News

POST TYPE

TIP

စတိဂျော့ (Steve Jobs) ၏ စီးပွားရေးဒဿန
12-May-2018



Apple ကုမ္ပဏီ၏ စီအီးအိုတာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူ စတိဂျော့ကို မဟာစွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီးအဖြစ် ခေါ်ဆိုထိုက်ကြောင်း သူတို့နိုင်ငံမှ စီးပွားရေးပညာရှင်များက အသိအမှတ်ပြုကြသည်။ သူ့ထံက နည်းယူစရာတွေများလှသည်။ သူ၏ စီးပွားရေးဒဿနကိုကြည့်လျှင် အချက် ၇ ချက်ပေါ်တွင် အခြေခံထားကြောင်းတွေ့ရသည်။

ကိုယ်မြတ်နိုးသည့်အလုပ်ကိုသာလုပ်ပါ

မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ ကိုယ်စိတ်ပါသည့်အလုပ်၊ ကိုယ်ဝါသနာပါသည့်အလုပ်၊ ကိုယ်လုပ်ချင်သည့်အလုပ်ကိုလုပ်မှ ပိုပြီးအောင်မြင်နိုင်ပါသည်။ စတိဂျော့က ယင်းကို soft skill တစ်ခုအနေနှင့် သတ်မှတ်ထားသည်။ သူအောင်မြင်ခဲ့သည့် လမ်းကြောင်းကိုကြည့်လိုက်လျှင်လည်း သူစိတ်ပါ၊ ဝါသနာပါရာလမ်းကြောင်းအတိုင်း လုပ်ခဲ့သောကြောင့် အောင်မြင်ခဲ့သည်များကိုသာတွေ့ရပါသည်။ ဂျော့သည် တစ်ချိန်က လူငယ်လုပ်ငန်းရှင်တစ်ဦးက အကြံဉာဏ်ပေးပါရန် မေတ္တာရပ်ခံခြင်းခံရသည်။ ဂျော့က

“အပြင်ကိုထွက်၊ အလုပ်ရှာ၊ စားပွဲထိုးပဲဖြစ်ဖြစ် သန့်ရှင်းရေးပဲဖြစ်ဖြစ် ရတာကိုလုပ်၊ ကိုယ့်အလုပ်အပေါ် မြတ်နိုးတန်ဖိုးထားလာတဲ့အထိလုပ်”ဟု အကြံပေးလိုက်သည်။ 

စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးအဖြစ် ခံယူချင်သူတစ်ဦးသည် အလုပ်ကိုကြိုးစားလုပ်ကိုင်ရန် လိုအပ်သလို၊ ဇွဲလုံ့လဝီရိယထုတ်ပြီး လုပ်ရန်လည်း လိုအပ်သည်။ သူက ဘာလုပ်လုပ် အားထုတ်လုပ်ခိုင်းသည်။ အားထုတ်ရာတွင်လည်း အားထုတ်ရမည့်အချိန်၊ အားထုတ်ရမည့်နေရာရောက်မှ အားကုန်ထည့်နိုင်ရမည်။ စစ်မရောက်ခင် မြားမကုန်သင့်ဆိုသည့် သဘောတရားကို သူကဆုံးမလေ့ရှိသည်။ သူ့ဝါဒက လုပ်ချင်လျှင် ချက်ချင်းထလုပ်ဖြစ်သည်။ မိုးမလင်းသေး၊ နေမထွက်သေးစောင့်နေစရာမလိုဟုဆိုသည်။

လူတွေ သတိထားလောက်အောင်လုပ်

ဒုံးပျံတစ်စီး ကောင်းကင်သို့တက်ရန် လောင်စာလည်းလိုသလို ဦးတည်ချက်လည်းလိုသည်။ ၁၉၇၆ ခုနှစ်က ဂျော့နှင့် သူ့သူငယ်ချင်း စတိဝေါ့ဇ်နစ်တို့သည် Apple ကုမ္ပဏီကို စတင်ထူထောင်ခဲ့ကြသည်။ ဂျော့၏ဦးတည်ချက်က လူတိုင်းကွန်ပျူတာကိုင်နိုင်ရေးဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် ကွန်ပျူတာကို GUI ခေါ် ပုံလေးတွေကိုဖွင့်သွားပြီး ကွန်ပျူတာသုံးနိုင်သည့်စနစ်ကို Xerox ကုမ္ပဏီက သရုပ်ပြသွားခြင်းအား ကြည့်လိုက်မိသည်။

ဂျော့က လူတိုင်းကွန်ပျူတာသုံးနိုင်ရေးဆိုသည်မှာ အလွန်လွယ်ကူမှဖြစ်မည်ကို ချက်ချင်းသဘောပေါက်သွားသည်။ သူ့စိတ်ကူးက Macintosh ဆိုသည့် ကွန်ပျူတာကို ပုံဖော်နိုင်ခဲ့သည်။ Xerox က စိတ်ကူးရသော်လည်း ဆက်မလုပ်။ သူတို့က မိတ္တူစက်ကို အာရုံရောက်နေချိန်တွင် ဂျော့က ကွန်ပျူတာဘက်တွင် ဆရာကြီးဖြစ်သွားသည်။ မြင်ကွင်းတစ်ခုတည်းကို လူနှစ်ယောက်ကြည့်သော်လည်း အမြင်ချင်း မတူနိုင်သည့်သဘောကို ဂျော့ကကောင်းစွာ ကျင့်သုံးသည်။ သူက ကုန်အမှတ်တံဆိပ်ကို အလေးအနက်ထားသည်။ လူစိတ်ဝင်စားပြီး တန်ဖိုးထားလေးစားသည့် ပစ္စည်းမျိုးဖြစ်ရန် သူက အမြဲအားထုတ်သည်။

ဦးနှောက်သုံးပါ

တီထွင်ဖန်တီးလိုစိတ်က အသစ်အဆန်းတွေကု ဖော်ထုတ်နိုင်သည်။ ဂျော့သည် တီထွင်ထားသည့်အရာရာတိုင်းကို အသေးစိတ်ပြန်ပြီး လေ့လာဆန်းစစ်တတ်သည်။ လူတွေ မေ့ကျန်နေခဲ့သည့်အပိုင်းကို သူကစိတ်ဝင်စားနေတတ်သည်။ ထိုမေ့ကျန်ခဲ့သော အစိတ်အပိုင်းလေးတစ်ပိုင်းက သူ့ဘဝအတွက် အောင်မြင်မှုကြီးတစ်ခုဖြစ်သွားနိုင်သည်။ သူက တရားထိုင်သည်။ အိန္ဒိယသွားသည်။ မာစီဒီးဘင့်ဇ်ကားကို သေသေချာချာ လေ့လာသည်။ ဂျော့သည် သူများစိတ်ကူးကို ဘယ်တော့မှမခိုး။ သူက ထပ်ဆင့်ပြီး တီထွင်ကာ ကွဲထွက်သွားအောင်ကြိုးစားတတ်သည်။

စိတ်ကူးကိုရောင်း၊ ထုတ်ကုန်ကိုမရောင်းနှင့်

ဂျော့က သူ့ Apple ကုမ္ပဏီကထုတ်ကုန်များကို ဝယ်သူများအား စားသုံးသူများဟု မည်သည့်အခါကမျှ မသတ်မှတ်ပေ။ သူတို့သည် မျှော်လင့်ချက်၊ အိပ်မက်နှင့် သုံးစွဲရန် ဆန္ဒရှိသူများအဖြစ်သာ မှတ်ယူထားသည်။ သူက လူတွေစိတ်ကူးထဲက သုံးစွဲလိုသည့် ပစ္စည်းများကို ထုတ်လုပ်တတ်သူဖြစ်သည်။ သူက-

“လူတွေက Mac ကွန်ပျူတာကိုဝယ်သုံးသူတွေဟာ အရူးတွေလို့ပြောကြတယ်။ သူတို့အရူးလို့ပြောသူတွေဟာ ပါရမီရှင်တွေဖြစ်နေတယ်” ဟု သူကဆိုသည်။ သုံးစွဲသူကို တကယ့်ပါရမီရှင်ဟု မြင်သူသည် သူတို့စိတ်နှင့် နှလုံးသားကို အောင်မြင်စွာ သိမ်းပိုက်နိုင်သူများဖြစ်သည်။

လူနားလည်အောင် တီထွင်ပါ

ဂျော့က “ကျွန်တော်ကတော့ ကျွန်တော်တို့ မလုပ်နိုင်တဲ့အပေါ်မှာ ဂုဏ်မယူဘူး။ လုပ်နိုင်တဲ့အပေါ်မှာပဲ ဂုဏ်ယူတယ်” ဟု ဆိုသည်။ သူသည် ရိုးရိုးလေးတွေ တီထွင်သည်။ သူထုတ်သည့်ပစ္စည်းတွေက ရိုးစင်းနေရမည်။ iPod နှင့် iPad တွေကိုကြည့်လိုက်လျှင် သိသာသည်။ သူက အရိုးဆုံး၊ အရှင်းဆုံးကို အကောင်းဆုံးဟု လက်ခံထားသူဖြစ်သည်။

အတွေ့အကြုံကို တန်ဖိုးထားပါ

ဂျော့က Apple ကို သုံးစွဲသူများအကြိုက် ဝန်ဆောင်မှုပေးရန် လုပ်ခိုင်းသည်။ Apple ပစ္စည်းများရောင်းသည့် နေရာကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်သည့် နေရာဖြစ်အောင် လုပ်ခိုင်းသည်။ Apple ဆိုင်တွင် ငွေကိုင်သီးသန့်မထား။ ဆိုင်တွင်ရှိသူအားလုံး ကွန်ပျူတာပစ္စည်းနှင့် ပတ်သက်သည့် ပညာရှင်တွေဖြစ်နေတတ်သည်။ သူက Apple တွင် လာဝယ်သူတိုင်းကို စီးပွားရေးလုပ်နေသည်ဟု မမြင်စေချင်။ နည်းပညာအရ အထောက်အကူပေးနေသည့် နေရာဟု မြင်စေချင်သည်။

တစ်ခုခုပေးပါ

ဂျော့သည် သူ့ပစ္စည်းကို ကောင်းစွာထုတ်ပြီး လူစိတ်ဝင်စားအောင်လုပ်တတ်သည်။ သူတီထွင်ထားသည်ကို လူတွေ စိတ်မဝင်စားလည်း ဂရုမစိုက်။ သူ့ပစ္စည်းက ဘာလုပ်နိုင်သည်ဆိုသော တစ်ခုခုကို ပေးနိုင်လျှင်တော်ပြီ။ အားလုံးသည်မတော်နိုင်။ အားလုံးသည် မအောင်မြင်နိုင်ဆိုသည့် သဘောတရားကို သူကောင်းစွာသဘောပေါက်ထားသည်။