News

POST TYPE

TIP

အီးမေးလ် မရှိသူ
04-Jun-2018


တစ်နေ့တွင် လူငယ်တစ်ယောက်သည် ကုမ္ပဏီကြီးတစ်ခုသို့ အလုပ်လာ လျှောက်သည်။ သန့်ရှင်းရေးလိုသည်ဆိုသောခေါ်စာကို သတင်းစာတွင် တွေ့သောကြောင့် လာလျှောက်ခြင်းဖြစ်သည်။

ရုံးမှရာထူးခန့်ထားရေးဌာနက ကောင်လေးကို လူတွေ့စစ်ဆေးသည်။ လက်တွေ့ သန့်ရှင်းရေးအလုပ်ကို လုပ်ခိုင်းကြည့်လိုက်သည်။ လုပ်ရည်ကိုင်ရည်ကို သဘောကျသဖြင့် “မင်းကိုခန့်မယ်” ဟု ကတိပေးလိုက်ကြသည်။

ရုံးမှအရာရှိက “မင်းကိုခန့်မယ်။ ကဲ မင်း အီးမေးလ်ကိုပေးခဲ့။ အီးမေးလ်ကနေ ဖြည့်ရမယ့်လျှောက်လွှာကို ပို့လိုက်မယ်။ ဖြည့်ပြီးတော့ ပြန်ပို့လိုက်။ လျှောက်လွှာပို့ပြီးရင် မင်း အလုပ်စဆင်းလို့ရပြီ”ဟု ပြောလိုက်သည်။

ကောင်လေးက “အဲဒါမှ ဒုက္ခပဲ၊ ကျွန်တော့်မှာ အီးမေးလ်လည်း မရှိဘူး”ဟု ပြန်ပြောလိုက်သည်။ အရာရှိက

“အီးမေးလ်မရှိဘူးဆိုတာ မင်းမှာ ကွန်ပျူတာလည်း မရှိဘူးလို့ ပြောလိုက်တာပေါ့။ ဒီလိုဆိုရင်တော့ စိတ်လျှော့လိုက်တော့။ မင်းမှာ အလုပ်လည်း မရှိတော့ဘူး”ဟုဆိုသည်။

လူငယ်လေးသည် စိတ်ပျက်စွာနှင့် အပြင်ကို ပြန်ထွက်လာသည်။ သူ့အိတ်ထဲတွင် ၁၀ ဒေါ်လာပဲ ရှိတော့သည်။ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ် ဈေးအနီးသို့ ရောက်လာခဲ့သည်။ သူက ဈေးထဲတွင် အလွန်လှသော ခရမ်းချဉ်သီးများကို တွေ့လိုက်ရပြီး ၁၀ ဒေါ်လာဖိုး အကုန်ဝယ်လိုက်ကာ တစ်အိမ်တက်ဆင်း လိုက်ရောင်းသည်။

နှစ်နာရီအတွင်း သူဝယ်လာသော ခရမ်းချဉ်သီးများ အားလုံး ကုန်သွားသည်။ သူက နောက်ထပ် ခရမ်းချဉ်သီးတွေ သွားထပ်ဝယ်ကာ လိုက်ရောင်းပြန်သည်။ တစ်နေ့တည်းမှာပင် သူမနက်က ရင်းနှီးထားသည့်ငွေထက် နှစ်ဆ ပြန်ရလာခဲ့သည်။ ထိုနေ့တစ်ရက်လုံး သူလှုပ်ရှားပြီးနောက် အိမ်သို့ ဒေါ်လာ ၆၀ ဖြင့် ပြန်လာနိုင်ခဲ့သည်။

ကောင်လေးသည် ဘဝတွင် ဤသို့ ကောင်းရောင်းကောင်းဝယ် လုပ်၍လည်း ငွေရှာနိုင်ကြောင်း သိလာသည်။ သူက နေ့စဉ် ဈေးမှလတ်ဆတ်သော သီးနှံများကိုဝယ်ပြီး လိုက်ရောင်းရင်းက ဖောက်သည်တွေ များလာသည်။ မကြာမီ လက်ပွေ့ရောင်းရာမှ လှည်းလေးနှင့်ဖြစ်လာသည်။ လှည်းလေးကို တွန်းနေသည့် ကောင်လေးသည် ကားတစ်စီးဖြင့် သီးနှံရောင်းချသူ ဖြစ်လာသည်။ ငါးနှစ်ကြာသည့်အခါတွင် စတိုးဆိုင်ကြီးတစ်ဆိုင် ဖွင့်လာနိုင်သည်အထိ အောင်မြင်လာသည်။

သူက တစ်နေ့တွင် ကုမ္ပဏီနှင့် မိသားစုအတွက် အာမခံထားရန် ကုမ္ပဏီတစ်ခုကို ဆက်သွယ်လိုက်သည်။ ကုမ္ပဏီကလည်း အာမခံ ကိုယ်စားလှယ်တစ်ဦးကို သူ့စတိုးဆိုင်ကြီးကို လွှတ်ပေးလိုက်သည်။ မှတ်မှတ်ရရ ထိုသူသည် တစ်ချိန်က အီးမေးလ် မရှိသောကြောင့် သူ့ကို အလုပ်မခန့်သည့်သူ ဖြစ်နေသည်။

စကားများ ပြောဆိုပြီးနောက် အာမခံ ကိုယ်စားလှယ်က “ကျေးဇူးပြုပြီး လူကြီးမင်းရဲ့ အီးမေးလ် ကျွန်တော့်ကို ပေးလိုက်ပါခင်ဗျာ။ အသေးစိတ်ကို ကျွန်တော် အီးမေးလ်ကနေ ပြန်ကြားပေးပါ့မယ်”

“ကျွန်တော့်မှာ အီးမေးလ်မရှိဘူးဗျ”

“အီးမေးလ်မသုံး ကွန်ပျူတာ မသုံးဘဲနဲ့ လူကြီးမင်း ဒီလို အနေအထားကို ဘယ်လိုများ ရောက်လာသလဲခင်ဗျာ”

“လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက ခင်ဗျားတို့ ကုမ္ပဏီမှာ သန့်ရှင်းရေးဝန်ထမ်း လာလျှောက်တုန်းက အီးမေးလ်မသုံးလို့ ခင်ဗျား မခန့်နိုင်ဘူးဆိုတဲ့ ကောင်လေးဟာ ကျွန်တော်ပေါ့ဗျာ”

An Email