News

POST TYPE

TIP

ဘီလ်ဂိတ်စ် (Bill Gates)
17-Feb-2018



ဘီလ်ဂိတ်ကို လူတိုင်းလိုလိုသိကြသည်။ ကွန်ပျူတာသုံးစွဲသူတိုင်း သူနှင့်မကင်းသလို သူ၏အောင်မြင်မှု၊ ရက်ရောသော အလှူဒါနများကြောင့်လည်း လူသိများသည်။ နည်းပညာနှင့် မကင်းသည့်ခေတ်တွင် သူနှင့်မည်သူမှ မကင်းနိုင်အောင်ဖြစ်လာသည်။ သူအဘယ်ကြောင့် အောင်မြင်ခဲ့ရသနည်း၊ အောင်မြင်သူတို့၏ စိတ်ဓာတ်နှင့်စိတ်ထား မည်သို့ရှိသနည်း။

“အမြန်ဆုံးသွားရမှာ နည်းပညာမဟုတ်ဘူးဗျ။ အလေ့အထပါ။ ကိုယ့်အဖွဲ့အစည်းရဲ့ အနေအထားဟာ လူတိုင်းမြန်နိုင်သမျှ မြန်အောင် လှုပ်ရှားမှုအပေါ်မှာ မူတည်နေတယ်ဆိုတဲ့ စိတ်ဓာတ်မျိုးခံယူထားနိုင်မှ အောင်မြင်မှာ” 

အချိန်က ပြောင်းလဲနေသည်။ နည်းပညာကလည်း အမြဲပြောင်းလဲတိုးတက်နေသည်။ ဘီလ်ဂိတ်စ်သည် တီထွင်မှုကို အလွန်စိတ်အားသန်သူ တစ်ဦးဖြစ်သည်။ စမတ်ဖုန်း၊ တက်ဘလက်များအပြင် ဆန်းပြားသည့် ဟိုဗာဘုတ်ကဲ့သို့ ကစားစရာများကို လူတို့တီထွင်နိုင်ခဲ့ကြသည်။ တီထွင်သူများကိုယ်တိုင်က ရပ်တည်ချက်တစ်ခုခုအတွက် တီထွင်လိုစွမ်းမရှိလျှင် အောင်မြင်သောတီထွင်မှုများ ပေါ်ထွက်ရန်မလွယ်ပါ။ 

ဘီလ်ဂိတ်စ်ကိုယ်တိုင်က ဆော့ဖ်ဝဲကုမ္ပဏီကြီး တစ်ခုဖြစ်အောင် တီထွင်မှုပေါင်းများစွာကို ဖြတ်ကျော်ပြီး ကြီးမားသည့် အဖွဲ့အစည်းကြီးတစ်ခုဖြစ်အောင် ရပ်တည်နိုင်စေရန် ကြိုးစားခဲ့သည်။ သူ၏တီထွင်မှုက လူ့ဘောင်အဖွဲ့အစည်းကြီး တစ်ခုလုံးကို အကျိုးပြုနေသည်သာဖြစ်သည်။ တီထွင်အောင်မြင်မှုက ရရှိလာသည့် အကျိုးအမြတ်များကိုလည်း ဇနီးသည်နှင့်အတူ Bill and Melinda Gates Foundation ဆိုသည့် အဖွဲ့အစည်းတစ်ခု ထူထောင်ပြီး လူသားတွေကို ကောင်းကျိုးပြုသည်။ သူက အဖွဲ့အစည်းတိုင်းသည် စိတ်ဓာတ်တွေ မပြုပြင် မပြောင်းလဲနိုင်လျှင် မတိုးတက်၊ ကိုယ့်အဖွဲ့အစည်း၏ အောင်မြင်မှုတစ်ခုသည် လူတိုင်းအပေါ်တွင် တည်နေကြောင်း မခံယူနိုင်သရွေ့ မတိုးတက်နိုင်ဟုလည်း ခံယူထားသူဖြစ်သည်။

“ခင်ဗျားမှာ ငွေဘယ်လောက်ရှာသည်ဖြစ်စေ အချိန်တွေကိုတော့ ဝယ်လို့မရနိုင်ပါဘူး”

အလွန်တန်ဖိုးရှိသည့် စကားဖြစ်သည်။ ဂိတ်စ်က ပြောင်းလဲမှုကို အမြန်ဆုံးလုပ်မှ ဖြစ်မည်ဆိုခြင်းကို လက်ခံသည်။ သို့သော် ငွေနှင့်အရာရာကို မပြောင်းလဲနိုင်ဆိုသည့် သဘောကို သူကောင်းစွာ နားလည်ထားသူဖြစ်သည်။ လူတိုင်းငွေရှာနိုင်သည်။ သို့သော် ကိုယ်ချမ်းသာလာသည့် ငွေကြေးများနှင့် ငါ့ကိုအချိန်တစ်နာရီလောက် ပိုပေးပါဟု သေမင်းထံတွင် တောင်းဆိုခွင့်မရှိပေ။ 

ဂိတ်စ်သည် နေ့တိုင်း သူ့အဖွဲ့များနှင့် အစည်းအဝေးများလုပ်ရာတွင် အချိန်တိုင်းကို သူက အကျိုးရှိစွာ ရင်းနှီးမြှုပ်နှံနေခြင်းဟု သဘောထားသည်။ သူက အကျိုးမရှိသည့် တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်။ သူ၏တွေ့ဆုံမှုတိုင်း၊ ဆွေးနွေးမှုတိုင်းကို အကျိုးရှိဖို့ကိုသာ အလေးထားသည်။ သူ့အတွက်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်ဖြစ်စေ၊ တစ်ခုခုအတွက်ဖြစ်စေ အကျိုးရှိမည့်ကိစ္စများကို အကွက်ချပြီး စီစဉ်လုပ်ဆောင်တတ်သည်။ အချိန်များကို တန်ဖိုးရှိစွာ အကျိုးရှိစွာ စီမံခန့်ခွဲနိုင်ခြင်းကလည်း သူ၏ အောင်မြင်မှုတစ်ခုဖြစ်သည်။

“ကြီးကြီးမားမား အောင်မြင်ချင်ရင်၊ ကြီးကြီးမားမား စွန့်စားနိုင်ရမယ်”

ဂိတ်စ်သည် ရောဘတ်ဖရော့စ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ သူတို့နှစ်ဦးစလုံး အောင်မြင်မှုကို ရှေးရှုသူများဖြစ်ကြသည်။ သူတို့သည် ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်များကို စွန့်စားပြီး အောင်မြင်ခဲ့ကြသူများလည်းဖြစ်သည်။ အောင်မြင်မှုရရန် စိတ်ကူးယဉ်အိပ်မက်တွေ ရှိရမည်။ သို့သော် ထိုစိတ်ကူးက သူများမဖောက်သေးသောလမ်း၊ မလျှောက်သေးသောလမ်းဖြစ်ရန် လိုသည်ဆိုခြင်းကို သူတို့လက်ခံခဲ့ကြသည်။

ဂိတ်စ်သည် ကွန်ပျူတာဆိုသည့် စိတ်ကူးသီအိုရီကို အကောင်အထည်ဖော်နိုင်ခဲ့သူဖြစ်သည်။ သူက သူ့စိတ်ကူးအတွက် ဟားဗတ်ဆိုသည့် ကျောင်းတော်ကြီးက ပေးမည့်ဘွဲ့ကို စွန့်လွှတ်ခဲ့သူဖြစ်သည်။ သူသည် အလွန်အောင်မြင်ချင်သူဖြစ်သည်။ ထို့ကြောင့် သူ့ဘဝတွင် စွန့်စားပြီး ရွေးချယ်မှုကြီးတစ်ခုကို မဖြစ်မနေလုပ်ဆောင်ခဲ့သည်။ ပညာလား တီထွင်မှုလား။ သူရွေးချယ်ခဲ့သည့် စွန့်စားမှုက သူ့ကို သူဌေးဘဝသို့ ပို့ဆောင်ခဲ့သည်။

“မျှော်လင့်ချက်ဆိုတာ အနေထားတစ်ခုကို အကောင်းဆုံးဖြစ်အောင် ပုံစံချပေးတာပဲ။ ယုံကြည်လိုက်ရင် အမှန်တရားဖြစ်လာတာပဲ”

ဂိတ်စ်က သူ့ဘဝတွင် စိတ်ကူးအိပ်မက်တွေနှင့် ပြည့်နေကြောင်း ပြောဖူးသည်။ ထို့ကြောင့် သူက စာတွေဖတ်သည်။ စာမဖတ်ဘဲ သူ့စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည် မဖော်နိုင်ကြောင်း ကောင်းစွာသိထားသည်။ စာဖတ်ခြင်းက ကိုယ်လုပ်ရမည့် အလုပ်ကို အပြီးတိုင် အောင်မြင်နိုင်စွမ်းရှိကြောင်း သူက ခံယူထားသည်။ သူ ကျောင်းကထွက်လိုက်သော်လည်း စာဖတ်ခြင်းကသူ့ဘဝကို ကယ်တင်ခဲ့သည်။

စွန့်ဦးလုပ်ငန်းရှင်ဖြစ်ချင်သူများကို ဂိတ်စ်က မကြာခဏတိုက်တွန်းလေ့ရှိသည်မှာ စာဖတ်ရန်ဖြစ်သည်။ စာဖတ်သူသည် ပါရမီရှင်စိတ်ကူး အတွေးများရလာနိုင်သည်။ 

ထိုအတွေးများက ကိုယ်ဖြစ်ချင်သည်ကို ဖြစ်လာလိမ့်မည်။ ရောက်ချင်သည့် ဘဝကို ရောက်လာလိမ့်မည်ဟု သူကအမြဲခံယူထားသည်။

“ကိုယ့်ကို သဘောမကျတဲ့ ဖောက်သည်တွေများလာလေ၊ ခင်ဗျားမှာ သင်ယူလေ့လာဖို့ အခွင့်အလမ်းတွေ ပိုများလာလေပဲ”

နေ့စဉ်ကိုယ့်ဖောက်သည်များထံက မကျေနပ်သောကြောင့် ပြဿနာရှာသော တိုင်ကြားမှုပေါင်းများစွာ လက်ခံရနိုင်ပါသည်။ ကိုယ့်အမှားတစ်ခုကြောင့် ဖြစ်လာသည့် ကိစ္စတစ်ခုကို အခြားသူများက ထောက်ပြခြင်းအပေါ် လက်ခံရမည်သာဖြစ်သည်။ သူတို့က များများထောက်လေ၊ ကိုယ့်ဘက်က ပြင်ဆင်ရန် အခွင့်အလမ်း များများရလေဖြစ်သည်။ 

ကိုယ့်ဖောက်သည်များ၏ မကျေမနပ်တိုင်တန်းမှုများကို လျစ်လျူရှုရန်မဟုတ်၊ မည်သို့ဖြေရှင်းပေးရမည်ကို အမြဲနည်းလမ်းသစ်များ ရှာဖွေပေးနေရမည်။ သူတို့အပေါ် ဂရုစိုက်လိုက်သည်ဆိုခြင်းက ကိုယ့်အပေါ် တုံ့ပြန်မှုများစွာ ပြန်ရနိုင်ပါသည်။ 

ဂိတ်စ်သည် စိတ်ဓာတ်အလွန်ကြံ့ခိုင်သူ တစ်ဦးဖြစ်သည်။ သူက လူမှုရေးအရဖြစ်စေ၊ လုပ်ငန်းအတွက်ဖြစ်စေ သူ့ကဏ္ဍနှင့်သူ ခွဲခြားထားတတ်သည်။ သူ့ဘဝက တီထွင်မှု ကုမ္ပဏီကြီးတစ်ခုကို ဦးဆောင်နေသူ လုပ်ငန်းရှင်သူဌေးကြီးတစ်ဦး ဖြစ်နေသလို၊ အခြားတစ်ဘက်တွင်လည်း အကျိုးအမြတ်မယူသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းကြီးတစ်ခုကို ထူထောင်ပြီး လူရိုသေ ရှင်ရိုသေ လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်သည်။ တစ်ဖက်ကငွေရှာပြီး တစ်ဖက်တွင် ကောင်းကျိုးအတွက် ထိုငွေများကိုသုံးသည်။ သူ့ကဏ္ဍနှင့်သူ ခွဲလုပ်သည်။

“ကျွန်တော်ကတော့ လူသားကောင်းကျိုး ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ ပိုပိုပြီး စဉ်းစားတော့တယ်”ဟု ဆိုသည်။ သူမှာ ထားစရာမရှိအောင် ချမ်းသာနေသောကြောင့် လူသားကောင်းကျိုးအပြင် အခြားမည်သည့် အကျိုးမှ ထားစရာမလိုကြောင်း စိတ်ထားက သူ့ကိုပိုပြီးလေးစားစရာဖြစ်စေသည်။  


  • VIA