News

POST TYPE

TIP

ဒေါ်နယ်ထရမ့်နှင့် G7 ခေါင်းဆောင်များ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စိန်ခေါ်မှုကိစ္စများအပေါ် သဘောကွဲလွဲ
10-Jun-2018


တိုရန်တို ဇွန် ၉

စက်မှုအင်အားကြီး ၇ နိုင်ငံ G7 ခေါင်းဆောင်များသည် ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ရန်အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရပြီး အမေရိကန်နှင့် မဟာမိတ်များအကြား နက်ရှိုင်းစွာ သဘောကွဲလွဲနေမှုကြောင့် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ဖွယ်မရှိ ဟု DW သတင်းတွင် ဖော်ပြထားသည်။

ခေါင်းဆောင်များသည် ကုန်သွယ်ရေးစည်းမျဉ်းများအပေါ် ထရမ့်၏ ထိုးနှက်မှု၊ ရာသီဥတုပြောင်းလဲမှုနှင့် အီရန်နျူကလီးယားစာချုပ်တို့အပေါ် သဘောကွဲလွဲမှုများမှ အစပြုခဲ့သော ကွာဟမှုများကို ပြန်စေ့နိုင်ရန် သောကြာနေ့က ကြိုးစားခဲ့ကြသည်။

ညီလာခံအိမ်ရှင် ကနေဒါက သံမဏိနှင့် အလူမီနီယမ်အပေါ် ထရမ့်အစိုးရ၏ အခွန်ချမှတ်မှုသည် တရားမဝင်ဟု ပြောကြားခဲ့သည့်တိုင်အောင် သမ္မတထရမ့်က ညီလာခံပထမနှစ်ရက်တွင် တိုးတက်မှုများစွာရှိခဲ့သည်ဟု မှတ်ချက်ပေးသည်။

ကနေဒါ၊ အီးယူနှင့် မက္ကဆီကိုမှ သံမဏိနှင့် အလူမီနီယံတင်သွင်းမှုများအပေါ် အခွန်ချမှတ်မည့် ထရမ့်၏ ဆုံးဖြတ်ချက်သည် အနောက်အုပ်စု မဟာမိတ်များကို အမျက်ထွက်စေခဲ့ပြီး ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားမည့် အလားအလာများကို အစပျိုးလျက်ရှိသည်။

ထရမ့်နှင့် ပွင့်လင်းစွာ နှစ်ကြိမ်ဆွေးနွေးခဲ့သော ပြင်သစ်သမ္မတ မက်ခရွန်က အကောင်းဘက်မှ ရှုမြင်ရန် ကြိုးစားခဲ့ပြီး ကုန်သွယ်ရေးကိစ္စနှင့်ပတ်သက်၍ “ခက်ခဲတဲ့လမ်းဖြစ်ပါတယ်။ အားလုံး အတူတကွ တိုးတက်နိုင်မယ့် လမ်းကြောင်းရှိပါတယ်”ဟု မှတ်ချက်ပေးသည်။

ကရိုင်းမီးယားကျွန်းဆွယ် ကျူးကျော်မှုကြောင့် G8 အဖွဲ့မှ ထုတ်ပယ်ခံထားရသော ရုရှားကို ကြွယ်ဝသောနိုင်ငံများ၏ အီလစ်အုပ်စုတွင် ပါဝင်ခွင့်ပေးသင့်သည်ဟု ထရမ့်က အကြံပြုလိုက်သောအခါ ဝါရှင်တန်နှင့် အခြား G7 နိုင်ငံများအကြား အကျပ်ရိုက်မှုပမာဏကို သတိပြုစရာဖြစ်လာခဲ့သည်။ 

ထရမ့်၏အကြံပြုမှုသည် ဝါရှင်တန်နှင့် မဟာမိတ်များအကြားမှ အခြားကွဲလွဲမှုများကို ဖိအားပေးမည့် အိမ်ရှင်နိုင်ငံကို စောစောစီးစီး အာရုံလွှဲပစ်ခြင်း ဖြစ်ပုံရသည်။

ယူကရိန်းပြဿနာ ဖြေရှင်းမပြီးမချင်း ရုရှားအား ပြန်ဝင်ခွင့်ပေးရန် စည်းကမ်းသတ်မှတ်ချက်များ မပြီးပြတ်သေးဟု ဥရောပနိုင်ငံများက ဆုံးဖြတ်ထားသောကြောင့် သူကြွယ်အုပ်စုတွင် ရုရှားပါဝင်ရေးကိစ္စကို အစကတည်းက အစည်းအဝေးအစီအစဉ်တွင် ထည့်သွင်းထားခြင်း မရှိပေ။

ညီလာခံသို့ အီးယူကိုယ်စားပြုတက်ရောက်လာသော ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တပ်စ်က ထရမ့်အစိုးရနှင့် ကျန် G7 တစ်ဖွဲ့လုံးအကြား ကုန်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် အီရန်နျူကလီးယားစာချုပ်ကိစ္စများတွင် ထင်ရှားသော ကွဲလွဲမှုများရှိနေကြောင်းနှင့် စည်းမျဉ်းအခြေပြု နိုင်ငံတကာစနစ်ကို စိန်ခေါ်နေသူမှာ အခြားသူများမဟုတ်ဘဲ ပင်မဗိသုကာ အမေရိကန်ဖြစ်နေခြင်းမှာ အံ့အားသင်စရာဖြစ်ကြောင်း ပြောကြားသည်။

ထရမ့်နှင့် အနောက်အုပ်စု မဟာမိတ်များအကြား ကုန်သွယ်ရေး၊ သံတမန်ရေး အငြင်းပွားမှုသည် လစ်ဘရယ် ဒီမိုကရေစီ နှင့် အခြေခံလွတ်လပ်ခွင့်များ ဆိတ်သုဉ်းသွားစေမည့် အနောက်အုပ်စုအလွန် ကမ္ဘာ့ပုံစံသစ်တစ်မျိုးဖြစ်ပေါ်အောင် ကြိုးပမ်းနေသူများ၏ လက်အတွင်းသို့ သက်ဆင်းသွားရုံသာ ရှိလိမ့်မည်ဟု ၎င်းက ဆိုသည်။

ထိုအချက်ကို ပေါ်လွင်စေသော သတင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို သောကြာနေ့က ဘေဂျင်းတွင် ကြိုဆိုဧည့်ခံခဲ့သည့် သတင်းဖြစ်သည်။

ပြင်သစ်သမ္မတ မက်ခရွန်က G7 အုပ်စုမှ ကျန် ၆ နိုင်ငံသည် ထရမ့်မပါဘဲ ပူးတွဲကြေညာချက်ကို လက်မှတ်ထိုးထုတ်ပြန်ရန် သဘောတူကြလိမ့်မည်ဟု အစည်းအဝေးမစမီကတည်းက ပြောဆိုထားသည်။

အဓိကကျသော သဘောကွဲလွဲမှုများကို ထည့်သွင်းထုတ်ပြန်ရန် မဖြစ်နိုင်တော့ကြောင်း ထင်ရှားနေသော်လည်း သမ္မတထရမ့်ကမူ အပြီးသတ်ပူးတွဲကြေညာချက်ကို သဘောတူညီမှုရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်သည် ညီလာခံသို့ နောက်အကျဆုံး ရောက်ရှိလာခဲ့သူဖြစ်ပြီး ဇွန် ၁၂ ရက်တွင် စင်ကာပူ၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုတင်ပြင်ဆင်ရန် စနေနေ့တွင် အဦးဆုံး ပြန်လည်ထွက်ခွာသွားမည်ဟု မျှော်လင့်ရသည်။

F-01