POST TYPE

TIP

ကိုယ့်အားကိုယ်ကိုး စီးပွားတိုးခဲ့သူ ဂျိုကမ်ဖေး (Zhou Qunfei)
09-Jun-2018

ကမ်ဖေးသည် အလွန်ဆင်းရဲသည့်ဘဝမှ သူဌေးဘဝရောက်လာသူဖြစ်သည်။ အလွန်ဘဝနာခဲ့သော အမျိုးသမီးဖြစ်သည်။ ယခုအခါ ကိုယ့်အားကိုယ်ကိုး (မိဘချမ်းသာသောကြောင့်မဟုတ်) ကိုယ့်စီးပွားကိုယ်ရှာ ဖောက်ထွက်ခဲ့သူများတွင် ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ထားခြင်းခံရသည်။ 

သူသည် ဆင်းရဲလွန်းသောကြောင့် အထက်တန်းရောက်မှ ကျောင်းထွက်ခဲ့ရသည်။ ဘွဲ့လည်းမရ။ အသေးစားနာရီထုတ်လုပ်သည့် လုပ်ငန်းလေးတစ်ခုတွင် တစ်လ ယွမ် ၁၈၀ ဖြင့် ဝင်လုပ်ခဲ့ရသည် အလုပ်သမားဘဝမှ ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၉ ဘီလီယံကျော် ချမ်းသာသူဘဝ ရောက်ခဲ့ရသည်။ 

အသက် ၄၈ နှစ်သာရှိသေးသည့် ကမ်ဖေးတစ်ယောက် အဘယ်ကြောင့် ဤဘဝရောက်ခဲ့ရသနည်း။ သူ့အတွေးအမြင်များကို ပြန်လည်သုံးသပ်လေ့လာသင့်ပါသည်။

သူသည် ယနေ့အထိ တစ်နေ့လျှင် ၁၈ နာရီခန့် အလုပ်လုပ်နေဆဲဖြစ်သည်။ သူ့ရုံးခန်းထောင့်တွင် ရေခဲသေတ္တာ၊ မီးဖိုနှင့် အိုးများကိုထားသည်။ အလုပ်ခန်းကို သူ့ဘဝအဖြစ် သတ်မှတ်ထားသည်။ စက်ရုံရုံးခန်းထဲတွင်ပင် အိပ်ခန်းလေးတစ်ခုရှိသည်။ ထိုအခန်းထဲတွင် အိပ်ရာနှင့် သူ့အဝတ်အစားတွေကိုထားသည်။

“ကျွန်မ ဒီမှာပဲအိပ်ပြီးတော့ အလုပ်လုပ်ခဲ့တာ ၂ နှစ်လောက်ကြာတယ်” ဟု သူကဆိုသည်။ သူထူထောင်ခဲ့သည့် Lens Technology ကုမ္ပဏီ၏ ၇ ခုမြောက်စက်ရုံထဲတွင်နေပြီး သူမည်မျှကြိုးစားခဲ့ရကြောင်းကို ပြောပြနေခြင်းဖြစ်သည်။

သူ့ကို ဟူနန်နယ်ရှိ ရွာလေးတစ်ရွာတွင် မွေးဖွားခဲ့သည်။ ငယ်စဉ်ကတည်းက တိရစ္ဆာန်အစာကျွေးပြီး ဝမ်းကျောင်းခဲ့ရသည်။ ဖခင်က ဒုက္ခိတဖြစ်နေသည်။ မောင်နှမသုံးဦးတွင် သူတစ်ဦးသာ ကျောင်းတက်ခွင့်ရသည်။ သို့သော် အသက် ၁၆ နှစ်တွင် အိမ်က ကျောင်းဆက်မထားနိုင်သောကြောင့် အထက်တန်းတွင် ကျောင်းထွက်ခဲ့ရသည်။

“ကျွန်မမှာ ဘာဘွဲ့လက်မှတ်မှမရှိပါဘူး။ ဒါကြောင့် အစိုးရအလုပ်ကိုရှာဖို့လည်း အလွန်ခက်ခဲ့ပါတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ပဲ ကြိုးစားခဲ့ပါတယ်” ဟု သူကဆိုသည်။ 

“တရုတ်နိုင်ငံမှာက စီးပွားရေးက အရှိန်အဟုန်နဲ့တိုးတက်နေချိန်ပါ။ ဒါကြောင့် စွန့်ဦးလုပ်ငန်းရှင်တွေအတွက် အကောင်းဆုံးအခွင့်အလမ်းတွေ ရနေချိန်လို့ဆိုရမယ်။ အထူးသဖြင့်တော့ ကျွန်မတို့ အမျိုးသမီးတွေကိုပါ နိုင်ငံတော်က အခွင့်အရေးပေးချိန်မှ ကျွန်မလုပ်ငန်းကို ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ခဲ့တာပါပဲ”

တရုတ်ကွန်မြူနစ်ပါတီနှင့် ခေါင်းဆောင်ပိုင်းက အမျိုးသမီးများကို နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်နေချိန်တွင် တန်းတူအခွင့်အရေးများပေးခဲ့ခြင်းကလည်း ကမ်ဖေးကို မြင်းချိုတပ်ပေးလိုက်သလို ဖြစ်သွားစေခဲ့သည်ဟုဆိုရမည်။

သူလုပ်ငန်းလုပ်စဉ် ပထမဆုံးကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုကြီးတစ်ခုကို သူကပြန်ပြောပြသည်။ နာရီအတွက် မှန်များထုတ်လုပ်နေသည့် သူ၏ Lens Technology ကို လာရောက်ဆက်သွယ်သူမှာ ကမ္ဘာ့ကျော် Motorola ကုမ္ပဏီဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် သူ့ကို ပထမဆုံး လာရောက်ဆက်သွယ်ပြီး ဖုန်းမျက်နှာပြင်မှန်အတွက် မကွဲနိုင်သော၊ အစင်းအခြစ်မထင်နိုင်သော မှန်တစ်မျိုးကို ထုတ်ပေးနိုင်ပါ့မလားဟု ကမ်းလှမ်းခြင်းဖြစ်သည်။

“Motorola က သူ့ဘက်ကနေ အပြည့်အခွင့်အရေးတွေယူပြီးတော့မှ ကျွန်မကို ကမ်းလှမ်းတာ။ သူတို့က တကယ်လို့ ကျွန်မတို့ ထုတ်လုပ်ပေးလိုက်တဲ့ မှန်နဲ့ဖုန်းကို နာမည်ကျော်ဆယ်လီတစ်ဦးက သုံးပြီးတော့ လွတ်ကျတာ၊ ကွဲသွားတာ၊ ဒါမှမဟုတ် အစင်းအခြစ်တွေ ထင်သွားတယ်ဆိုရင် ဘာလုပ်မလဲလို့ အကဲစမ်းတဲ့ မေးခွန်းမျိုးမေးတယ်”ဟု ကမ်ဖေးက မကြောက်မရွံ့ တစ်ခွန်းတည်း ပြန်ဖြေလိုက်သည်။

“ကျွန်မမျက်နှာမှာ အစင်းအခြစ်ရာတွေ ထင်ကုန်အောင် ကျွန်မဘယ်တော့မှမလုပ်ဘူး” ဟူ၍ ဖြစ်သည်။ 

ထိုအချိန်က သူတို့ကုမ္ပဏီက Razr V3 မှန်တွေကို တီထွင်ထုတ်လုပ်ထားသည်။ ထိုမှန်များကို ထည့်သွင်းထားသည့် Motorola ထုတ် ဖုန်းတွေလည်း ချက်ချင်းနာမည်ကျော်သွားခဲ့ရသည်။ ကမ်ဖေးနှင့်ဆက်သွယ်ပြီး လေးနှစ်တိုင် ဖုန်းများကို ထုတ်လုပ်ခဲ့သည်။ ဖုန်းသန်းပေါင်း ၁၃၀ ကျော် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

Apple နှင့် Samsung ကုမ္ပဏီတို့ကအစ Lens Technology မှ ကိုယ်ပိုင်နည်းပညာဖြင့် ထုတ်လုပ်ထားသည့် ဖုန်းမျက်နှာပြင်မှန်များကို ဝယ်ယူသုံးစွဲနေကြရသည်။ အဘယ်ကြောင့်နည်း။ ကမ်ဖေးသည် ငယ်စဉ်ဘဝကတည်းက နာရီစက်ရုံတွင် အလုပ်လုပ်ခဲ့ရသူဖြစ်သည်။ သူလုပ်ခဲ့သည့် လုပ်ငန်းနှင့်အလုပ်အပေါ် စူးစမ်းလေ့လာပြီး အလွန်တန်ဖိုးထားခဲ့သည်။ ထို့ကြောင့်လည်း သူ့အလုပ်အကြောင်း သူကောင်းကောင်းသိသည်။

“ကျွန်မ သုတေသနလုပ်ငန်းတွေကို အရမ်းသဘောကျတယ်။ ပူးပေါင်းလုပ်ရတာလည်း ကြိုက်တယ်။ အရေးပါတဲ့ ပစ္စည်းတွေကို တီထွင်ရာမှာ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အကောင်းမြင်စိတ်တွေနဲ့ လုပ်ကြမှ ပိုပြီးအောင်မြင်နိုင်တယ်။ ကျွန်မဆိုရင် သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ယွမ် သန်း ၉၀၀ လောက် အသုံးပြုထားတယ်။ အဲဒီလိုရင်းနှီးမြှုပ်နှံလိုက်ရတဲ့အတွက် ကျွန်မ ပြန်ရတဲ့အကျိုးအမြတ်ကတော့ ယွမ် ၁ ဒသမ ၁ ဘီလီယံဖြစ်ပါတယ်” ဟု သူကဆိုသည်။ 

သူက အမျိုးသမီးတစ်ဦးဖြစ်ပြီး အောင်မြင်မှုသရဖူဆောင်းနိုင်ခြင်းနှင့်ပတ်သက်၍ ပြောပြချက်ကလည်း စိတ်ဝင်စားစရာဖြစ်သည်။

“ခုဆိုရင် ဘီလီယံကြွယ်တဲ့အမျိုးသမီးတွေ အများကြီးရှိလာပါပြီ။ ဒါကိုကြည့်ပြီးတော့ တရုတ်နိုင်ငံမှာတော့ အမျိုးသမီးတွေအားလုံး တန်းတူညီမျှ အခွင့်အရေးရကြတယ်လို့တော့ မထင်စေချင်ပါဘူး။ တရုတ်မှာ လိင်ခွဲခြားမှုတွေ ရှိနေဆဲပါ။ ဈေးကွက်မှာ အမျိုးသမီးတွေကို နေရာမပေးချင်တာတွေ အများကြီးရှိနေပါသေးတယ်။ အမျိုးသမီးတွေကို မငှားချင်တာ၊ နေရာမပေးချင်တာတွေရှိနေဆဲပါ။ ပိုဆိုးတာက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေကြသေးတာပါပဲ” ဟု သူက ရှင်းပြသည်။

မည်သို့ဆိုစေ ဂျိုကမ်ဖေးကတော့ စိန်ခေါ်မှုများကိုရင်ဆိုင်ဖြတ်သန်းကာ စံပြုလောက်အောင် ချမ်းသာလာခဲ့သူတစ်ဦး ဖြစ်လာခဲ့ရသည်။

  • VIA