POST TYPE

TIP

ချာလီရှင်း (Charley Shin)
10-Feb-2018

ချာလီရှင်းသည် အသက် ၅၄ နှစ်အရွယ်ရှိနေပြီး အောင်မြင်ကျော်ကြားသည့် ကိုရီးယား-အမေရိကန် လုပ်ငန်းတစ်ခုဖြစ်သော Charleys Philly Steaks စားသောက်ကုန်လုပ်ငန်းကြီးတစ်ခုကို ထူထောင်ထားသူလည်း ဖြစ်သည်။ လွန်ခဲ့သည့် ၃၃ နှစ်ခန့်ကတည်းက အမေရိကန်ပြည်ထောင်စု အိုဟိုင်းအိုးပြည်နယ် ကိုလမ်ဘတ်စ်တွင် ဆင်းဒဝစ်ခ်ျဟုခေါ်သော အသားညှပ်ပေါင်မုန့် စားဖွယ်တစ်မျိုးကို လာရောက်ရောင်းချခဲ့သည်။ ယခုအခါ အမေရိကန်ပြည်ထောင်စု ပြည်နယ် ၄၅ ခုတွင် ဆိုင်ခွဲပေါင်း ၆၀၀ ကို ဖွင့်လှစ်နိုင်ခဲ့ပြီး နိုင်ငံပေါင်း ၁၉ နိုင်ငံတွင်လည်း သူ့မုန့်ဆိုင်များကို ဖွင့်လှစ်နိုင်ခဲ့သည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်ကတည်းက အီတလီစတိုင် ကြက်သားမုန့်များနှင့် ဒိန်ခဲများကို ပေါင်းစပ်ထားသည့် ထူးခြားအရသာရှိသော ဆင်းဒဝစ်ခ်ျမုန့်ကို တီထွင်နိုင်ခဲ့သဖြင့် လူကြိုက်များပြီး အရောင်း ၇ ရာခိုင်နှုန်း တက်သွားခဲ့သည်။ ၂၀၁၇ ခုနှစ်က သူ့လုပ်ငန်းပိုင်ဆိုင်မှုကလည်း ဒေါ်လာ သန်း ၅၀၀ ခန့် ထိုးတက်သွားခဲ့တော့သည်။

ချာလီက သူထုတ်လုပ်သည့် မုန့်များကို ဒေသဆိုင်ရာ စတိုးဆိုင်ကြီးများတွင် လည်းကောင်း၊ လေဆိပ်နှင့်စစ်တပ်များတွင် လည်းကောင်း အသင့်စားသုံးနိုင်ရန် စီစဉ်ပေးလိုက်နိုင်သောကြောင့် ဈေးကွက်နေရာ ၅၀၃ နေရာခန့် ရသွားခဲ့သည်။ အာရပ်စော်ဘွားများနိုင်ငံတွင် ဆိုင်ခွဲ ၂၄ ခုနှင့် ဆော်ဒီအာရေးဘီးယားနိုင်ငံတွင် ဆိုင်ခွဲ ၁၀ ခု ဖွင့်နိုင်သည်အထိ ဈေးကွက်ကို ထပ်ချဲ့နိုင်ခဲ့သည်။ အာရှတွင် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများ၌ ဆိုင်ခွဲငါးခုစီ ဖွင့်လှစ်ထားသည်။ အမေရိက ပြည်ပဈေးကွက်အဖြစ် စတိုးဆိုင်ကြီးများနှင့် စစ်စခန်းများတွင် သူ့မုန့်ဆိုင်များကို ဖွင့်လှစ်ထားသည်။

“ကျွန်တော့်ပန်းတိုင်ကတော့ ချာလီဆိုတဲ့ဆိုင်တွေကို စတိုးဆိုင်ပေါင်း ၃၀၀၀ လောက်မှာ ဖွင့်လှစ်နိုင်ဖို့ပဲ”ဟု သူက ဆိုသည်။ 

သူ့ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မွေးဖွားသည်။ အမေရိကန်ပြည်ထောင်စုသို့ အသက် ၁၃ နှစ်သားအရွယ်တွင် သူ့အစ်မနှင့်အတူ ထွက်လာသည်။ သူ့မိခင်က အမေရိကကို လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက ရောက်နေပြီး ကိုလမ်ဘတ်စ်တွင် ညီမတစ်ယောက်နှင့် အခြေချနေထိုင်သည်။ မိခင်က သားနှင့်သမီးကို အမေရိကသို့ခေါ်ပြီး စိတ်ကူးအိပ်မက်တွေကို ထုတ်ခိုင်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ချာလီက-

“ကျွန်တော့် အောင်မြင်မှုတွေဟာ ကျွန်တော့်အမေရဲ့ မေတ္တာတွေနဲ့ ကျွန်တော်တို့ကို ဂရုစိုက်စောင့်ရှောက်မှုတွေအပေါ်မှာ မူတည်ခဲ့ပါတယ်”ဟု ပြောပြသည်။

သူ့ကို Ohio State University က လက်ခံခဲ့သည်။ တက္ကသိုလ်တွင် စီးပွားရေးစီမံအုပ်ချုပ်မှုဆိုင်ရာ ဘာသာရပ်ကို အထူးပြု လေ့လာသင်ယူခဲ့သည်။ သူစိတ်ဝင်စားစွာ လေ့လာခဲ့သည်က ဘဏ္ဍာရေးနှင့် အိုးအိမ်ဆိုင်ရာ ပညာရပ်များဖြစ်သည်။ ကျောင်းတက်ရင်း ပန်းကန်ဆေးအလုပ်ကို လုပ်ရသည်။ ပန်းကန်ဆေးရင်း အသားကင်နှင့် ဒိန်ခဲတို့ စီစဉ်ဖန်တီးထားသည့် အစားအစာများကို လေ့လာမိသည်။ ယင်းလေ့လာမှုက သူ့ဘဝကို အပြောင်းအလဲဖြစ်စေခဲ့သည်။

“ကျွန်တော်က အဲဒီအစားအစာတွေကို သိပ်သဘောကျတယ်။ ဆင်းဒဝစ်ခ်ျတွေကို ပိုပြီးတော့ကြိုက်တယ်” သူက သူတွေ့ဖူးသည့် အစားအစာတွေကို အခြေခံပြီး အိမ်တွင် ပြန်လုပ်စားတတ်သည်။ 

“ကျွန်တော့်အိမ်မှာ ဒယ်အိုးသေးသေးလေးတစ်ခု ထားတယ်။ ကျွန်တော်တီထွင်ထားတဲ့ ဒိန်ခဲနဲ့ ကြော်ထားတဲ့ အသားတွေ၊ မုန့်တွေကို သူငယ်ချင်းတွေကို လုပ်ကျွေးကြည့်တယ်။ သူတို့က အရမ်းသဘောကျကြတယ်”ဟု ဆိုသည်။

အသားထဲကို ကြက်သွန်နီထည့်ပြီး တကျွတ်ကျွတ် ဝါးစားရသည့်အရသာမျိုးသည် ကိုရီးယားအစားအစာတစ်မျိုးဖြစ်သော ဘူဂိုဂီနှင့် ဆင်သည်။ မုန့်ကြားတွင် အသားပါးပါးလေးတွေ ညှပ်ပြီးထည့်ပေးကာ ကြက်သွန်နှင့် ပြုပြင်ထားသည့် ဆင်းဒဝစ်ခ်ျမျိုးကို သူစမ်းသပ်ပြီး ထုတ်လုပ်ကြည့်သည်။ လုပ်ငန်းကို စတင်ချိန်တွင် မိခင်ကလည်း သူ့ကိုကူညီခဲ့သည်။ မိခင်က သူစုဆောင်းထားသည့် ဒေါ်လာ ၄၈၀၀၀ ကို သားအားယုံကြည်စွာဖြင့် လုပ်ငန်းအတွက် အသုံးပြုရန် ထုတ်ပေးသည်။ 

“အမေက ဆင်းဒဝစ်ခ်ျအကြောင်း ဘာမှသိတာမဟုတ်ဘူးဗျ။ ဒါပေမဲ့ သူက သူ့ရဲ့တစ်ဦးတည်းသော သားလေးအပေါ်မှာ ယုံကြည်ပေးခဲ့တယ်လေ”ဟု ဆိုသည်။

နောက်ထပ် ဒေါ်လာ ၃၀၀၀ သူ့ဦးလေးထံက ထပ်ရသည်။ ၁၉၈၆ ခုနှစ်တွင် ကျောင်းလည်းပြီးပြီဖြစ်သောကြောင့် လုပ်ငန်းကို စတင်ရန် ပြင်ဆင်တော့သည်။ 

သူ့ပထမဆုံးဆိုင်ကို တက္ကသိုလ်ဝင်းထဲတွင် သွားဖွင့်သည်။ ထိုအတွေ့အကြုံကို သူက - 

“ပထမဆုံးဖွင့်တဲ့ဆိုင်က နံရံလေးဘေးမှာ ကားနှစ်စီးရပ်စာလောက်ပဲ နေရာရတယ်။ အဲဒီနေရာလေးကနေ ကျွန်တော် အောင်မြင်အောင် စတင်ခဲ့ရတာ”ဟု ရှင်းပြသည်။

သူက ဆင်းဒဝစ်ခ်ျထဲတွင် ထည့်သည့်အမည်များကို သန့်ရှင်းလတ်ဆတ်စေရန် ဂရုထားသည်။ အသားကိုလည်း တကယ့်အကောင်းဆုံး အသုံးပြုသည်။ ဈေးနှုန်းကလည်း သက်သာစွာရောင်းပေးသဖြင့် ငွေချွေတာနေကြရသော တက္ကသိုလ်ကျောင်းသားများအတွက် အကြိုက်ဖြစ်ခဲ့ရသည်။ 

“ကျွန်တော်က အဲဒီအချိန်က ငယ်လည်းငယ်သေးတယ်။ ကျွန်တော်ဖြစ်ချင်တာက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ပါ”

ချာလီက အနာဂတ်ကို အများကြီးမျှော်မှန်းထားသည်။ အကောင်းဆုံးလုပ်သည်။ ကောလိပ်ကျောင်းများထဲတွင် ဆိုင်ခွဲတွေ ဆက်ဖွင့်နိုင်သည်အထိ အောင်မြင်လာသည်။ နောက်ပိုင်း ပြည်နယ်များတွင် ဆိုင်ခွဲများဖွင့်၊ နိုင်ငံရပ်ခြားတွင် ဆိုင်ခွဲတွေဖွင့်ပြီး တဖြည်းဖြည်း အောင်မြင်လာခဲ့သည်။ ကြိုးစားမှု၊ ရိုးသားမှုနှင့် စေတနာများကို စတင်ခံစားခွင့် ရနေပြီဖြစ်သည်။ 

“ကျွန်တော် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကျွန်တော့်ဆိုင်ခွဲ ဖွင့်ချင်ပါတယ်ဆိုပြီး လာတောင်းဆိုသူပေါင်းများစွာနဲ့ အင်တာဗျူးဖူးတယ်။ ကျွန်တော့်ကို လာတွေ့တဲ့သူတွေထဲမှာ ကောင်းကောင်းဝတ်စားလာပြီး ဟန်ကြီးပန်ကြီးနိုင်တဲ့ ကောင်တွေက သိပ်အလုပ်မဖြစ်တာ တွေ့ရတယ်။ လူတစ်ယောက်မှာ အရေးကြီးတာ အဝတ်အစားမဟုတ်ပါဘူး။ အကျင့်စာရိတ္တပါ”ဟု သူက ဆိုသည်။ 

“သတ္တိရှိဖို့ဆိုတာ သိပ်ခက်တယ်။ လှေမှောက်လုနီးပါးဖြစ်နေချိန်မှာ စိတ်သက်သောင့်သက်သာနဲ့ နေဖို့ဆိုတာ မလွယ်ဘူးဗျ”ဟု သူက ဆိုသည်။

  • VIA