News

POST TYPE

TIP

ကျောင်းသားလူငယ်များအတွက် ဘီလ်ဂိတ်စ် (Bill Gates) ၏ အမှာစကား
06-Apr-2018



သူသည် ဟားဗတ်ကျောင်းက ကျောင်းမပြီးမီ ထွက်ခဲ့သူတစ်ဦးဖြစ်သည်။ ကျောင်းတွင်လည်း စံပြုလောက်အောင်တော်သူ တစ်ယောက်မဟုတ်ခဲ့။ သို့သော် သူသည် ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတစ်ဦးဖြစ်နေသည်။ ချမ်းသာရုံမက ကမ္ဘာသူကမ္ဘာသား ဆင်းရဲသားတို့၏ ကျန်းမာရေး၊ ပညာရေးတို့ကိုလည်း စောင့်ရှောက်ကူညီပေးနေသည့် အလှူရှင်ကြီးတစ်ဦး ဖြစ်နေပြန်သည်။ 

ဘီလ်ဂိတ်စ်သည် မိုက်ခရိုဆော့ဖ်ဆိုသည့် ကွန်ပျူတာဆော့ဖ်ဝဲကုမ္ပဏီကြီးကို ထူထောင်နိုင်ခဲ့သူဖြစ်ရုံမက အခွင့်ကြုံ၍ လူငယ်ကျောင်းသားများကို စကားပြောခွင့်ရလျှင် တန်ဖိုးရှိသော အပြောလေးများကို ထုတ်ဖော်ပြောကြားတတ်ပါသည်။

၂၀၁၇ ခုနှစ်က ဂိတ်စ်သည် Twitter ပေါ်တွင် ကောလိပ်ကျောင်းသို့တက်မည့် ကျောင်းသားများအတွက် အကြံပြုစကားလေးတစ်ခုရေးဖူးသည်။ သူက ကျောင်းသားများကို ဘာသာရပ်သုံးခုကို အဓိကထားပြီး လေ့လာလိုက်စားကြရန် တိုက်တွန်းခြင်းဖြစ်သည်။ သူက ထိုဘာသာရပ်များသည် မတိမ်ကောနိုင်သည့် ပညာရပ်များဟုလည်း ဆိုထားသည်။ 

“ဉာဏ်ရည်တုလို့ ခေါ်တဲ့ AI ပညာ၊ စွမ်းအင်နဲ့ဆိုင်တဲ့ပညာနဲ့ ဇီဝသိပ္ပံဘာသာရပ်တွေကို လေ့လာလိုက်စားကြပါ။ အဲဒီပညာရပ်တွေက မင်းတို့အတွက် အများကြီးပြန်ပြီး သက်ရောက်မှုရှိပါလိမ့်မယ်လို့ ကတိပေးပါတယ်”ဟု ဆိုခဲ့သည်။

ထို့ပြင် သူက “မင်းတို့အနားမှာ စိန်ခေါ်သူတွေ ဝိုင်းနေပါစေ”ဟု ဆိုသည်။ အကောင်းဆုံးဘဝတစ်ခုကို ပိုင်ဆိုင်လိုလျှင် သူက စိန်ခေါ်မှုတွေကို ကိုယ့်အနားတွင် ဝိုင်းနေစေရန် ဖန်တီးကြစေချင်သည်။ ထိုစကားသည် သူနှင့် အခင်မင်ဆုံး မိတ်ဆွေကြီးဖြစ်သည့် ဝါရင်ဘတ်ဖက်၏ ဩဝါဒနှင့်လည်း ဆင်ဆင်ဖြစ်သည်။ ဘတ်ဖက်ကလည်း “မင်းတို့ကို ဝန်းရံထားတဲ့လူတွေရဲ့ ဆန့်ကျင်ဘက်ကို ထွက်ကြည့်ပါ”ဟု ဆိုဖူးသည်။ ဘာလုပ်လုပ် စိန်ခေါ်နေသည်များကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်သုံးသပ်ပြီး ကျော်လွှားကြရမည်သည် ဖြစ်သည်။ 

“ကမ္ဘာကြီးကို ကောင်းလာမယ်ဆိုတာ ယုံကြည်ပြီးတော့ ရှေ့ဆက်ပြီး အကောင်းဆုံးလုပ်နိုင်ပါတယ်”

အလွန်ကောင်းလှသည့် အကြံပေးချက်စကားလေးဖြစ်ပါသည်။ ဂိတ်စ်သည် ကမ္ဘာကြီးတွင် ဆင်းရဲသူများ ပပျောက်လိမ့်မည်ဟု ယုံကြည်နေသူတစ်ဦးဖြစ်သည်။ သူက ကမ္ဘာကြီးကို အကောင်းမြင်ထားပြီး သဘာဝလောကကြီးကို အကောင်းဘက်က ရှုထောင့်ပေါင်းစုံဖြင့် ရှုမြင်ကြည့်ရန် တိုက်တွန်းတတ်သည်။ 

“မင်းတို့အနေနဲ့ ကမ္ဘာကြီးကို ကောင်းလာလိမ့်မယ်လို့ တွေးထားမှ လူတွေရဲ့အကျိုးကို ပိုပြီးတော့ လုပ်နိုင်လိမ့်မယ်” ဟုလည်း သူက အားပေးစကား ပြောကြားထားသည်။

“ဒီလိုပြောလိုက်လို့ ငါတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ပြဿနာတွေကို လျစ်လျူရှုလိုက်ဖို့ ပြောတာမဟုတ်ဘူး။ ဘာဖြစ်ဖြစ် အားလုံးဟာ ဖြေရှင်းနိုင်တာတွေချည်းပဲလို့ ယုံကြည်ထားဖို့ပြောတာ”ဟုလည်း သူကဆိုသည်။

“အကောင်းမြင်စိတ်က မင်းတို့ကို ရှေ့ဆက်နိုင်စေလိမ့်မယ်”

သူက လူငယ်ကျောင်းသားများကို အရာရာအား အကောင်းမြင်စိတ်ဖြင့် ရှုမြင်တတ်ရန်တိုက်တွန်းတတ်သည်။ ၂၀၁၄ ခုနှစ်တွင် သူက စတန်းဖို့ဒ်တက္ကသိုလ်၌ -

“အခြေအနေတစ်ရပ်ဟာ သေရေးရှင်ရေးတမျှ ကြောက်စရာကောင်းနေရင်တောင် အကောင်းမြင်ကြည့်လိုက်ပါ။ အဲဒီစိတ်ဓာတ်က တီထွင်လာစေလိမ့်မယ်။ ခံစားနေရတဲ့ဝေဒနာတွေကို ဖယ်ရှားပေးတဲ့ လက်နက်သစ်တစ်ခု ဖြစ်လာစေလိမ့်မယ်” ဟု ဆိုခဲ့သည်။ ပြီးတော့သူက လူငယ်တွေကို လက်တွေ့ကျကျ ကြည့်မြင်တတ်ရန် အကြံပေးသည်။

“မင်းတို့ ဒုက္ခဝေဒနာတွေကို ခံစားနေရတဲ့သူတွေကို မမြင်ဖူးရင်၊ မင်းတို့အကောင်းမြင်စိတ်တွေကလည်း ဘာမှ ထောက်အကူမဖြစ်နိုင်ဘူး”ဟု ဆိုသည်။ သူပြောချင်သည်က ကမ္ဘာပေါ်တွင် ဒုက္ခရောက်နေသူတွေ များစွာရှိနေသည်။ ဒုက္ခကို မြင်အောင်ကြည့်နိုင်မှ လုပ်ချင်၊ ကိုင်ချင်၊ ကူညီချင်စိတ်တွေ ဝင်လာလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

“ကိုယ့်ခံယူချက်ကို ခိုင်မာပါစေ။ ဒါပေမဲ့ လုပ်ချင်ကိုင်ချင်စိတ် အမြဲမွေးထား”

ဂိတ်စ်သည် ဘဝတစ်သက်တာ လေ့လာသင်ယူနေရမည်ဟု ခံယူထားပြီး ယနေ့တိုင်၊ ဖတ်မှတ်လေ့လာနေသူတစ်ဦးဖြစ်သည်။ သူသည် တစ်နှစ်ကို စာအုပ်ပေါင်း ၅၀ ရအောင်ဖတ်သည်။ သူဖတ်သည့် စာအုပ်တွေကိုလည်း အမြဲတမ်း ကမ္ဘာသိအောင် ချပြတတ်သည်။ သူဘာကြောင့် ထိုစာအုပ်များကို နှစ်သက်ရကြောင်း အမြင်လေးများကို ရေးပြတတ်သည်။ သူက ကိုလမ်ဘီယာတက္ကသိုလ်မှ ကျောင်းသားများကို စကားတစ်ခွန်းပြောဖူးသည်။

“ဘာဖြစ်လာမယ်ဆိုတာ စိတ်ကူးနဲ့ မှန်းဆကြည့်စမ်းပါ။ ကိုယ်မှန်းတဲ့အတိုင်း ဖြစ်မလာဘူးဆိုရင် စဉ်းစားကြည့်ပါ။ ကိုယ်တွေးသလို ဖြစ်မလာတာ ဘာမှားသွားလို့လဲဆိုပြီး သုံးသပ်ကြည့်ပါ” ဟုဆိုသည်။ သူ၏ အဘယ်ကြောင့် စာဖတ်ရသနည်းဆိုသည့် အဖြေဖြစ်သည်။ စာဖတ်ခြင်းဆိုသည်မှာ သူတို့ပြောသည့်အတိုင်း ခံယူလိုက်ရန်မဟုတ်။ ကိုယ့်အတွေး တွေထည့်ကြည့်မည်။ ဆန်းသစ်ကြည့်နိုင်ရမည်။

“ကမ္ဘာကြီးမှာ မျှတမှုမရှိကြောင်း တွေးကြည့်လိုက်ပါ”

ကမ္ဘာပေါ်တွင် ကျန်းမာရေး၊ ပညာရေး၊ ရင်းမြစ်များ လူသားအားလုံးတွင် တစ်ပြေးညီစွာ ရှိမနေပါ။ သူက ၂၀၀၇ ခုနှစ်က ဟားဗတ်မှကျောင်းသားများကို စကားတစ်ခွန်းပြောဖူးသည်။ 

“ဘာကြောင့်ဆိုတာ မင်းတို့မှာ တွေးဖို့ အခွင့်အရေးတစ်ခုရှိပါတယ်။ နည်းပညာ တိုးတက်လာတဲ့ခေတ်ကြီးမှာ ဘာကြောင့် တန်းတူညီမျှ အခွင့်အရေးတွေမရကြောင်း အဖြေရှာဖို့ နည်းလမ်းတွေက အလွယ်လေးပါ။ ရှာဖို့လွယ်သလို ဖြေရှင်းဖို့လည်း လွယ်ပါတယ်” ဟု သူကဆိုသည်။