News

POST TYPE

TIP

ကျိုင်းတုံရှိ ကလေးသူငယ်ပြုစုပျိုးထောင်ရေးသင်တန်း အမျိုးသားများ ပါဝင်တက်ရောက်
07-Mar-2018



ကျိုင်းတုံ၊ မတ် ၆ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မူလတန်းကြိုကျောင်းတွင် မတ်လ ၅ ရက်မှ စတင်ကာ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းဖွင့်လှစ်ခဲ့ရာ ပြည်နယ်တွင်းရှိ မြို့နယ်များမှ အမျိုးသားများအပါအဝင် အယောက် ၄၀ တက်ရောက်ကြောင်း ယင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ခင်ခင်မြင့်က ပြောကြားသည်။

“ဒီသင်တန်းပြီးဆုံးရင် သင်တန်းဆင်းလက်မှတ်ပေးအပ်မှာဖြစ်သလို တစ်နိုင်ငံလုံးမှာရှိတဲ့ ဘယ်မြို့မှာမဆို မူကြိုကျောင်းဖွင့်နိုင်သလို မူကြိုဆရာ၊ ဆရာမလုပ်ခွင့် ရရှိမှာပါ”ဟု ၎င်းက ဆိုသည်။ 

ကျေးရွာတွင် မူလတန်းကြိုကျောင်းဖွင့်လှစ်ထားရာ ယင်းကျောင်းတွင် လုပ်အားပေးဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်လိုသဖြင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းကို တက်ရောက်ခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့နေ တိုင်းရင်းသူတစ်ဦးက ပြောကြားသည်။

အဆိုပါသင်တန်းကို မတ်လ ၅ ရက် မှ ၂၉ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး အမျိုးသားနှစ်ဦးအပါအဝင် ဒေသခံ ၄၀ ဦး တက်ရောက်ပြီး ကလေးသူငယ်များကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဦးနှောက်ပိုင်းဆိုင်ရာ၊ လက်ပိုင်းဆိုင်ရာနှင့် ပေါင်းသင်းဆက်ဆံရေးဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်လာစေရန် စာတွေ့၊ လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း ယင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

R-16