News

POST TYPE

TIP

ဝဋ်ကြွေး
04-Jun-2018


“အမေ . . . ဒီမှာ ခဏလေးနေဦးနော် . . . သား . . . ဆေးလိပ်သွားဝယ်လိုက်ဦးမယ်”

“အမေတို့ ဘယ်ရောက်နေပြီလဲသား . . . ”

အမေအိုက စကားပြန်မရလိုက်သော်လည်း မျက်ရည်တွေ စီးကျလာသည်။

ညကတည်းက သူအိပ်ပျော်နေပြီ ထင်ပြီး သားနှင့် ချွေးမ ပြောကြသည့်စကားကို ကြားပြီးဖြစ်သည်။

“ရှင့်အမေ အကန်းကို ကျွန်မကပြုစုဖို့ ရှင့်ကိုယူခဲ့တာ မဟုတ်ဘူး။ မနက်ဖြန်မှ ရှင် . . . ဒီအကန်းကိုသွားပြီးတော့ တစ်နေရာရာမှာ မထားခဲ့ဘူးဆိုရင် ရှင်လည်း ပြန်မလာနဲ့။ ကျွန်မ အဆိုးလည်း မဆိုနဲ့နော်”

အမေအို မျက်ရည်တွေကိုသုတ်လိုက်ပြီး ခြေသံကိုနားစွင့်နေသည်။ သူ့သားလေးက ဆိုးမည်မထင်။ သူ့ကို စွန့်ပစ်ခဲ့တာ ဟုတ်မည်မထင်။ အချိန်တွေ ကြာသွားသည်။ ခြင်တွေကိုက်လာသည်။ မျက်နှာသုတ်ပဝါလေးကို ယမ်းရင်းက ခြေသံကြားလိုက်ရသဖြင့်

“သားလားဟင် . . . အမေ ဗိုက်ဆာနေပြီသား . . . အမေ့ကို မုန့်လေးတစ်ခုလောက် ကျွေးပါလား”

“ဒကာမကြီး ဘယ်ကလာတာလဲ . . . ဒီမှာ တစ်ယောက်တည်း ဘာလုပ်နေတာလဲ . . . မျက်စိ မမြင်ဘူးနဲ့ တူတယ်”

“သား .. သားလားဟင်”ဟု မေးလိုက်သည်။

“ဒကာမကြီး သားမဟုတ်ပါဘူး။ ဦးပဉ္ဇင်းပါ . . . ဒီကျောင်းကပါ”

“အလို . . . သံဃာတော်ပါလား . . . ကန်တော့ပါဘုရား . . . သားလေးမှတ်လို့ပါ”

“ဒကာမကြီးသားက ဘယ်သွားလို့လဲ”

“ဆေးလိပ် ဝယ်ဦးမယ်ဆိုပြီး ထွက်သွားတာ ကြာလှပေါ့ဘုရား။ ပြန်လည်းမလာဘူး။ တပည့်တော် ဆာလှပြီဘုရား။ ထင်ပါတယ် သူတို့ တပည့်တော်ကို ပစ်သွားကြပါပြီနဲ့တူတယ်”

“အကြောင်းစုံ ပြောပြပါလား ဒကာမကြီး”

အမေအိုက သူမ၏အကြောင်းများကို ဦးဇင်းအား ပြောပြနေသည်။ မျက်မမြင် လူပိုတစ်ယောက် ဖြစ်နေသည့် သူ့ကို နောက်ဆုံးတွင် မကြည်ဖြူသဖြင့် စွန့်ပစ်မည်ထင်ကြောင်းပြောကာ ငိုချလိုက်သည်။

“အို . . . ကြီးလှတဲ့ ဒုက္ခတွေပါလား . . . အေးလေ . . . ဒကာမကြီးသား လာပြီးတော့ ပြန်ခေါ်မှာပါ၊ တစ်ရက် နှစ်ရက်လောက် ဦးပဉ္ဇင်းကျောင်းမှာ စောင့်ကြည့်ပါလား . . . လာ . . . လာ . . . ဆွမ်းကျန်လေး မရှိလည်း ငှက်ပျောသီးလေးလောက်တော့ စားလို့ရမယ်ထင်တယ်”

ဦးပဉ္စင်းလေးက အမေအိုကိုတွဲကာ ကျောင်းထဲကိုခေါ်ရန် ပြင်လိုက်သည်။ အမေအိုက ထလိုက်ရာတွင် အင်္ကျီထဲက မှတ်ပုံတင် ထွက်ကျသွားသည်။ ဦးပဉ္ဇင်းလေးက မှတ်ပုံတင်ကို ကောက်ကြည့်လိုက်ပြီး ငေးငိုင်နေသည်။

အမည်၊ နေရပ် အားလုံး ကျွမ်းဝင်ဖူးသည့်နေရာများဖြစ်နေသည်။ သေချာသွားပြီ။ တွေ့လိုက်ကတည်းက စိတ်ထဲတွင် ရင်းနှီးနေသလိုဖြစ်နေသည်မှာ ခုတော့ရှင်းသွားသည်။

“ဒကာမကြီး . . . လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က သားတစ်ယောက်ကို လက်ဖက်ရည်ဆိုင်မှာ ထားသွားဖူးသလား”

“ဟင် . . . ကိုထွေး . . . ကိုထွေးလေးလားဟင်”

“ဒကာမကြီး ဦးပဉ္စင်းဘွဲ့အမည်က ဝိမလလို့ ခေါ်ပါတယ်။ ဘုရားသားတော်ပါ ဒကာမကြီး။ ချမ်းသာစွာနေပါ ကပ္ပိယကြီးက ထမင်းလာပေးလိမ့်မယ်”

Dhamma Lamp