News

POST TYPE

TIP

ဘီလ်ဂိတ်စ် (Bill Gates) ၏ အကောင်းမြင်စိတ်ထား
18-Feb-2018 tagged as ဘီလ်ဂိတ်စ်



ဘီလ်ဂိတ်စ်ဆိုသည့် ပုဂ္ဂိုလ်သည့် ယနေ့ထိတိုင် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းတွင် ပထမနှင့်ဒုတိယ နေရာများက မဆင်းသူဖြစ်သည်။ သူက သူ့ချမ်းသာမှုများကို ယနေ့တိုင် ထိန်းသိမ်းထားနိုင်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ သူ့တွင် စွမ်းအားတွေရှိနေသည်။ ထိုစွမ်းအားနှင့် ငွေတွေရှာနိုင်သည်။ Bill and Melinda Gates ဆိုသည့် ဖောင်ဒေးရှင်းကြီးတစ်ခုကို ဇနီးဖြစ်သူနှင့်တွဲဘက်ပြီး ထူထောင်နိုင်ခဲ့သည်။ သူတို့ထူထောင်ထားသည့် ဖောင်ဒေးရှင်းကြီး ဆင်းရဲသားများလျှော့ချပေးရေး အစီအစဉ်တွေကို လုပ်ဆောင်ပေးနေသည်။ ကမ္ဘာပေါ်တွင် ဆင်းရဲချမ်းသာ မညီမျှမှု၊ ရောဂါဝေဒနာများ ခံစားနေရမှု၊ ပညာရေးကွာဟချက် များနေမှု၊ ငတ်ပြတ်နေမှုများကို သူတို့ကလျော့နည်းစေရန် ကူညီဆောင်ရွက်ပေးနေသည်။ 

တစ်နေ့တွင် သူတို့ဇနီးမောင်နှံကို မေးခွန်းတစ်ခုမေးမြန်းခြင်းခံရသည်။

“ခင်ဗျားတို့မှာ ဒီလိုလုပ်ပိုင်ခွင့်တွေ ရှိနေတာ တရားရဲ့လား”ဟူ၍ ဖြစ်သည်။ 

သူတို့ဇနီးမောင်နှံ နှစ်ဦးစလုံးက“မတရားပါဘူး”ဟု ရိုးသားစွာ ဖြေလိုက်သည်။ 

“ကျွန်မတို့မှာ အများကြီးချမ်းသာ၊ ဘီလီယံနဲ့ချီပြီးရှိနေချိန်မှာ တခြားသူတွေက နည်းနည်းလေးပဲရှိနေကြတာ မတရားပါဘူး။ ကျွန်မတို့ရဲ့ ချမ်းသာဖို့ တံခါးတွေပွင့်လာချိန်မှာ၊ အခြားသော သူတွေရဲ့တံခါးတွေ ပိတ်သွားတာလည်း မတရားပါဘူး”ဟု မလင်ဒါဂိတ်စ်က ဆိုခဲ့သည်။ 

ထို့ကြောင့်လည်း သူတို့က ကမ္ဘာ့ခေါင်းဆောင်များ၏ တောင်းဆိုဖိတ်ခေါ်မှုတိုင်းကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားသည်။ သူတို့တွင် ထိုသို့လုပ်ပိုင်ခွင့်များ ရှိနေခြင်းမှာ ချမ်းသာနေသောကြောင့်ဆိုသည့် အသိမျိုးတွေဖြစ်လာစေရန် ကြိုးစားကြသည်။ သူတို့မှာ မချမ်းသာလျှင် မည်သို့အကူအညီပေးနိုင်ပါမည်နည်း။

ယမန်နှစ်ကလည်း သူတို့ဖောင်ဒေးရှင်း၏ ၁၀ နှစ်မြောက်ထူထောင်ခြင်း နှစ်ပတ်လည်အခမ်းအနားတွင် သူတို့ကို အကောင်းမြင်စိတ်ထားနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ဖူးသည်။ ဂိတ်စ်က -

“အကောင်းမြင် စိတ်ထားတော့ ဘဝကိုဆိုးသွားအောင် မလုပ်မိတော့ဘူးပေါ့။ ဘဝကို အကောင်းဆုံး ဘာတွေလုပ်ပေးနိုင်သလဲဆိုတာ တွေးနေမိတာကပဲ ကျွန်တော်တို့ကို တွန်းအားတွေဖြစ်စေတာပေါ့”ဟု ဆိုခဲ့သည်။

ဂိတ်စ်သည် အလွန်အကောင်းမြင်တတ်သူဖြစ်သည်။ သူက လိုအပ်ချက်တွေကို အမြဲဖြည့်ဆည်းပေးနိုင်ရန် စဉ်းစားနေတတ်သည်။ အနာဂတ်ကို အဆိုးမြင်နေလျှင် သူဘာမှ တီထွင်ဖြစ်မည်မဟုတ်။ အနာဂတ်ကို အကောင်းမြင်ပြီး အကောင်းဆုံး ဘာလုပ်ပေးနိုင်သနည်းဟု စဉ်းစားနေခြင်းက သူ့ကို အောင်မြင်နေစေခြင်းဖြစ်သည်။ သူက -

“ဒီနေ့ မျက်မှောက်ခေတ်သတင်းတွေကို ဖတ်နေရတာ စိတ်ပျက်စရာတွေချည်းပါပဲ။ ဟာရီကိန်း မုန်တိုင်းဒဏ်တွေ ခံနေရတယ်။ အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်တာတွေ ခံနေရတယ်။ အနုမြူလက်နက်တွေနဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခံနေရတယ်။ နိုင်ငံတကာမှာလည်း ပြည်တွင်းစစ်တွေနဲ့ သွေးချောင်းစီးနေရတယ်။ အဖြစ်အပျက်တွေကိုကြည့်လိုက်ရင် စိတ်ထိခိုက်စရာတွေချည်းပဲ။ ခံစားရသူတွေက ခံစားနေရချိန်မှာ ကျွန်တော်တို့က ကံကောင်းစွာနဲ့ အဲဒီလိုဒုက္ခတွေ မခံစားရသေးဘူး။ အဲဒီလို ဖြစ်နေတာကိုက ကမ္ဘာကြီးမှာ ကွဲပြားမှုတွေ ရှိနေပါလား၊ ဘာလုပ်ပေးရရင် ကောင်းမလဲဆိုတာ ဖြစ်ပေါ်လာစေပါတယ်”ဟု သူက သူ၏ အကောင်းမြင်စိတ် ဖြစ်ပေါ်လာပုံနှင့်ပတ်သက်ပြီး ရှင်းပြခဲ့ဖူးသည်။ 

သို့သော် ကမ္ဘာကြီးက ယခင်ကထက်ပိုပြီး သန်စွမ်းကြံ့ခိုင်လာကြောင်းကို

“ဒီလိုဖြစ်ပျက်နေတာတွေဟာ စဉ်းစားတွေးတောပြီး လုပ်ဆောင်ပေးစရာတွေ ပိုများလာစေတဲ့ သဘောပဲ။ ဘာလုပ်ပေးရမလဲဆိုတဲ့ အတွေးတွေ ပိုဖြစ်လာစေသလို၊ ကမ္ဘာကြီးအတွက်လည်း ပိုပြီးတော့ ကောင်းစေလာပါတယ်”ဟု သူက ဆိုသည်။

လူတစ်ယောက်တွင် အကောင်းမြင်စိတ်ထားရှိလာပါက မျက်စိအောက်တွင် ဖြစ်ပျက်နေသည့် သနားစရာအဖြစ်အပျက်များကို လျစ်လျူမရှုနိုင်တော့။ တရားမမျှတဟု ထင်ရသောကိစ္စများအတွက်လည်း ရှောင်ထွက်မသွားတော့ဟု ဂိတ်စ်ကပြောသည်။ လူစိတ်ရှိသူတိုင်း လူသားတိုင်းကို အကူအညီပေးလိုကြသည်။ သနားကြင်နာစိတ် ရှိသူတိုင်း စာနာတတ်သည်။ စာနာထောက်ထားမိလျှင် အကောင်းဆုံးဖြစ်စေရန် လုပ်ဆောင်ပေးမိမည်သာဖြစ်သည်။ 

လူတွေက ကမ္ဘာကြီးကို ဆုတ်ယုတ်ပျက်စီးနေပြီဟု ထင်ကြသည်။ သူကတော့မထင် -

“လူတွေက ကမ္ဘာကြီးကို ဘာဖြစ်လို့ ပျက်စီးနေပြီလို့ ထင်ကြတာလဲ။ သတင်းတွေလောက်ဖတ်နေပြီး ပြောနေကြတာလား။ သတင်းဆိုးတွေက လွမ်းစရာဖြစ်စေသလား၊ သတင်းကောင်းတွေ မရှိတော့ဘူးလား။ လူတွေက သတင်းကောင်းရှာဖတ်ရမှာထက် သတင်းဆိုးတွေကို ရှာဖတ်နေကြတာများတယ်။ မီးလောင်နေတဲ့ သတင်းတွေကိုပဲ စိတ်ဝင်စားပြီးဖတ်နေကြတယ်”ဟု ဆိုသည်။

သူဆိုလိုသည်က ကမ္ဘာကြီးပေါ်တွင် ကောင်းကျိုးပြုနေသည်များ၊ ကောင်းမှုလုပ်နေသည်များ၊ ကောင်းကျိုးဖြစ်နေသည်များ များစွာရှိနေပါလျက် လူသားတို့ကိုယ်တိုင်က အဆိုးကို ပိုမြတ်နိုးပြီး အဆိုးကိုမွေ့လျော်ကြောင်း ထောက်ပြသည်။ အဘယ်ကြောင့် အဆိုးတွင် သာယာနေကြသနည်း။ အကောင်းတွင် မွေ့လျော်သူသာ အကောင်းမြင်စိတ် မွေးမြူနိုင်ကြောင်း သူက ထောက်ပြထားသည်။

ဂိတ်စ် အမြဲလက်ခံထားသည်မှာ စိတ်ထားသည် ပညာရှာဖွေအား၊ ရယူလိုစိတ်များနှင့်လည်း သက်ဆိုင်သည်ဟု ဆိုသည်။ စာများများဖတ်လျှင် အမှားအမှန်ပိုပြီး ခွဲခြားဆင်ခြင်နိုင်သည်။ အကောင်းမြင်စိတ်ထားလိုသူမှာ စာများများဖတ်ရန်သာဖြစ်ကြောင်း သူက ခံယူထားသည်။