News

POST TYPE

TIP

သင်္ကြန်အတွင်း တရားစခန်းဝင်လိုသူတွေအတွက်
06-Apr-2018


သင်္ကြန်အတွင်း တရားစခန်းဝင်ဖို့ စီစဉ်ထားတဲ့ သူတွေအတွက် တရားစခန်းဝင်ရောက်နိုင်မယ့် လိပ်စာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

လှိုင်မဟာစည်
လှိုင်မဟာစည် ၃၉ နှစ်ပြည့်နဲ့ မဟာသင်္ကြန် ဝိပဿနာတရားစခန်းကတော့ ဧပြီလ ၁၂ ရက်နေ့ကနေ ဧပြီလ ၂၈ ရက်နေ့အထိ မဟာသင်္ကြန်တွင်း အထူးတရားစခန်းအဖြစ် ဖွင့်လှစ်မှာဖြစ်ပါတယ်။ လှိုင်မဟာစည် ဆရာတော်ကြီးကိုယ်တိုင် အခြေခံကနေစတင်ပြီး သင်ပြဟောပြောပေးမှာဖြစ်ပြီး ဆွမ်း၊ ရေ၊ မီး အခမဲ့စရိတ်နဲ့ လာရောက် တရားစခန်းဝင်နိုင်မှာ ဖြစ်ပါတယ်။ တရားစခန်းဝင်လိုတဲ့ ယောဂီတွေ ကြိုတင်နာမည်စာရင်း ပေးသွင်းချင်ရင် ၁၁ ရပ်ကွက်၊ လှိုင်မြို့နယ် ဖုန်း-ဝ၁ ၅၂၆၁၈၂ နဲ့ ၅၁၉၇၅၀ တို့ကို ဆက်သွယ်ပေးသွင်းနိုင်ပါတယ်။ 

ကျိုက္ကလော့ ပရိယတ္တိစာသင်တိုက်ရဲ့ မိုးကုတ်ဝိပဿနာ တရားစခန်းပွဲ
သင်္ကြန်အတွင်း ၁၀ ရက်စခန်း ဝင်ချင်သူတွေအတွက် မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ရဲ့ နာယကဆရာတော် မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလော့ဆရာတော် ဘဒ္ဒန္တ ဒေါက်တာစန္ဒာဝရာဘိဝံသက ကြီးမှူးကျင်းပပေးတဲ့ တရားစခန်းပွဲကို ဧပြီလ ၈ ရက်နေ့ကနေ ဧပြီလ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ တရားစခန်းဝင်ရောက်တဲ့ ယောဂီတွေကို အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုပွဲနဲ့ အချိုရည်တွေကို လှူဒါန်းနိုင်မှာဖြစ်ပြီး အသေးစိတ်သိချင်တယ်ဆိုရင် ဖုန်း ဝ၉-၄၂၁၀၈၁၃၄၁ ကို ဆက်သွယ်နိုင်ပါတယ်။
မိုးကုတ် ဝိပဿနာ လက္ခဏာရာမ ကျောင်းတိုက်
သင်္ကြန်အတွင်းမှာ ၅ ရက်တရားစခန်း ဝင်ရောက်လိုသူတွေအတွက် မိုးကုတ်ဝိပဿနာ လက္ခဏာရာမ ကျောင်းတိုက်ရဲ့ သင်္ကြန်အထူးတရားစခန်းပွဲကို ဧပြီ လ ၁၃ ရက်နေ့ကနေ ဧပြီလ ၁၇ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပါတယ်။ ယောဂီဝင်ရောက်လို သူတွေက ဧပြီလ ၁၂ ရက်နေ့ ညနေ ၄ နာရီအရောက် တရားစခန်းကို လာရောက်ပေးရမှာဖြစ်ပြီး တစ်ပါတည်း ယူဆောင် လာရမှာတွေကတော့ မှတ်ပုံတင်မူရင်း၊ အိပ်ရာလိပ် အစုံအလင်၊ ယောဂီဝတ်စုံတွေနဲ့ ဆေးဝါးအသုံးအဆောင်ပစ္စည်းတွေပါ ယူဆောင်လာရမှာ ဖြစ်ပါတယ်။ ယောဂီဦးရေ ကန့်သတ်ထားတာကြောင့် ကြိုတင်စာရင်း ပေးသွင်းချင်ရင် အမှတ် ၅ ရပ်ကွက်၊ ချမ်းသာပြည့်စုံလမ်းနဲ့ အောင်တေဇလမ်းထောင့်၊ မရမ်းကုန်းမြို့နယ် ဖုန်း ဝ၉-၅၄၀၂၉၁၉ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

သဲအင်းဂူဓမ္မဗိမာန်တော်ကြီး
သဲအင်းဂူဓမ္မဗိမာန်တော်ကြီးရဲ့ ခုနစ်ရက်ပြုလုပ်မယ့် အဓိဋ္ဌာန်တရားစခန်းပွဲကို ပြောပြချင်တယ်။ ဒီတရားစခန်းပွဲကို ဧပြီလ ၁၂ ရက်နေ့ကနေ ဧပြီလ ၂၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး ကမ္မဋ္ဌာန စရိယ ဆရာတော် ဦးဇဝနတိက္ခ (မုံရွာ) အရှင်သူမြတ်က သမထဝိပဿနာတရားတော်တွေကို ဟောကြားပေးသွားမှာပါ။ တရားစခန်း ဝင်ရောက်လိုသူတွေက ဧပြီ လ ၁၂ ရက်နေ့ ညနေ ၅ နာရီအရောက် ကျောင်းကို လာရောက်ရမှာဖြစ်ပြီး မှတ်ပုံတင်မူရင်း ယူဆောင်လာရမှာဖြစ်ပါတယ်။ အသေးစိတ် သိချင်တယ်ဆိုရင် ဖုန်း ဝ၉-၄၂၈၆၂၃၉၉၆ နဲ့ ၇၉၇၉၉၉၉၅၁ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။  

သုညတဓမ္မမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ
ယခုနှစ်ဆိုရင် ၁၁၃ ကြိမ်မြောက်ပြုလုပ်မယ့် သာကေတမြို့နယ်၊ သုညတဓမ္မမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာမှာ သင်္ကြန် ၅ ရက် တရားစခန်းပွဲကို ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ ဧပြီလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီအရောက် ကျောင်းကို လာရောက်ရမှာဖြစ်ပြီး ဧပြီလ ၁၈ ရက်နေ့ နံနက်အရုဏ်ဆွမ်း သုံးဆောင်ပြီးတာနဲ့ တရားစခန်းကနေ ပြန်လည်ထွက်ခွာရမှာဖြစ်ပါတယ်။ သင်္ကြန်တွင်းလက်ခံမယ့် ယောဂီဦးရေမှာ ဒုလ္လဘရဟန်း ၁၀၈ ပါး၊ သီလရှင် ၄၀ ၊ ယောဂီအမျိုးသား ၅၀ ဦးနဲ့ အမျိုသမီး ၂၀၀ ဦးတို့ကို လက်ခံသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒုလ္လဘရဟန်းတွေကို သိမ်ဆင်းလောင်းချင်တယ်ဆိုရင် ညနေ ၅ နာရီ သံဃာတော်အပါး ၁၅၀ သိမ်ဆင်းမှာဖြစ်ပါတယ်။ တတ်အားသရွေ့လှူဒါန်းချင်တယ်ဆိုရင်လည်း သင်္ကန်းပရိက္ခရာအစုံ ၁၅,၀၀၀ ကျပ်၊ သီလရှင်ဝတ်စုံ ၁၀,၀၀၀ ကျပ်၊ အရုဏ်ဆွမ်း ၂၅၀,၀၀၀ ကျပ်၊ နေ့ဆွမ်း ၄၅၀,၀၀၀ကျပ်နဲ့ အချိုပွဲတွေက ကိတ် ၂၀၀,၀၀၀ ကျပ်၊ အအေးတွေက ၁၂၀,၀၀၀ ကျပ်နဲ့ ရေသန့်ဘူးကြီးတွေကို လှူဒါန်းနိုင်မှာဖြစ်ပါတယ်။ 

မိုးကုတ်ဝိပဿနာ စန္ဒာရာမတောရ ဓမ္မရိပ်သာ
မိုးကုတ်ဝိပဿနာ ၁၀ ရက် တရားစခန်းပွဲကို ဧပြီလ ၉ ရက်နေ့မှ ဧပြီလ ၁၈ ရက်နေ့အထိ ၁၀ ရက် တရားစခန်းပြုလုပ်သွားမှာ ဖြစ်ပါတယ်။ တရားစခန်း ဝင်ရောက်လိုတဲ့ ယောဂီတွေက ဧပြီလ ၈ ရက်နေ့ ညနေ ၄ နာရီအရောက် လာရောက်ရမှာဖြစ်ပြီး ရန်ကုန်မြို့ကနေ တရားစခန်းဝင်ရောက်လိုတဲ့ ယောဂီတွေအတွက် ယာဉ် အကြို၊ အပို အစီအစဉ်တွေလည်း ပြုလုပ်ထားပေးပါတယ်။ အကြို၊ အပိုအစီအစဉ်တွေနဲ့ သွားချင်သူတွေက ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၁နာရီ ဇေယျဝတီစာသင်တိုက် ပုညဝတီကျောင်း၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်ကို မွန်းလွဲ ၁ နာရီ အရောက်လာပေးရမှာဖြစ်ပါတယ်။ ကြိုတင် စာရင်းပေးသွင်းချင်ရင် တိုက်ကြီးမြို့၊ မိုးကုတ်ဝိပဿနာ စန္ဒာရာမတောရ ဓမ္မရိပ်သာဖြစ်ပြီး ဖုန်း ဝ၉-၂၆၃၆၆၄၀၅၁ နဲ့ ၄၂၀၁၃၈၁၈၇ ကို ဆက်သွယ်ပေးသွင်းနိုင်ပါတယ်။ 

ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ 
အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ ကျိုက်ခေါက်ဘုရားအနီး၊ သန်လျင်မြို့မှာ သင်္ကြန် အထူး ၅ ရက်တရားစခန်းပွဲကို ပြောပြချင်တယ်။ ဒီတရားစခန်းပွဲမှာ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဆရာကြီး ဒေါက်တာမင်းတင်မွန်က အဘိဓမ္မာတရားတွေကို ပို့ချသွားမှာဖြစ်ပြီး ဧပြီလ ၁၃ ရက်နေ့ကနေ ဧပြီလ ၁၇ ရက်နေ့အထိ အထူး ၅ ရက် တရားစခန်းပွဲပြုလုပ်သွားမှာ ဖြစ်ပါတယ်။ တရားစခန်းလာရောက်သူတွေက မှတ်ပုံတင်၊ ယောဂီဝတ်စုံ၊ ပန်းကန်၊ မတ်ခွက်၊ ဇွန်း၊ လက်သုတ်ပဝါ၊ အိပ်ရာ၊ ခြင်ထောင်နဲ့ အသုံး အဆောင်ပစ္စည်းတွေကို တစ်ပါတည်း ယူဆောင်လာရမှာဖြစ်ပြီး ကလေးတွေမခေါ်လာရန် မေတ္တာရပ်ခံထားပါတယ်။ လိပ်စာက သီလဝါလမ်းမပေါ်ရှိ အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရိပ်သာခွဲဖြစ်ပြီး ဖုန်း ဝ၉-၇၉၅၃၀၅၇၁၈ ကို ကြိုတင်စာရင်းပေးသွင်း နိုင်ပါတယ်။

မြတ်တံခွန် စာသင်တိုက်
သင်္ကြန် မိုးကုတ်ဝိပဿနာ တရားစခန်းပွဲကို ဧပြီလ ၁၃ ရက်နေ့ကနေ ဧပြီလ ၁၉ ရက်နေ့အထိ တရားစခန်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ တရားစခန်းဝင်လိုသူ ယောဂီတွေ နာမည်စာရင်း ကြိုတင်ပေးသွင်းနိုင်မှာဖြစ်ပြီး ယောဂီတွေအတွက် လှူဒါန်းချင်ရင် အရုဏ်ဆွမ်း ၁၅၀,၀၀၀ ကျပ်၊ နေ့ဆွမ်း ၂၀၀,၀၀၀ ကျပ်နဲ့ အချိုပွဲ အတွက်က ၅၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ အသေးစိတ်သိချင်တယ်ဆိုရင်တော့ မြတ်တံခွန်စာသင်တိုက် ဖုန်း ဝ၉-၅၁၁၉၉၇၀ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


  • VIA