီမံခန့်ခွဲမှုနှင့်ပတ်သက်တဲ့ ဂျပန်နိုင်ငံရဲ့ အတွေ့အကြုံများနှင့် လူမှုရေးဆိုင်ရာနောက်ခံသမိုင်းများကို ကွင်းဆင်းလေ့လာပြီး လက်တွေ့ဆောင်ရွက်နေသူများနှင့် အပြန်အလှန်နှီးနှောဖလှယ်နိုင်စေဖို့ ဖြစ်ပါတယ်။

ဒီနေရာမှာတော့ ခရီးစဉ်မှာကြုံတွေ့ရသမျှ အခြေအနေတွေကို အနုစိတ်ခြယ်မှုန်းမှာမဟုတ်ဘဲ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လို့ သူတို့တွေ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ချဉ်းကပ်ဖြေရှင်းနေကြသလဲဆိုတဲ့ အပိုင်းလေးတွေကို ကိုယ်နားလည်ခံစားမိသလိုလေးနဲ့ အကျဉ်းချုပ်တင်ပြသွားမှာပါ။

ဂျပန်နိုင်ငံက သဘာဝဘေးအန္တရာယ်တွေကို နှစ်စဉ်ရင်ဆိုင်ရလေ့ရှိတာမို့ သူနဲ့ပတ်သက်တဲ့ဥပဒေတွေကိုလည်း တော်တော်များများ ရေးဆွဲပြဋ္ဌာန်းထားတယ်။ သဘာဝဘေး ကယ်ဆယ်ကူညီရေးဥပဒေ၊ ရေဘေးကာကွယ်ရေးဥပဒေ၊ ဆောက်လုပ်ရေးဥပဒေ၊ တောင်ခေါင်းတုံးမြေရိုင်းပြုပြင်ခြင်းနှင့် မြစ်ချောင်းတွင်း ရေကြီးရေလျှံမှုထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ် ဖြေရှင်းဆောင်ရွက်မှုဥပဒေ၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ၊ ပြင်းထန်သော သဘာဝဘေးတွန်းလှန်ရေးအတွက် ငွေကြေးအထူးထောက်ပံ့ရေးဆိုင်ရာဥပဒေ၊ မိုးကြီးသည့်ဒေသအရေး အထူးဖြေရှင်းဆောင်ရွက်ရေးဥပဒေ၊ ငလျင်ကြီးများ အထူးဖြေရှင်းဆောင်ရွက်ရေးဥပဒေ၊ နျူကလီးယားစွမ်းအင် မတော်တဆဘေးအစီအမံနှင့် အထူးဖြေရှင်းဆောင်ရွက်ရေးဥပဒေ စသည်အားဖြင့် ကဏ္ဍတစ်ခုချင်းစီအလိုက် ဥပဒေတွေပြဋ္ဌာန်းထားသလို သက်ဆိုင်ရာဒေသအလိုက် သီးခြားဥပဒေတွေလည်း ပြဋ္ဌာန်းထားပါတယ်။ 

သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းတွေကို နိုင်ငံတော်၊ မြို့တော်နှင့်ခရိုင်၊ ကျေးလက်မြို့ရွာ၊ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပြည်သူများဆိုပြီးတော့ အဆင့်ငါးဆင့်ခွဲပြီး လုပ်ကိုင်ဆောင်ရွက်ကြပါတယ်။ နိုင်ငံတော်အဆင့်က နိုင်ငံတစ်ဝန်းလုံးအတွက် သဘာဝဘေးကာကွယ်ရေးအစီအမံတွေ၊ ပြန်လည်ထူထောင်ရေး စီမံကိန်းရေးဆွဲအကောင်အထည်ဖော်မှုလုပ်ငန်းတွေ၊ ဒေသတွင်း အများပြည်သူဆိုင်ရာအဖွဲ့အစည်းတွေ၊ အာဏာပိုင်အဖွဲ့အစည်းတွေက ဖြေရှင်းရမယ့် သဘာဝဘေးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတွေအပေါ် ညှိနှိုင်းဆောင်ရွက်မှုတွေပြုလုပ်တာနဲ့ ကုန်ကျစရိတ်ကျခံသုံးစွဲပေးတာတွေ ဆောင်ရွက်ပါတယ်။

မြို့တော်နှင့် ခရိုင်အဆင့်က သက်ဆိုင်ရာနယ်မြေရဲ့ သဘာဝဘေးဆိုင်ရာ စီမံကိန်းတွေ ရေးဆွဲအကောင်အထည်ဖော်တာတို့၊ အာဏာပိုင်အဖွဲ့အစည်းတွေ ဖြေရှင်းဆောင်ရွက်တဲ့စီမံကိန်းတွေမှာ ကူညီဆောင်ရွက်ပေးတာတို့ ပြုလုပ်ပါတယ်။

ကျေးလက်မြို့ ရွာအဆင့်တွေက နယ်မြေဧရိယာအလိုက် သဘာဝဘေးကာကွယ်ရေးစီမံကိန်းတွေ ရေးဆွဲပြီး အကောင်အထည်ဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်ကြပါတယ်။

အာဏာပိုင်အဖွဲ့အစည်းတွေဘက်က နိုင်ငံတော်၊ မြို့တော်နှင့် ခရိုင်တွေမှာရှိတဲ့ သဘာဝဘေးကာကွယ်ရေးစီမံကိန်းတွေ အဆင်ပြေပြေ ရေးဆွဲအကောင်အထည်ဖော်နိုင်စေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။

ဒေသခံပြည်သူတွေကတော့ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် အခြားပစ္စည်းတွေ စုဆောင်းထားတာတို့၊ မိမိတို့ကိုယ်တိုင် အသင့်ပြင်ဆင်ထားရမယ့်ကိစ္စတွေ ဆောင်ရွက်တာတို့၊ ဇာတ်တိုက်လေ့ကျင့်မှုတွေမှာ ပူးပေါင်းပါဝင်တာတို့ ဆောင်ရွက်ကြပါတယ်။

အထက်မှာတင်ပြထားတဲ့ အဆင့်ငါးဆင့်ကို ချုပ်လိုက်ရင် နိုင်ငံတော်၊ အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများရယ်လို့ အပိုင်းသုံးပိုင်းကိုသာ တွေ့ရမှာဖြစ်ပါတယ်။

သူတို့တွေရေးဆွဲထားတဲ့စီမံချက်တွေကို လေ့လာတဲ့အခါမှာလည်း ငလျင်ဘေးအစီအမံ၊ ဆူနာမီဘေးအစီအမံ၊ လေဘေးရေဘေးအစီအမံ၊ မီးတောင်ပေါက်ကွဲမှုဘေးအစီအမံ၊ နှင်းထုကြီးကျဆင်းမှုဘေးအစီအမံ၊ ပင်လယ်ရေကြောင်း မတော်တဆဘေးအစီအမံ၊ လေကြောင်းမတော်တဆ ဘေးအစီအမံ၊ ရထားလိုင်း မတော်တဆဘေးအစီအမံ၊ ကားလမ်းမတော်တဆ ဘေးအစီအမံ၊ နျူကလီးယားစွမ်းအင်မတော်တဆဘေး အစီအမံ၊ အန္တရာယ်ရှိပစ္စည်း မတော်တဆဘေးအစီအမံ၊ မီးလောင်ကျွမ်းမှုမတော်တဆဘေး အစီအမံ၊ တောမီးလောင်ကျွမ်းမှု မတော်တဆဘေးအစီအမံ စတာတွေကို တစ်ခုချင်းစီအလိုက် ဘေးမဖြစ်မီအခြေအနေအတွက် ဆောင်ရွက်ရမယ့် အစီအမံတွေ၊ ဘေးဖြစ်ပွားနေချိန်မှာ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရမယ့် အစီအမံတွေနဲ့ ပြန်လည်ထူထောင်ရေးကာလမှာ ဆောင်ရွက်ရမယ့် အစီအမံတွေဆိုပြီးတော့ အပိုင်းကြီးသုံးပိုင်းစီခွဲပြီး ဆောင်ရွက်ထားကြတာကို တွေ့ရပါတယ်။

သဘာဝဘေးအန္တရာယ်လျော့ပါးရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ချက်တွေကို ယေဘုယျခြုံကြည့်လိုက်ရင် ဒီလိုတွေ့ရပါတယ်-

(၁) သဘာဝဘေးကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းများ ထိန်းသိမ်းရေး၊
(၂) ပညာပေးရေးနှင့် ဇာတ်တိုက်လေ့ကျင့်ရေး၊
(၃) ကယ်ဆယ်ရေးပစ္စည်းတွေ၊ အခြားလိုအပ်တဲ့ပစ္စည်းတွေ စုဆောင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေး၊
(၄) ဘေးသင့်ချိန်မှာ အပြန်အလှန်ကူညီဆောင်ရွက်ရေးအတွက် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊
(၅) ကူညီစောင့်ရှောက်သူများရဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက်ရေး၊
(၆) ဘေးသင့်ချိန်မှာ အရေးပေါ်သတိပေးချက် ထုတ်ပြန်ကြေညာရေး၊ ဘေးရှောင်ခိုလှုံရေးတိုက်တွန်းချက်၊ ညွှန်ကြားချက်များထုတ်ပြန်ရေး၊
(၇) မီးငြှိမ်းသတ်ရေး၊ ရေဘေးကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး၊
(၈) ဘေးသင့်ပြည်သူများ ကူညီကယ်ဆယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊
(၉) သဘာဝဘေးဒဏ်ခံ ကလေးသူငယ်များ၊ ကျောင်းသားများကို အရေးပေါ် နှစ်သိမ့်ဆွေးနွေးပညာပေးရေး၊
(၁၀) စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲရေး၊ သန့်ရှင်းရေး၊ ကူးစက်ရောဂါမဖြစ်ပွားအောင် စီမံခန့်ခွဲရေးနှင့် ပြည်သူ့ကျန်းမာရေး၊
(၁၁) ရာဇဝတ်မှုတားဆီးကာကွယ်ရေး၊ ကူးသန်းသွားလာမှုထိန်းချုပ်ရေးနှင့် ဘေးသင့်ဒေသ ရပ်ရွာအေးချမ်းသာယာရေး၊
(၁၂) အရေးပေါ် သယ်ယူပို့ဆောင်ရေး။

သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက် ဆောင်ရွက်ရာမှာ မိမိကိုယ်ကိုယ်ကူညီခြင်း၊ အပြန်အလှန်ကူညီခြင်းနှင့် အများပြည်သူဆိုင်ရာအဖွဲ့အစည်းများက ကူညီခြင်းဆိုပြီးတော့ ကူညီခြင်းပုံစံ သုံးပိုင်းခွဲထားပြီး စနစ်တကျ လေ့ကျင့်ပညာပေးထားတာကို တွေ့ရပါတယ်။ ဘေးတစ်ခုဖြစ်လာရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် လွတ်အောင်ရုန်းရမယ်တဲ့။ ကိုယ့်အသက်ကိုယ်လွတ်အောင်ရုန်းပြီးရင် ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင် စသည်အားဖြင့် အချင်းချင်းကူညီကယ်ဆယ်ရမယ်တဲ့။ ပြီးတော့မှ အများပြည်သူဆိုင်ရာအဖွဲ့အစည်းတွေက ကူညီကယ်ဆယ်တဲ့နေရာမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ရမယ်တဲ့။ 

သူတို့ဆီက ဆောင်ရွက်ချက်တွေကို အကျဉ်းချုပ်ပြောရရင်တော့ ဒီလောက်ပါပဲ။ သက်ဆိုင်ရာဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းထားတယ်။ လိုအပ်တဲ့ စီမံချက်တွေ ပြည့်ပြည့်စုံစုံရေးဆွဲထားပြီးတော့ အဲ့ဒီအတိုင်း စနစ်တကျ အကောင်အထည်ဖော်တယ်။ ဘယ်အချိန်မှာ ဘယ်သူတွေက ဘာလုပ်ရမယ်ဆိုတဲ့ ကိုယ်စီတာဝန်တွေကို သေသေချာချာ ခွဲဝေသတ်မှတ်ထားပြီးတော့ ဘေးမဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီးအချိန် သုံးပါးစလုံးမှာ ဆောင်ရွက်ရမယ့် တာဝန်တွေကို ကိုယ်စီကိုယ်စီ လိုက်နာဆောင်ရွက်ကြတယ်။ ဒီလောက်ပါပဲ။ ဒါပေမဲ့ အဲ့ဒီဒီလောက်ဆိုတဲ့ဟာက အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုတာကို လက်တွေ့သိမြင်ခွင့်ရခဲ့ပါတယ်။

ဂျပန်က သဘာဝဘေးကို အမြဲတမ်းရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခုပါ။ နှစ်တိုင်းလည်းဖြစ်နေတယ်။ ပျက်စီးဆုံးရှုံးမှုတွေ၊ အသေအပျောက်တွေလည်း ရှိတယ်။ ဒါပေမဲ့ ဖြစ်တဲ့အတိုင်းအတာနဲ့စာရင်တော့ ထိခိုက်ဆုံးရှုံးမှုက သိပ်မများဘူးလို့ ပြောနိုင်မယ်ထင်ပါတယ်။ သဘာဝဘေးကို ဘာကြောင့် ကြံ့ကြံ့ခံနေနိုင်ရသလဲဆိုတဲ့ဟာကို အဖြေရှာကြည့်လိုက်တော့ အချက်သုံးချက်လောက်တွေ့ရတယ်လို့ အကြမ်းဖျင်းပြောနိုင်မှာပါ။

ဂျပန်တွေက ငွေကြေးအင်အား၊ ပစ္စည်းပစ္စယအင်အား၊ နည်းပညာအင်အားကောင်းတယ်။ မြို့ကို ပင်လယ်ရေလှိုင်းတွေပုတ်နိုင်လို့၊ မြစ်ရေကြီးနိုင်လို့ဆိုတဲ့အခြေအနေမျိုးမှာဆိုရင် တာရိုးမြင့်မြင့်ကြီးတွေကို ငွေကြေးအမြောက်အမြားအကုန်အကျခံပြီး တည်ဆောက်ထားလိုက်တယ်။ တချို့နေရာတွေမှာ မြို့ရဲ့မြေပြင်ကို မြေဖို့ပြီး မြှင့်လိုက်ကြတယ်။ တချို့မြို့လေးတွေကျတော့ နိမ့်တဲ့အပိုင်းကအိမ်တွေကို တောင်ကုန်းပေါ်မြေထိုးညှိပြီး ပြန်လည်နေရာချထားရေး လုပ်လိုက်ကြတယ်။ တချို့မြို့လေးတွေကျတော့ တစ်မြို့လုံးကို မြင့်ရာရွှေ့ပစ်လိုက်နိုင်ကြတယ်။ ဒီလိုမျိုး ငွေကြေးအင်အား၊ ပစ္စည်းအင်အား အလုံးအရင်းနဲ့ အင်တိုက်အားတိုက်ဆောင်ရွက်နိုင်တာက ပထမအချက်ပါ။

ဒုတိယအချက်ကတော့ လိုအပ်တဲ့ဥပဒေတွေ၊ နည်းဥပဒေတွေ အသေးစိတ်ပြဋ္ဌာန်းထားတယ်။ မဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီးအချိန်သုံးပါးစလုံးအတွက် စီမံချက်မျိုးစုံရေးဆွဲထားပြီးတော့ ဒီစီမံချက်တွေကိုလည်း တကယ့်လက်တွေ့နယ်ပယ်မှာ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ကြတယ်။

တတိယအချက်ကတော့ နိုင်ငံတော်အပိုင်း၊ ဒေသအာဏာပိုင်တို့ရဲ့ အပိုင်းအပြင် သဘာဝဘေးနဲ့ပတ်သက်လို့ ပုဂ္ဂလိကအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရမ်းကိုကောင်းနေတာကို လေ့လာသိရှိခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။ ဒီသုံးချက်ညီနေတော့ သဘာဝဘေးစီမံခန့်ခွဲမှုက တော်တော်လေးထိရောက်မှုအားကောင်းနေတာကို တွေ့ရတာဖြစ်ပါတယ်။

ဒီသုံးချက်အားကောင်းနေတော့ အထက်မှာတင်ပြခဲ့တဲ့ လုပ်ငန်း ၁၂ ရပ်ကိုလည်း ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်တာကို တွေ့ရပါတယ်။

သဘာဝဘေးကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေကို အဆင့်ဆင့် ဖွဲ့စည်းထားပြီးတော့ ဖွဲ့စည်းထားတဲ့အတိုင်းလည်း တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်နေကြတယ်။ သဘာဝဘေးပညာပေးရေးလုပ်ငန်းတွေ၊ ဇာတ်တိုက်လေ့ကျင့်ရေးလုပ်ငန်းတွေမှာလည်း ပြည်သူတွေဘက်က စိတ်ဝင်တစားနဲ့ ပါဝင်ဆောင်ရွက်ကြတဲ့အကြောင်း မှတ်တမ်းဓာတ်ပုံတွေအရ သိခွင့်ရခဲ့တယ်။ ရပ်ရွာအခြေပြု သဘာဝဘေးစီမံခန့်ခွဲရေးဆောင်ရွက်နေသူတွေနဲ့ အပြန်အလှန် အမြင်ချင်းဖလှယ်ကြည့်တော့လည်း ဒီလူတွေက တကယ့်ကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး လုပ်ကိုင်နေကြတယ်ဆိုတာကို သိမြင်ခွင့်ရခဲ့ပါတယ်။ 

ကယ်ဆယ်ရေးပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ၊ အရေးပေါ်လိုအပ်မယ့် လူ့အသုံးအဆောင်ပစ္စည်းတွေကိုလည်း မြို့တိုင်းမှာ ဂိုဒေါင်ကြီးတွေနဲ့ နေရာသုံးလေးခုစီလောက် ဖြန့်ခွဲသိုလှောင်ထားတဲ့အပြင် အိမ်တိုင်းအိမ်တိုင်းမှာလည်း အရေးကြုံလာရင် သုံးဖို့အတွက် လက်နှိပ်ဓာတ်မီး၊ ရေဒီယို၊ အစားအစာ အခြောက်အခြမ်း စတာတွေ အသင့်ထားရှိဖို့ ညွှန်ကြားထားတယ်။ လိုက်နာမှုလည်းရှိတယ်လို့ ပြောပါတယ်။ ဂိုဒေါင်ထဲက စားစရာတွေကိုတော့ သက်တမ်းကုန်ခါနီးတိုင်း လဲလှယ်ပြီးတော့ အသစ်ပြန်ထည့်ပေးတယ်လို့ဆိုပါတယ်။ 

ဘေးအန္တရာယ်ကျရောက်တဲ့အချိန်မှာ အပြန်အလှန်ကူညီကြဖို့ ပုဂ္ဂလိကကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ နားလည်မှုစာချွန်လွှာတွေ၊ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးထားကြတာကိုလည်း တွေ့ရပါတယ်။ ကူညီစောင့်ရှောက်သူများရဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက်လည်း စနစ်တကျ ကြိုတင်စီစဉ်မှုတွေ လုပ်ထားကြပါတယ်။

ဘေးသင့်ချိန်မှာ အရေးပေါ်သတိပေးချက်ထုတ်ပြန်ကြေညာရေးအတွက်လည်း အဆင့်မြင့်နည်းပညာတွေနဲ့ စဉ်ဆက်မပြတ်စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်ထားတယ်။ ဆူနာမီလှိုင်းလိုဟာမျိုးဖြစ်လာရင် ရှောင်ချိန်တိမ်းချိန်က တစ်မိနစ်ဆို တစ်မိနစ် အရေးကြီးတဲ့အတွက် တတ်နိုင်သမျှ သတိပေးချက် နောက်မကျစေရေးကို အလေးထားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မီးလောင်ရင် ဘယ်လိုငြှိမ်းမယ်၊ ရေဘေးဖြစ်လာရင် အရေးပေါ် ဘာတွေတုံ့ပြန်ဆောင်ရွက်မယ်ဆိုတဲ့ အစီအစဉ်တွေကိုလည်း အမြဲတမ်းအသင့်ဖြစ်နေအောင်၊ အသက်ဝင်နေအောင် ဆောင်ရွက်ထားကြပါတယ်။ ကူညီကယ်ဆယ်ရေးအတွက်လည်း တတ်နိုင်သမျှ ဘက်စုံထောင့်စုံက ကြိုတင်ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ 

ပြန်လည်ထူထောင်ရေးကာလမှာ အဆောက်အအုံတွေ၊ အိုးအိမ်တိုက် တာတွေ၊ အခြေခံအဆောက်အဦတွေ ပြင်ဆင်တာအပြင် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည်ပြုစုပျိုးထောင် ရေးလုပ်ငန်းတွေလည်း အလေးထားပြီး လုပ်ပေးကြတာကို တွေ့ရပါတယ်။ ကလေးတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့အတွက် စာသင်ကျောင်းတွေမှာ နှစ်သိမ့်ဆွေးနွေးရေး ပညာရှင်တစ်ဦးစီဖြစ်စေ၊ နှစ်ကျောင်း သုံးကျောင်းပေါင်း တစ်ဦးဖြစ်စေ သီးသန့်ထားပြီးတော့ အားငယ်မှု၊ အထီးကျန်မှု၊ အများနဲ့ မဝင်ဆံ့လိုတော့မှု စတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကုစားပေးပါတယ်။ မိသားစုတွေမကျန်တော့ဘဲဖြစ်သွားတဲ့ သက်ကြီးဘိုးဘွားတွေကိုလည်း ကျောင်းသားလူငယ်လေးတွေက အနီးကပ်နေထိုင်ပြီး အားပေးစကားပြောတာတို့၊ ပြုစုစောင့်ရှောက်တာတို့ကို စေတနာ့ဝန်ထမ်း လူငယ်လေးတွေရဲ့အကူအညီနဲ့ ဆောင်ရွက်တယ်လို့ သိရပါတယ်။

ဘေးဖြစ်ပြီးတဲ့အချိန်မှာ ညစ်ပတ်စုတ်ပြတ်နေတဲ့ ပစ္စည်းပစ္စယတွေကို အမျိုးအမည်ခွဲခြားပြီး သန့်ရှင်းရေးလုပ်ရတာလည်း တော်တော်ခက်ခဲတဲ့အလုပ်တစ်ခုပါ။ ဒီဟာတွေလုပ်တော့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေသာမက စေတနာ့ဝန်ထမ်းတွေရဲ့အားကိုလည်း အများကြီးယူခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဘေးသင့်ချိန်မှာ သဘာဝဘေးနဲ့အတူ ရာဇဝတ်မှုတွေဖြစ်ပေါ်မလာဖို့ တားဆီးကာကွယ်တာတို့၊ ကူးသန်းသွားလာမှု ကန့်သတ်ထိန်းချုပ်တာတို့၊ လှည့်ကင်းပတ်ကင်း ဆောင်ရွက်တာတို့ကိုလည်း တာဝန်ရှိသူတွေအပြင် ပြည်သူတွေပါ ပူးပေါင်းပါဝင်ကြတာကို တွေ့ရပါတယ်။ 

အရေးပေါ်သယ်ယူပို့ဆောင်ရေးအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းတွေအပြင် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးပြီးတော့ ကြိုတင်ညှိနှိုင်းထားတာတွေ လုပ်ထားပါတယ်။

စိတ်ဝင်စားစရာကောင်းတာတစ်ခုက သဘာဝဘေးဆိုင်ရာ သုတေသနဌာနဆိုပြီးတော့ သီးသန့်ဖွဲ့စည်းထားတာလည်း တွေ့ခဲ့ရပါတယ်။ တက္ကသိုလ်ပါမောက္ခတွေ ပါဝင်လှုပ်ရှားနေကြသလို ဒီဌာနကနေလည်း သီးသန့်သင်ကြားရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ဘယ်ခေတ်ဘယ်အခါက၊ ဘယ်နေရာမှာ၊ ဘယ်လိုသဘာဝဘေးမျိုး၊ ဘယ်အတိုင်းအတာအထိဖြစ်ပွားခဲ့တယ်၊ ဘယ်လောက်အထိ ပျက်စီးဆုံးရှုံးမှုရှိခဲ့နိုင်တယ်ဆိုတာတွေကိုလည်း စနစ်တကျ သုတေသနပြုပြီး သမိုင်းကြောင်းဆိုင်ရာ အထောက်အထားတွေကို စုစည်းပြသထားတာတွေလည်း ရှိပါတယ်။ အဲ့ဒီဌာနက သူ့တက္ကသိုလ်မှာသူ သုတေသနလုပ်ငန်းတွေဆောင်ရွက်နေတဲ့အပြင် ဘေးသင့်မြို့ရွာတွေကိုလည်း လိုက်ပြီးတော့ သုတေသနလုပ်ငန်းတွေ ပူးပေါင်းကူညီလုပ်ကိုင်ပေးနေပါတယ်။

သူတို့လုပ်တဲ့သုတေသနတွေထဲမှာ ဘေးဖြစ်တာက ဘယ်အချိန်မှာ စဖြစ်တယ်၊ ဒီသတင်းကို ဘယ်နေရာက လူတွေက ဘယ်အချိန်မှာ စရတယ်၊ ဘယ်အချိန်မှာ စတင်တိမ်းရှောင်တယ်၊ ဘယ်လိုနည်းလမ်းနဲ့ တိမ်းရှောင်တယ် (ခြေလျင်လား၊ စက်ဘီးနဲ့လား၊ ဆိုင်ကယ်နဲ့လား၊ ကားနဲ့လား)၊ ဘယ်အချိန်မှာ ဘယ်နေရာကိုရောက်တယ်၊ ဘယ်လမ်းမကြီးမှာတော့ ယာဉ်ကြောတွေပြွတ်သိပ်ကျပ်တည်းသွားပြီးတော့ ရှေ့ကိုမတိုးနိုင်အောင် ဖြစ်သွားခဲ့တယ်၊ လမ်းမှာတင် ဆူနာမီလှိုင်းထဲပါသွားတာက ဘယ်နှယောက်လောက်ရှိတယ် စသည်အားဖြင့် တော်တော်လေးကို အသေးစိတ်သုတေသနပြုထားတာကို တွေ့ရပါတယ်။

သုတေသနပြုလို့ရလာတဲ့ အချက်အလက်တွေကိုလည်း ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိနိုင်အောင် ချပြထားတယ်။ တချို့မြို့တွေမှာဆို မိုဘိုင်းလ်အပလီကေးရှင်းလေးတစ်ခုထည့်ပြီး အင်တာနက်ချိတ်ကြည့်လိုက်ရင် နေရာတစ်ခုမှာ ဖွင့်ကြည့်လိုက်တာနဲ့ ဘယ်နှခုနှစ် ဆူနာမီလှိုင်းတုန်းက ဒီနေရာမှာ ဘယ်နှပေအထိ ရေလွှမ်းခဲ့တယ်၊ လှိုင်းက ဘယ်နှကြိမ်ပြန်ပုတ်တယ်၊ ဘယ်လိုအဆောက်အအုံတွေအထိ ပြိုလဲနိုင်တယ် စတဲ့အချက်အလက်တွေကို အလွယ်တကူ ကြည့်နိုင်မြင်နိုင်အောင် လုပ်ထားပါတယ်။

သက်ဆိုင်ရာမြို့ရွာတွေအလိုက်၊ ရပ်ကွက်တွေ၊ ကျောင်းတွေအလိုက် သဘာဝဘေးအခြေပြမြေပုံတွေ ရေးဆွဲပြုစုထားတာလည်း တွေ့ရပါတယ်။ ရေဘေးဖြစ်ရင် ဘယ်နေရာကိုပြေးရမယ်၊ ဘယ်လမ်းကြောင်းတွေကပြေးရင် လွတ်နိုင်မယ်၊ ငလျင်ဘေးဖြစ်ရင် ဘယ်လိုနေရာတွေကို ခိုလှုံသင့်တယ်၊ မုန်တိုင်းကျလာရင် ဘယ်လိုအဆောက်အအုံထဲမှာ နေသင့်တယ် စတဲ့အချက်အလက်တွေကိုလည်း သက်ဆိုင်ရာပုဂ္ဂိုလ်တွေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်စေပြီးတော့ ရေးဆွဲပြုစုထားပါတယ်။ ဒီမြေပုံတွေအတိုင်း ဇာတ်တိုက်လေ့ကျင့်မှုတွေ ပြုလုပ်ပါသတဲ့။ ဇာတ်တိုက်လေ့ကျင့်မှုမှာလည်း အစုအဖွဲ့လိုက်လှုပ်ရှားမှုတွေအပြင် တစ်ခုခုဖြစ်တာနဲ့ ကိုယ့်ကိုယ်ကိုယ် အရင်လွတ်အောင် ဘယ်လိုတုံ့ပြန်ဆောင်ရွက်ရမလဲဆိုတဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုလေးတွေကိုလည်း ဂိမ်းကစားနည်းလိုဟာမျိုးလေးတွေနဲ့ အလျင်အမြန်တုံ့ပြန်တတ်အောင် လေ့ကျင့်ပေးကြတာကို တွေ့ရပါတယ်။

ပြီးတော့ အင်ဂျင်နီယာပိုင်းဆိုင်ရာမှာလည်း ဆောက်တဲ့အဆောက် အအုံမှန်သမျှက သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်အောင် အတတ်နိုင်ဆုံး ပြင်ဆင်ဆောက်လုပ်ထားပါတယ်။ စာသင်ကျောင်းလို၊ ဆေးရုံလိုဟာမျိုးတွေ၊ အများပြည်သူဆိုင်ရာအဆောက်အအုံတွေကိုလည်း ဘေးသင့်ချိန်မှာ ကယ်ဆယ်ရေးစခန်းအဖြစ်ပါ အသုံးပြုနိုင်စေမယ့် ဒီဇိုင်းမျိုးဖြစ်အောင် စီမံဆောက်လုပ်ထားတာကို တွေ့ရပါတယ်။ 

ဆူနာမီလှိုင်းလိုဟာမျိုးက ဖြစ်လာရင် ပြေးလွှားချိန်ရဖို့ အလွန်ခက်ခဲတာမို့ သတင်းအမြန်ထုတ်ပြန်ကြေညာနိုင်ဖို့၊ ဖုန်းလိုင်းပြတ်တောက်ရင် ဘာနဲ့ကြေညာမလဲ၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ကြေညာမလား စသည်အားဖြင့် ပြည်သူလူထုဆီကို သတင်းစကားတိုက်ရိုက်၊ အမြန်ရောက်နိုင်စေဖို့လည်း ပြင်ဆင်ထားပါတယ်။

ဂျပန်ကတော့ သဘာဝဘေးကို ခဏခဏကြုံတွေ့ရင်ဆိုင်နေရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သဘာဝဘေးစီမံခန့်ခွဲမှုနှင့်ပတ်သက်လို့လည်း အတွေ့အကြုံတွေရင့်ကျက်ပြီးတော့ စနစ်တကျစီမံနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါတောင်မှ ပြီးပြည့်စုံတဲ့ပြင်ဆင်မှုမျိုးတော့ ဘယ်သူမှ မလုပ်နိုင်သေးပါဘူး။ ဖြစ်လာရင်တော့ ထိခိုက်ပျက်စီးမှုတွေရှိတာပါပဲ။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်မှုအားမကောင်းတာနဲ့စာရင်တော့ ထိခိုက်ပျက်စီးမှုနည်းတာကို တွေ့ရမှာပါ။

အစပိုင်းမှာ စကားပလ္လင်ခံခဲ့သလိုပဲ ဒီစာစုလေးက ကာလတိုသင်တန်းလေးမှာ ကြုံတွေ့သိမြင်ခွင့် ရခဲ့သမျှတွေထဲက မှတ်မိသမျှလေးတွေကို ခံစားနားလည်မိသလို ပြန်လည်တင်ပြခြင်းသာ ဖြစ်ပါတယ်။ သူလုပ်သမျှတိုင်းဟာတော့ ကိုယ့်ဆီနဲ့ အံဝင်ခွင်ကျဖြစ်ချင်မှဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် သဘာဝဘေးဒဏ်ကို အလူးအလဲခံရနေကျ နေရာတစ်ခုဆီက အတွေ့အကြုံ ဗဟုသုတတွေကို ရခဲ့သမျှလေး ပြန်လည်မျှဝေခြင်းအားဖြင့် အသုံးတည့်တာတွေကိုလည်း ယူနိုင်သလို အသုံးမတည့်တာတွေကိုလည်း ပယ်နိုင်မှာဖြစ်တဲ့အတွက် အထိုက်အလျောက်တော့ဖြင့် အကျိုးရှိတန်ကောင်းရဲ့လို့ တွေးဆပြီးတော့ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

ယူသင့်တာယူ၊ ပယ်သင့်တာပယ်၊ ပြင်သင့်တာတွေပြင်၊ ဖြည့်သင့်တာတွေ ဖြည့်ပြီးတော့ ကိုယ့်နေရာ ကိုယ့်ဒေသအတွက် ပိုမိုထိရောက်ကောင်းမွန်တဲ့ အစီအမံတွေကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင်တော့ ရှောင်လွှဲလို့မရနိုင်မယ့် သဘာဝဘေးအန္တရာယ်တွေကို ထိခိုက်ပျက်စီးမှုအနည်းဆုံးနဲ့ ရင်ဆိုင်အန်တုနိုင်ကြလိမ့်မယ်လို့ ယုံကြည်မိကြောင်းပါခင်ဗျာ။ ။ 

သိုက်စိုးထွန်း (နတ်ရွာ)